ပြည်သူများနှင့်ကမ္ဘာ့ဖလားကြည့်ခွင့်

ပို့စ်တင်ချိန် - 6/13/2014 01:01:00 PM



နေ့ မနက်စောစောမှာပဲ ကမ္ဘာပေါ်တွင်ဘောလုံးပရိသတ်စိတ်ဝင်စားမှုအများဆုံး၊ အားပေးမှုအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို  ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိနေသည့် ကြားကပင် ဘရာဇီးနိုင်ငံ၌ စတင်ကျင်းပနေပြီဖြစ်သည်။ အဖွင့်ပွဲအဖြစ် နာမည်ကြီးအိမ်ရှင်ဘရာဇီး နှင့် ခရိုအေးရှားတို့ပွဲယှဉ်ပြိုင်ပြီး သွားပြီဖြစ်သည်။ ငွေကြေးတတ်နိုင်သူတို့က ဘရာဇီးနိုင်ငံအထိ ကိုယ်တိုင်သွားရောက်ကာ ခမ်းနားကြီးကျယ်လှသည့် ကမ္ဘာ့ဖလားပွဲကြီးတွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်သလို ကမ္ဘာအရပ်ရပ်မှသန်းပေါင်းများစွာသော လူထုကြီးကလည်း ရုပ်မြင်သံကြားဖန်သားပြင်ရှေ့မှာ၊ လမ်းထောင့်တွေမှာပြသထားတဲ့ LED ဘုတ်ကြီးတွေရဲ့ရှေ့မှာ စောင့်ကြည့်အားပေးနေကြလိမ့်မည်။

ပရီးမီးယားလိဂ်လို၊ လာလီ ဂါလို၊ ဘွန်ဒက်စ်လီဂါလိုနိုင်ငံအလိုက်ကျင်းပသည့် ဘောလုံးပွဲ များကိုသာစိတ်မဝင်စားသူ၊ မကြည့်ချင်သူရှိလိမ့်မည်။ လေးနှစ်မှတစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလားလိုပွဲမျိုးကိုတော့ စိတ်မဝင်စားသူ၊ မကြည့်ချင်သူမရှိသလောက်နည်းလိမ့်မည်ထင်၏။ ပြိုင်ပွဲနီးလာလေကမ္ဘာ့ဖလားနှင့် ပတ်သက်သည့်သတင်းဝရင်းများကို ပို၍နားစွင့်မိလေဖြစ်၏။ အထူးသဖြင့် ဘောလုံးဝါသနာပိုးရှိသည့် သူများကပိုဆိုးကြသည်။ ပြင်သစ်အသင်းမှာ နာဆရီကမပါဘူး။  ရီဘာရီက ဒဏ်ရာကြောင့်ကျန်ခဲ့ပြန်ပြီ။ အင်္ဂလန်အသင်းမှာလည်းမှာလည်း ဝဲလ်ကော့မပါဘူး။ စသဖြင့် ကိုယ်နှစ်သက်သည့် ဘောလုံးသမားများကို ကမ္ဘာ့ဖလားမှာမြင်တွေ့ခွင့်မရနိုင်တော့သဖြင့် စိတ်မကောင်းဖြစ်မိကြ၏။

