ပညာရေးဝန်ကြီးဌာနနှင့် ဒေါက်တာကျင်ဌေးအမှု ၀န်ကြီးဌာနရှုံး

ပို့စ်တင်ချိန် - 6/13/2014 12:41:00 PM


photo credit- kamaryut media

ပညာရေးဝန်ကြီးဌာန နှင့် ဖြစ်ပွားနေသော အမှုအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူးဒေါက်တာဒေါ်ကျင်ဌေးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးသော အမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပထမဆုံးအကြိမ်အဖြစ် အစိုးရအာဏာပိုင် အဖွဲ့အစည်းဖြစ်သော ၀န်ကြီးဌာနနှင့် ဌာန၀န်ထမ်းတို့ ထိပ်တိုက်အမှုရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဌာန၀န်ထမ်းက အနိုင်ရလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်ကျင်ဌေး၏ ရှေ့နေက ပြောသည်။

ကွယ်လွန်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လက်ထက်တွင် မယူမနေရ ပင်စင်ဖြင့် အရေးယူ အပြစ်ပေးခံရခြင်းကြောင့် မတရားချမှတ်ထားသော အမိန့်ကို ပယ်ဖျက်ပေးရန် ဒေါက်တာကျင်ဌေးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်  စာချွန်တော် တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စစ်ဆေးကာ ယခုနှစ် ဇွန် လ ၉ ရက်တွင် ဒေါက်တာကျင်ဌေးအား မယူမနေရ ပင်စင်ပေးသော အမိန့်ကို ပယ်ဖျက်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

‘‘ပညာရေးဝန်ကြီးဌာနက ချ မှတ်ထားတဲ့ အမိန့်ကို ပယ်ဖျက်တဲ့ အာဏာပေးစာချွန်တော် အမိန့်ချမှတ်လိုက်တာပါ။ ဒီလိုဆုံး ဖြတ်ချက်ချလိုက်တဲ့အတွက် တရားစီရင်ရေးကို ၀မ်းသာကျေနပ်မိပါတယ်။ ဒေါက်တာကျင်ဌေးကို ၀န်ကြီးဌာနမှ ချမှတ်ထားတဲ့အမိန့်က ၀န်ကြီးဌာနအပြင် သမ္မတရုံးက အတည်ပြုထားတဲ့ အမိန့်ဆိုတော့ ပြင်ဖို့မလွယ်ပါဘူး။ ၀န်ထမ်းတွေအပေါ် အထက်အာဏာပိုင်တွေက လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ ပေါ်လွင်သွားတာပေါ့’’ ဟု ၎င်း၏ ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

 ဒေါက်တာဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက် ပြည့်ရန် လေးနှစ်အလိုဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် နိုင်ငံ့ဝန်ထမ်းဥပဒေအရ မယူမနေရ ပင်စင်ပေးခံရခြင်း ဖြစ်သည်။

‘‘မယူမနေရ  ပင်စင်ပေးတုန်းက လုပ်သက်ပြည့်ဖို့ လေးနှစ်လိုသေးတယ်။  အခု အမှုရင်ဆိုင်တာနဲ့ဆိုတော့ သုံးနှစ်လောက်ပဲ လိုတော့တယ်။ အပြစ်မရှိလို့ အမိန့်ချလိုက်တဲ့အတွက် ၀န်ကြီးဌာနမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဥပဒေအရ ဆောင်ရွက်မယ်။ ဂုဏ်သိက္ခာအတွက် အလုပ်ပြန်ဝင်ပါမယ်’’ ဟု ဒေါက်တာကျင်ဌေးက ပြောသည်။

ပညာရေးဝန်ကြီးဌာနက မယူမနေရပင်စင် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် နစ်နာခဲ့ရမှုများနှင့် မတရားဆုံးဖြတ်ခဲ့မှုများအပေါ် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် ရှေ့နေနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း ၎င်းက ဆိုသည်။
နေလင်းထွန်း
7day daily