ရွှေသံလွင် (Sky Net)၊ ဒဂုံအင်တာနေရှင်နယ်၊ အေးရှားဝေါလ် ကုမ္ပဏီခွဲများ၏ အမှန်ဆောင်ရမည့်အခွန်ကို သတ်မှတ်ရန် စိစစ်နေဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်ပြောကြား၊ အခွန်ရှောင် ကုမ္ပဏီများကို သုံးနှစ်စာ အခွန်ပြန်ကောက်မည်ဟု အခွန်စိစစ်ရေး ဘုတ်အဖွဲ့ အတည်ပြု

ပို့စ်တင်ချိန် - 6/07/2014 11:23:00 AM



ရွှေသံလွင် (Sky Net)၊ ဒဂုံအင်တာနေ ရှင်နယ်၊ အေးရှားဝေါလ် ကုမ္ပဏီခွဲများနှင့် ထိပ်တန်းအခွန်စာရင်းတွင် မပါဝင်သည့် ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီများ၏ အမှန်တကယ် ပေးဆောင်ရမည့် အခွန်များကို သတ်မှတ်နိုင်ရန် စိစစ်ခြင်းတို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ဇွန် ၁ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် “အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးနေမှုအပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို” ဟူသော ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ကမ္ဘောဇ၊ မက်စ်မြန်မာ၊ ဧဒင်၊ ဧရာဟင်္သာ၊ ထူး၊ ဧရာရွှေဝါ၊ Red Link၊ မြန်မာစီပီ၊ CB ဘဏ် အပါအ၀င် ထိပ်တန်းကုမ္ပဏီများစွာသည် နှစ်စဉ်အခွန်ကို ပိုမိုတိုးမြှင့်စွာ ပေးဆောင်ခြင်း၊ ယခုနောက်ပိုင်းတွင် သမ္မတနှင့်နီးစပ်သည့် ရွှေတောင်ကုမ္ပဏီ၊ ယုတ်စွအဆုံး ဦးပိုင်မှလုပ်သည့် လုပ်ငန်းများပင် အခွန်ပေးဆောင် လာပြီဖြစ်ကြောင်း၊ သို့သော် ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်သင့်သည့် ရွှေသံလွင် (Sky Net)၊ ဒဂုံအင်တာနေရှင်နယ်၊ အေးရှားဝေါလ်၏ ဆက်စပ်ကုမ္ပဏီများနှင့် အခြားထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာမူ ယခုအထိ ပါဝင်လာခြင်း မရှိသေးကြောင်း၊ ထို့အတွက် အဆိုပါ ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုပိုင်းကို ပြန်လည်စိစစ်သင့်ကြောင်း ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

ထိုကဲ့သို့ ရေးသားထားမှုအပေါ် အစိုးရမှ စိစစ်ချပြမှုရှိ မရှိအပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်သို့ ဇွန် ၅ ရက် က မေးမြန်းခဲ့ရာ ဒုတိယ၀န်ကြီးက “အစိုးရသစ် လက်ထက်မှာ အခွန်တိုးမြှင့် ရရှိရေးအတွက် ကောက်ခံမှုစနစ်ကို ပြင်ဆင်ခြင်း၊ အခွန်ဝန်ထမ်းကြီးများကို အခွန်တိကျ မှန်ကန်စွာ ပေးဆောင်စေရေးအတွက် ကြီးကြပ်ခြင်း၊ အခွန်အများဆုံး ထမ်းဆောင်သူများကို ဖော်ပြဂုဏ်ပြုခြင်းတို့ ဆောင်ရွက်နေပါတယ်။ အခွန်ရှောင်တယ်လို့ ယူဆရတဲ့ အဖွဲ့အစည်းများကို စိစစ်နိုင်ဖို့အတွက် အဖွဲ့များလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ခင်ဗျားပြောတဲ့ အဖွဲ့အစည်းများရဲ့ အခွန်များနဲ့ ပတ်သက်လို့လည်း ကြိုတင်ခွန်ပေးသွင်းစေခြင်း၊ အမှန်တကယ် ပေးဆောင်ရမယ့်အခွန်ကို သတ်မှတ်နိုင်ရန် စိစစ်ခြင်းတို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခုချင်းအလိုက် အနည်းအများကတော့ သုံးတဲ့ငွေ၊ ရရှိတဲ့ အကျိုးအမြတ်၊ ခံစားနိုင်တဲ့ အခွန်သက်သာခွင့်များပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အခွန်ပေးတာ နည်းတာနဲ့ အခွန်ရှောင်တယ်လို့ ကောက်ချက်ချလို့မရပါဘူး။ အဲဒီအဖွဲ့အစည်းက တင်သွင်းတဲ့ စာရင်းဇယားများနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုရင် အခွန်ဦးစီးဌာနကို မေးသင့်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်သို့ အခွန်ရှောင်တိမ်းသည်ဟု ယူဆရသော ကုမ္ပဏီများနှင့် ပတ်သက်၍ မေးမြန်းရာ သူရဦးသောင်းလွင်က လက်ရှိတွင် စက်သုံးဆီ၊ ဆောက်လုပ်ရေး စသည်ဖြင့် စီးပွားရေးကဏ္ဍ တစ်ခုချင်းစီအလိုက် အခွန်ဆောင်ထားသူများ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ အခွန်ရှောင်တိမ်းထားသည့် ကုမ္ပဏီများကို တွေ့ရှိသည်နှင့် နောက်ကြောင်းပြန် အခွန်ပြန်ကောက်ခြင်း၊ အရေးယူခြင်း ပြုလုပ်သွားမည်ဟု ပြောကြားသည်။