သည်လိုနှင့် ပြိုင်ပွဲကြီး တဖြည်းဖြည်းနီးလာချိန်မှာ ကြားလိုက်ရသည့် သတင်းတစ်ခုကြောင့်စိတ်မကောင်းဖြစ်သည်ဆိုတာထက် ကမ္ဘာ့ဖလားပွဲကြည့်ဖို့အားခဲထားသည့်ကျွန်တော်တို့ ဝါသနာအိုးများမှာ အကြီးအကျယ်စိတ်ဓာတ်ကျသွားရသည်။ ကျွန်တော်တို့မျှော်လင့်ထားသည်က ကမ္ဘာ့ဖလားပွဲစဉ်များကို အရင်တုန်းကလိုပဲ MRTV တို့၊ မြဝတီတို့ကနေ ပြည်သူတွေ အခမဲ့ကြည့်ခွင့်ရအောင် ထုတ်လွှင့်ပေးလိမ့်မည်ဟုမျှော်လင့်ထားသည်။ ပွဲစဉ်အကုန်လုံးမဟုတ်တောင် ဖွင့်ပွဲ၊ ပိတ်ပွဲ၊ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲလောက်တော့ ကြည့်ခွင့်ရမည်ဟုထင်ထား၏။ ယခုမူ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို  ထုတ်လွှင့်ပြသခွင့်အတွက် ပြည်တွင်းရုပ်သံလိုင်းကြီးတစ်ခုက စာချုပ်ချုပ်ဆိုဝယ်ယူလိုက်ပြီဆိုသဖြင့် အခမဲ့လိုင်းများမလွှင့်တော့သောကြောင့် ကျွန်တော်တို့ ပြည်သူအများစု၏ ကမ္ဘာ့ဖလား  ကြည့်ခွင့်အိပ်မက်လေးပျက်ပြယ်သွားရလေပြီ။

ဟိုအရင်တုန်းကလည်း စနေ(သို့မဟုတ်) တနင်္ဂနွေတစ် ရက်တော့ ပရီးမီးယားလိဂ်ပွဲတစ် ပွဲ MRTV မှလာနေသေးသည်။ ပြီးခဲ့သည့်နှစ်ကစ၍ ထိုရုပ်သံလိုင်းကြီးက တစ်ဦးတည်းမူပိုင်ပြသခွင့် စာချုပ်ချုပ်လိုက်သဖြင့် အင်တာ နာသာရှိသည့် သာမန်ပြည်သူများ မှာ ပရီးမီးယားလိဂ်နှင့် အဆက် ပြတ်ခဲ့ရ၏။ ယခုလည်း ကမ္ဘာ့ ဖလားပွဲနှင့် ကျွန်တော်တို့ပြည်သူ တွေ လွဲကိန်းကြုံနေပြီ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ သည်လိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားသည့်ကမ္ဘာ့ဖလားပွဲလိုဟာမျိုးကို သူတို့ပြည်သူတွေ အခမဲ့ကြည့်ရှုခွင့်ရအောင်ဖန်တီးပေးနေချိန်မှာ ကျွန်တော်တို့အစိုးရကတော့ သာမန်ပြည်သူတွေရဲ့ ခံစားချက်ကိုနားလည် မပေး။ သူတို့အိမ်တွေမှာ ကြည့်ခွင့်ရနေတော့ သာမန်ပြည်သူတွေအတွက် ထည့်တောင်စဉ်းစားပါရဲ့လားမသိ။ ထို့အပြင် ကမ္ဘာ့ဖလားမှာ ကမ္ဘာတစ်ဝန်းပရိသတ်များ ကြည့်ရှုနိုင်ရန်မည်သည့် ကုမ္ပဏီကထုတ်လွှင့်ခွင့်ဝယ်ယူပါ စေ။ ပွဲအချို့ အခမဲ့ပြသရမည်ဆို သော သတ်မှတ်ချက်ရှိသည်ဟု ကြားဖူးသည်။ အခုတော့ MRTV၊ မြဝတီ၊ MRTV-4တို့က မပြနိုင် တော့ဟုဆို၍ ပြည်သူများအတွက်ခွဲတမ်းဘယ်မှာလဲဟုသိလိုသည်။

