ညှိနှိုင်းမှု မပြေလည်သဖြင့် ကင်မရာစက်ရုံ ဝန်ထမ်း ၄၀၀ ခန့် အလုပ်ထွက်

ပို့စ်တင်ချိန် - 6/13/2013 04:13:00 PM



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံ ဆိုက်ဘာစီးတီး အတွင်းရှိ ဝန်ထမ်းပေါင်း ၉၀၀ ကျော် ရှိသော BTC (Brust Transmission Co.Ldt.) ကင်မရာ စက်ရုံမှ ဝန်ထမ်း ၇၀၀ ခန့်သည် လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် အချက် ကိုးချက်အတွက် ဇွန် ၃ ရက် ရက်နေ့မှ ဇွန် ၅ ရက်နေ့ အထိ သုံးရက်ဆက်တိုက် ဆန္ဒပြ တောင်းဆိုရာ ညှိနှိုင်းမှု မပြေလည်သဖြင့် ဝန်ထမ်း ၄၀၀ခန့် အလုပ်ထွက်သွားကြောင်း အဆိုပါ ဆန္ဒပြ လုပ်သားများထံမှ စုံစမ်းသိရှိရသည်။ 

ယင်းဆန္ဒပြ အလုပ်သမားများက အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ပေးရန်၊ အစိုးရ ရုံးပိတ်ရက်များတွင် တရားဝင် အလုပ်ပိတ် ပေးရန်၊ မူလ ရပိုင်ခွင့် မလျော့စေရန်၊ ရေ။မီး။အိမ်သာ ပြုလုပ်ပေးရန်၊ စည်းကမ်းချက် ထုတ်ပြန်ပါက ပွင့်လင်းမြင်သာမှု ရှိသည့် နေရာတွင် တရားဝင် ဆိုင်းဘုတ် ကပ်ပေးရန်၊ ဆန္ဒပြမှုကြောင့်ဌာနက ရွှေ့ပြောင်းခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရန်၊ လူမှုဖူလုံရေး ကတ်များ ထုတ်ပေးရန်၊ အခါအားလျော်စွာ အလုပ်ရှင်နှင့် လုပ်သမား ညှိနှိုင်း အစည်းအဝေး တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ပေးရန်၊ အခြေခံလစာအပြင် ထပ်မံ၍ ကျပ်တစ်သောင်း တိုးမြှင့်ပေးရန် စသည့် အချက် ကိုးချက်ကို တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ကင်မရာ မှန်ဘီလူး ထုတ်လုပ်ရေးဌာနမှ အလုပ်သမားတစ်ဦးက The Voice သို့ ပြောကြားသည်။

အခြေခံလစာ၂၄,၀၀၀ ကျပ်အစား ၃၀,၀၀၀ ကျပ် တိုးပေးမည် ဖြစ်ကာ သက်သာစရိတ် ကျပ် ၇၀၀၀ ကိုလည်း ဇွန်လကုန်မှ စတင်ပေးမည် ဖြစ်ကြောင်း၊ ဇွန်လ၂၀ ရက် နေ့တွင် ရေ၊ မီး ပုံမှန် ပြုလုပ်
ပေးခြင်း၊ အစားအသောက် အမြန်ဆုံး ကောင်းမွန်အောင် ပြန်လည် ဆောင်ရွက်ပေးခြင်း၊ ရေအိမ်သာ၊ လျှပ်စစ်မီး ပြုလုပ်ခြင်းစသည့် အချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီတွင် လုပ်ငန်းခွင်သို့ ပြန်လည် လာရောက်လုပ်ကိုင်ခြင်း မရှိသော အလုပ်သမားများကို မိမိဆန္ဒအလျောက် အလုပ်ထွက်သည်ဟု သတ်မှတ် ထားသော်လည်း အလုပ်ပြန်လုပ်ချင်သူများကို ယခုလကုန်အထိ လက်ခံ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

“အလုပ်သမား စုစုပေါင်း ၉၀၀ လောက်ရှိတယ်။ အခုချိန်မှာ ဘယ်လောက် ထွက်သွားတယ် ဆိုတာတော့ အတိအကျ ပြောလို့ မရဘူး။ ထွက်သွားပြီးမှ ပြန်လာတာတွေလည်း ရှိတယ်”ဟု အဆိုပါ တာဝန်ရှိက ဆိုသည်။

အခြေခံလစာကို ၆၀၀၀ ကျပ် ထပ်တိုးပေးမည် ဖြစ်ကာ သက်သာငွေအဖြစ် ၇၀၀၀ ကျပ် ပေးမည် ဖြစ်ပြီး ရေ၊ မီး၊ လျှပ်စစ်၊ အစားအသောက်စသည့် တောင်းဆိုထားသည့် အချက်များကို အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်နေသည်ဟု သိရကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

“အခုစက်ရုံမှာ လူ ၄၀၀ လောက်က ပြန်သွားတယ်။ ဝန်ထမ်းတွေကို အစက ဇွန်လ ၅ ရက်နေ့မှာ လစာထုတ်ပေးမယ်။ တိုးမပေးဘူးလို့ ပြောတယ်။ တချို့တွေကလည်း စိတ်ဓာတ် ပြင်းထန်ပြီး ပြန်ကုန် ကြတယ်။ နောက်မှ ၆၀၀၀ ကျပ် တိုးပေးတယ်။ တချို့လည်း ပြန်လာတာရှိတယ်။ ဒါပေမဲ့ လူ ၃၀ လောက်ပဲ ရှိတယ်၊ ပြန်သွားတဲ့သူတွေက လစာတိုးပေးတာ သိလည်း ပြန်ကုန်ကြတာပါ။ ဒီလကုန်အထိ ပြန်လာတဲ့ သူတွေကိုတော့ လက်ခံပေးမယ် သိရတယ်” ဟု ယင်းကင်မရာ မှန်ဘီလူး စက်ရုံမှ အလုပ်သမားတစ်ဦးက ထပ်မံပြောကြားသည်။

ပြင်ဦးလွင်မြို့ ရတနာပုံ ဆိုက်ဘာစီးတီးရှိ BTC (Brust Transmission Co.Ldt.) ကင်မရာစက်ရုံသည် လုပ်သား ၉၀၀ ကျော်ဖြင့် မှန်ဘီလူး အစိတ်အပိုင်းများကို GE တံဆိပ်ဖြင့် ထုတ်လုပ်လျက် ရှိသည်။

သစ်ထူးလွင်