ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရီဘာရီ လွဲချော်ပြီ

ပို့စ်တင်ချိန် - 6/07/2014 11:48:00 AM


ပြင်သစ်၊ ဇွန် ၆။ ဘိုင်ယန်မြူးနစ် အသင်းနှင့် ပြင်သစ်လက်ရွေးစင် အသင်းတို့၏ အဓိက ကစားသမား ရီဘာရီမှာ နောက်ကျောဒဏ်ရာ သက်သာခြင်း မရှိသောကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်လိုက် ရပြီ ဖြစ်သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ပြင်သစ်အသင်း၏ အပြီးသတ် လူစာရင်းတွင် ပါဝင်ခွင့် ရခဲ့ပြီး ဖြစ်သော်လည်း ဖရန့်ရီဘာရီ အနေဖြင့် ပြင်သစ်ဘောလုံး အဖွဲ့ချုပ်မှ သတ်မှတ်ပေးထားသည့် နေ့တိုင်အောင် ကြံ့ခိုင်မှု ပြည့်ဝကြောင်း သက်သေမပြ နိုင်ခဲ့သည့် အတွက် ချန်လှပ်ခံခဲ့ရခြင်း ဖြစ်သည်။ ရီဘာရီသည် ပြင်သစ်အသင်း၏ အပြီးသတ် လူစာရင်းမှ ထွက်ခွာသွားသည့် ဒုတိယမြောက် ကစားသမား ဖြစ်ပြီး ၎င်းမတိုင်မီကလည်း လိုင်ယွန်ကွင်းလယ်လူ ဂရီနီယာမှ ပေါင်ဒဏ်ရာကြောင့် လက်ရွေးစင် အသင်းမှ နှုတ်ထွက်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါ ကစားသမား (၂)ဦး နေရာတွင် အစားထိုးရန် အတွက် မောင့်ပယ်လီယာ အသင်း တိုက်စစ်မှူး ရီမီကာဘယ်လာနှင့် ဆောက်သမ်တန်၏ မော်ဂန် ရှနိုက်ဒါလင်တို့ကို နည်းပြချုပ် ဒက်ချမ့်စ်က အစားထိုး ခေါ်ယူလိုက်ကြောင်း သိရသည်။

ရီဘာရီသည် နောက်ကျောဒဏ်ရာကို ခံစားနေရခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ အဆိုပါ ဒဏ်ရာမှာ အရှင်းသက်သာ ပျောက်ကင်းခြင်း မရှိသောကြောင့် ချန်လှပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ရီဘာရီသည် အဆိုပါ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား မတိုင်မီ အကြိုခြေစမ်း ကစားနေသည့် ပြင်သစ်အသင်း၏ ခြေစမ်းပွဲများတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ ရီဘာရီသည် နော်ဝေကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်း ပွဲတွင် ပြင်သစ် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့သလို ပါရာဂွေး အသင်းနှင့် သရေကျခဲ့သည့် ခြေစမ်းပွဲတွင်လည်း အရံခုံ၌သာ ထိုင်နေခဲ့ရပြီး ၀င်ကစားနိုင်ခြင်း မရှိခဲ့ပေ။ ရီဘာရီ ပါဝင်နိုင်ခြင်း မရှိတော့သည့် အတွက် ရီးရဲဆိုဆီဒက်၏ အန်တိုနီယို ဂီရက်ဇ်မန်းမှာ ပြင်သစ်အသင်း၏ ပွဲထွက်လူစာရင်းတွင် ပါဝင်လာဖွယ် ရှိနေသည်။

ပြင်သစ်အသင်း၏ လူစာရင်းတွင် ပါဝင်ခွင့်မရရှိခဲ့သည့် နာမည်ကြီး ကစားသမား တစ်ဦးဖြစ်သည့် မန်စီးတီး အသင်း၏ နာဆရီမှာမူ ရီဘာရီ နေရာတွင် အစားထိုးရန် အတွက် စဉ်းစားခံရခြင်း မရှိခဲ့ပေ။

Ref: Goal


Mizzima Sport News