တကယ်တော့ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်း ကျွန်တော်တို့မှာ နိုင်ငံ တကာကပြည်သူတွေလို တူတူ တန်တန်ကြည့်ခွင့်ရသည်မဟုတ် ခဲ့။ ၁၉၈၂၊ ၁၉၈၆ ကာလများက ဆိုလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလို့ ၁၅ ရက်၊ ရက် ၂၀ လောက်ကြာမှ တိပ်ခွေကြီးတွေနှင့်ဖမ်းထား သည့်ဘောလုံးပွဲကို ရုပ်ရှင်တိပ်ခွေငှားသလို အငှားဆိုင်မှာငှားကြည့်ရသည်။ ဒါတောင် ပေါ်ပေါ် ထင်ထင်မဟုတ်။ နိုင်ငံခြားရုပ်ရှင် ကားပြသခွင့်ဥပဒေနှင့် ငြိစွန်းနေသဖြင့် တိုးတိုးတိတ်တိတ်ငှား ကြည့်ခဲ့ရ၏။ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်နှင့်အာဂျင်တီးနားတို့ပွဲတွင် မာရာဒိုနာလက်နှင့်ပုတ် သွင်းသောဂိုးကို ဒိုင်မမြင်လိုက်၍ ဂိုးပေးလိုက်ရသည်ဟူသော သတင်းက သတင်းစာတွေထဲဖတ် ပြီးပြီ။ ဘယ်လိုများသွင်းလိုက်သလဲဆိုတာသိချင်၍ အခွေငှားဆိုင်မှာ ကြိုတင်မှာထားပြီးတောင်ကြည့်ခဲ့ရ၏။

၁၉၉၀ပြည့်နှစ်မှာတော့ အရင်လိုပြိုင်ပွဲပြီးအထိမစောင့် ရသော်လည်း တိုက်ရိုက်တော့မကြည့်ရသေး။ တိုးချောင်လေး ဝန်ထမ်းများ၏ကျေးဇူးဖြင့် ကန်ပြီးတစ်ရက်၊ နှစ်ရက်အတွင်း ဘောလုံးပွဲ အခွေတွေထွက်လာသည်။ ၁၉၉၄မှာတော့ MRTVက အချို့ပွဲ များကို တိုက်ရိုက်လွှင့်ပေးသည်။ အချို့ပွဲများကိုကန်ပြီး နောက်တစ်နေ့ညနေ ၄ နာရီမှာပြန်လွှင့်ပေးသည်။ အရင်ထက်စာလျှင် အဆင်ပြေလာသည်ဆိုနိုင်သော်လည်း ညနေ ၄ နာရီမှာပြန်လွှင့်သည့်ပွဲများကို ပွဲချိန်အပြည့်မလွှင့်ဘဲ ဖြတ်ဖြတ်ပြီးလွှင့်သဖြင့် ဘောလုံးပွဲ၏ ရသအပြည့်အဝမခံစားခဲ့ရချေ။

၁၉၉၈ ခုနှစ်နောက်ပိုင်းတွေ မှာတော့ ပွဲစဉ်အတော်များများကို အခမဲ့ကြည့်ခွင့်ရသော်လည်း ပွဲစဉ်အားလုံးကိုတော့ ထုတ်လွှင့်မပေးနိုင်ခဲ့။ ကိစ္စမရှိပါ။ ကျွန်တော်တို့ပြည်သူများကလည်း ရောင့်ရဲနိုင် ကြပါသည်။ သည်လောက်ထုတ် လွှင့်ပေးသည်ကိုပဲ အစိုးရအပေါ် ကျေးဇူးတင်လှပါသည်။  ယခု ၂၀၁၄ ခုနှစ်တွင်မူ အစိုးရကိုယ် တိုင်က ဒီမိုကရေစီစနစ်ကို ဖော် ဆောင်နေပါသည်။ ပြည်သူတို့၏ လိုအင်ဆန္ဒကိုဖြည့်ဆည်းဆောင် ရွက်ပေးနေပါသည်ဟု ကြွေး ကြော်ပြီးမှ နိုင်ငံတကာမှာအခမဲ့ ကြည့်ခွင့်ရနေသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျွန်တော်တို့ပြည်သူ တွေ အခမဲ့ကြည့်ခွင့်မရဘူးဆို လျှင် ပြည်သူအပေါ်ထားသည့် အစိုးရ၏ စေတနာကိုမေးခွန်း ထုတ်ရန်သာရှိတော့၏။