ဇွန် ၁ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် “အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးနေမှုအပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို” ဟူသော သတင်းတွင် ရွှေသံလွင် (Sky Net) နှင့်ပတ်သက်၍ “စုံစမ်းသိရှိရသည့် အလုံးရေ ၅၀၀၀၀၀ ၀န်းကျင်အပေါ်၌ပင် တွက်ချက်ကြည့်လျှင် တစ်လုံးလျှင် တင်သွင်းစဉ်က ပျမ်းမျှဒေါ်လာ ၂၀ ဖြင့် တွက်လျှင် ဒေါ်လာ ၁၀ သန်းပေါ်တွင် ၅ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၅၀၀၀၀၀ (ကျပ်သိန်း ၅၀၀၀ နီးပါး) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ကျပ်သိန်း ၄၀၀ တစ်နှစ် ကျပ်သိန်းပေါင်း ၁၄၆၀၀၀ ၀န်းကျင် အထိရရှိသည့် ကြော်ငြာရောင်းချမှု မှ ရငွေအပေါ် ပေးဆောင်ရမည့် အခွန်၊ စက် တစ်လုံးပျှမ်းမျှ လစဉ်ကြေး ကျပ် ၁၀၀၀၀ ဖြင့်တွက်လျှင် လစဉ်ကျပ်သိန်းပေါင်း ၅၀၀၀၀၊ တစ်နှစ်လစဉ်ကြေးမှ ၀င်ငွေအနည်းဆုံး ကျပ်သိန်းပေါင်း ၆၀၀၀၀၀ လောက်ရရှိသည့် ၀င်ငွေအပေါ်တွင် ပေးဆောင်ရမည့် အခွန်များပေါင်းလျှင် နှစ်စဉ်အခွန်ငွေ ကျပ်သိန်းပေါင်း ၁၀၀၀၀၀ အထက် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်စာရင်းတွင် ကျပ်သိန်းပေါင်း သိန်းချီပေးသွင်းရမည့် ရွှေသံလွင် ပါဝင်မလာခြင်းကို စိစစ်သင့်သည်မှာ ထင်ရှားနေကြောင်း၊ ရွှေသံလွင် ကုမ္ပဏီအနေဖြင့် ဆက်စပ်ကုမ္ပဏီပေါင်း ၂၀ ခန့်ရှိသော်လည်း ကုမ္ပဏီများအားလုံး ၀င်ငွေခွန် ပေးဆောင်သည့် ထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိသည်မှာလည်း အခွန်ပေးဆောင်မှုပိုင်း ပြန်စစ်သင့်ကြောင်း ဖော်ပြထားသည်။

Asia World ကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများနှင့် ပတ်သက်၍လည်း “မြစ်ဆုံစီမံကိန်းတွင် ပါဝင်ပတ်သက်သည့် Asia World ကုမ္ပဏီ၊ သောက်ရေခပ်(၂)ကဲ့သို့ ရေအားလျှပ်စစ်စီမံကိန်းကို ရရှိထားသော Asia World ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ တစ်နှစ်သန်း ၄၀၀၀ နီးပါး လမ်းဖြတ်သန်းခ ကောက်ခံရရှိနေသည့် Asia World ကုမ္ပဏီ၏ ကုမ္ပဏီခွဲအပါအ၀င် အခြားသော စီမံကိန်းပေါင်းများစွာ လုပ်ကိုင်နေသည့် Asia World နှင့် ၎င်း၏ဆက်စပ် ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုမှာလည်း လက်ရှိပေးဆောင်သည့် ပမာဏနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်ကြောင်း” စသည်ဖြင့် ထည့်သွင်းဖော်ပြ ထားပါသည်။

Dagon International ကုမ္ပဏီနှင့် ပတ်သက်၍လည်း “မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နှစ်စဉ်တန်ချိန် သိန်းချီ သစ်ထုတ်ခွင့်ရရှိနေသည့် Dagon International နှင့် ဆက်စပ်ကုမ္ပဏီများ ထိပ်ဆုံးအခွန်ထမ်း စာရင်းတွင် ပါဝင်လာခြင်းမရှိသည့် အပေါ်၌လည်း အမှန်တကယ် လုပ်ငန်းရှုံး၍လား သို့တည်းမဟုတ် အခွန်ဥပဒေကို လက်တစ်လုံးခြား အသုံးချခြင်းလား ဆိုသည်မှာ စစ်ဆေးသင့်ပြီဖြစ်သည်” ဟု ထည့်သွင်းဖော်ပြ ခဲ့ပါသည်။

ကုန်သွယ်လုပ်ငန်းခွန် ဆိုသည်မှာ ရှုံးခြင်းမြတ်ခြင်းနှင့် မဆိုင်ဘဲ မည်သူမဆို မဖြစ်မနေ ပေးဆောင်ရမည့် အခွန်ဖြစ်သည့်အတွက် လက်ရှိစိစစ်နေသည် ဆိုပါက ဖော်ပြပါ ကုမ္ပဏီများ ကုန်သွယ်လုပ်ငန်းခွန် မည်မျှပေးဆောင်သည်ကို စစ်ဆေးခြင်းဖြင့် နိုင်ငံအခွန်ပိုမိုတိုးတက် ရရှိနေရေးအတွက် ရလဒ်အမှန်များကို သိရှိနိုင်မည်ဖြစ်သည်။


Eleven Media Group