လုပ်ငန်းခွင်အတွင်း လက်လေးချောင်ပြတ်၍ နစ်နာကြေးပေးရန် ညှိနှိုင်းမှု အလုပ်ရှင်ဘက်က လာရန်ပျက်ကွက်

ပို့စ်တင်ချိန် - 6/13/2014 10:00:00 AM


ရန်ကုန်၊ မဇ္ဈိမ။ ။ ရွှေအာရှမန်ကျည်းစက်ရုံက လုပ်ငန်းခွင်အတွင်း မန်ကျည်းသီးကြိတ်စက်ထဲ လက်ဝင်ကာ လက်ပြတ်သွားသည့် အလုပ်သမား၏ နစ်နာကြေးအတွက် ညှိနှိုင်းဖြေရှင်းရန် မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ချိန်းဆိုထားသော်လည်း အလုပ်ရှင်ဘက်မှ လာရောက်ရန် ပျက်ကွက်ခဲ့သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး ဆောင်ရွက်သူ မမာမာဦးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်က ညာဘက်လက်ပြတ်သွားတော့ ကျွန်တော့်ဘဝတစ်ခုလုံး ဆုံးရှုံးသွားသလိုပါပဲ၊ အခုလူမှုဖူလုံရေးက တာဝန်ရှိသူက ဆေးမှတ်တမ်းတွေကို ကြည့်တယ်၊ ဒီနေ့ညှိပေးမယ်ဆိုပြီး တစ်နာရီခေါ်ထားတယ် အလုပ်ရှင်ဘက်က မလားဘူး” ဟု ကိုဇင်နိုင်ဦးက ပြောသည်။

အလုပ်ခွင်အတွင်း ဖြစ်ပွားခဲ့သည့် ထိခိုက်မှုအတွက် နစ်နာကြေး သိန်း(၅ဝ) ပေးရန် ကိုဇင်နိုင်ဦးက တောင်းဆိုထားသည်။

လျော်ကြေးအတွက် ညှိနှိုင်းရန် အရှေ့ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အလုပ်ရှင်နှင့် အလုပ်သမား ကိုဇင်နိုင်ဦးတို့ အပါအဝင် ကူညီဆောင်ရွက်ပေးနေသည့် ၈၈မျိုးဆက် အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ မမာမာဦးတို့ ချိန်းဆိုထားသော်လည်း အလုပ်ရှင်ဘက်က ရောက်မလာခြင်းဖြစ်သည်။

“အစိုးရဘက်က လုပ်ငန်းရှင်ကိုခေါ်တယ်။ အလုပ်ရှင်ဘက်က ဥပဒေကို လေးစားလိုက်နာမှုမရှိဘူ။ အမတို့ရုံးကို ကိုဇင်နိုင်မိုး အကူညီ တောင်းတဲ့ အချိန်က အလုပ်ရှင်ဘက်က ရှောင်နေတယ်။ လျော်ကြေး မပေးချင်လို့ ရှောင်နေတယ်လို့မြင်တယ်” ဟု မမာမာဦးက ပြောသည်။

ဒဂုံအရှေ့ပိုင်း၊ အမှတ်(၁၆၁)အင်းဝလမ်း၊ ရွှေအာရှမန်ကျည်းသီးစက်ရုံမှ နေ့စားအလုပ်သမား ကိုဇင်နိုင်ဦးသည် ဧပြီလ ၄ရက်က လုပ်ငန်းခွင်အတွင်း မန်ကျည်းသီးကြိတ်စက်ထဲသို့ ညာဘက်လက်ချောင်း လေးချောင်း ပါသွားခဲ့ရာ လက်ချောင်းလေးချောင်းလုံး ဆုံးရှုံးခဲ့ရသည်။ ယင်းအတွက် အလုပ်ရှင်ဘက်မှ သင်္ကန်ကျွန်း စံပြဆေးရုံတွင် ဆေးကုသပေးခဲ့သည်။

“လေးရက်မြောက်နေ့မှာ စက်ရုံတာဝန်ခံ (၂) ဦးခင်အောင်ဝင်းက အလုပ်သမားနစ်နာကြေးရအောင်ဆိုပြီး လူမှုဖူလုံခွင့် လက်မှတ်လုပ်ပေးဖို့ဆို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်” ဟု ကိုဇင်နိုင်ဦးက ကပြောသည်။

လူမှုဖူလုံရေးကတ်ကို အလုပ်ရှင်က လုပ်ပေးရမည်ဖြစ်ပြီး အလုပ်သမားဘက်က လစဉ် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ ယင်းအပြင် ကတ်ရရှိပြီး ခြောက်လပြည့်မှသာ အလုပ်သမားဘက်က အကျိုးခံစားခွင့်ကို ရရှိနိုင်မည်ဟု မမာမာဦးက ရှင်းပြသည်။ ကိုဇင်နိုင်ဦးသည် ရွှေအာရှမန်ကျည်းစက်ရုံတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ဆေးရုံတက်သည့်နေ့မှသာ အလုပ်သမား ဖူလုံရေးကတ်ကို အလုပ်ရှင်က လုပ်ပေးခဲ့သည်။

ကိုဇင်နိုင်ဦး၏ ထိခိုက်နစ်နာမှုအတွက် အလုပ်ရှင်ဘက်က ဆေးကုသစရိတ်၊ ဆေးရုံတက်သည့် ကာလအတွင်း စားစရိတ်နှင့် လုပ်အားခများရရှိသည်ဟု ကိုဇင်နိုင်ဦးကပြောသည်။ ဆေးကုသရက်မှာ ၅၃ ရက်ကြာမြင့်ခဲ့သည်။ သို့သော် ကိုဇင်နိုင်ဦး ဆေးရုံမှဆင်းချိန်မှစကာ အလုပ်ရှင်ဘက်ကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရရှိခဲ့၍ ၈၈ရုံးကို အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ကိုဇင်နိုင်ဦးက ဆိုသည်။

 Mizzima News