တစ်ဦးတည်းမူပိုင်ပြသခွင့် ရထားသည့် ရုပ်သံလိုင်းမှ တာဝန် ရှိသူတစ်ဦးကတော့ဆိုသည်။ ‘ကမ္ဘာ့ဖလားမှဖွင့်ပွဲရယ်၊ ဆီမီး ဖိုင်နယ်နဲ့ပွဲစဉ်တွေစတဲ့ပွဲ ၂၀ လောက်ကို MNTV လိုင်းမှာ အခ မဲ့ပြသပေးမယ့် အစီအစဉ်တွေရှိ ပါတယ်’ဟုဆိုသည်။ သူပြော သည့် MNTV လိုင်းက ထိုရုပ်သံ လိုင်း၏ ဖမ်းစက်ဝယ်ယူတပ်ဆင် မထားလျှင် ဖမ်းယူကြည့်ရှု၍မရ။ ထိုဖမ်းစက်အပါအဝင် စလောင်း ရောတပ်ဆင်ခပါ အနည်းဆုံးကျပ်တစ်သိန်းဝန်းကျင်မကုန်ဘဲနှင့် MNTV လိုင်းဖမ်း၍မရချေ။ ထို့ကြောင့် MNTV လိုင်းမှထုတ် လွှင့်ပေးခြင်းကို အခမဲ့ဟုပြော၍ မရပေ။

အစိုးရအနေဖြင့် ယခုကမ္ဘာ့ ဖလားပြိုင်ပွဲများကို ပြည်သူများ အား အခမဲ့ကြည့်ရှုခွင့်ရစေလို လျှင် အင်တာနာဖြင့်ဖမ်းယူကြည့် ရှုနိုင်အောင် စီစဉ်ပေးဖို့လိုပါသည် ။အများနှင့်သက်ဆိုင်သော ယခုလို ကမ္ဘာ့ဖလားပွဲမျိုးကို အများပြည် သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ပြောင်းတော့မည့် နိုင်ငံပိုင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်နိုင် အောင်ကြိုးစားရပါမည်။ ပွဲစဉ် အားလုံးမဟုတ်သည့်တိုင် အရေး ကြီးသည့်ပွဲစဉ်များကို မူပိုင်ခွင့်ရ ထားသည့်ရုပ်သံလိုင်းနှင့် ညှိနှိုင်း ၍ဖြစ်စေ ထုတ်လွှင့်နိုင်အောင် ကြိုးစားသင့်ပါသည်။ သို့မှသာ အများပြည်သူဝန်ဆောင်မှုမီဒီ ယာပီသပါမည်။

ယခုဆောင်းပါးဖော်ပြချိန် တွင် ပွဲစဉ်အချို့လွတ်ကောင်း လွတ်သွားနိုင်သော်လည်း အရေး ကြီးပွဲစဉ်များစွာကျန်နေပါသေး သည်။ အင်တာနာဖိုးသာတတ် နိုင်သည့်ကျွန်တော်တို့ပြည်သူ အများစုက အနူးအညွတ်တောင်း ဆိုပါသည်။ ကိုယ့်အိမ်နီးချင်းတိုင်း ပြည်များမှာပင် ကမ္ဘာ့ဖလားပွဲကို အခမဲ့ကြည့်ခွင့်ရနေကြပါသည်။

၂၁ ရာစု ကမ္ဘာကြီးထဲမှာ ကမ္ဘာ့ဖလားအနိုင်အရှုံးသတင်း ကို ရေဒီယိုလေးဖွင့်ပြီး နားမစွင့် ပါရစေနဲ့ဟုသာပြောလိုပါသည်။

7DayDaily