မလေး၌ ဖြစ်ပွားသည့် မြန်မာလုပ်သားပဋိပက္ခ ဘာသာရေးလူမျိုးရေးလုံးဝမဟုတ်ဟုဆို

ပို့စ်တင်ချိန် - 6/22/2013 01:04:00 PM


မလေး၌ဖြစ်ပွားသော မြန်မာလုပ်သားပဋိပက္ခသည် ဘာသာရေးလူမျိုးရေးလုံးဝ မဟုတ်ဘဲ ငွေရေးကြေးရေး၊ ပုဂ္ဂိုလ်ရေးကြောင့်သာ ဖြစ်ပွား ရခြင်းဖြစ်ကြောင်းမြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဌ ဦးမင်းလှိုင်က ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်က UMFCCI ၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ ဦးမင်းလှိုင် က ယခင်လ ၂၉ ရက် ည ၁နာရီ ခွဲခန့်တွင် မလေးရှား ဆာလာရမ်းဈေး၌ ဖြစ်ပွားခဲ့သော ဆိုင်တစ်ဆိုင်အား တိုက်ခိုက်ဖျက်ဆီးမှုနှင့်ပတ်သက် ၍ ပြောကြားရာတွင် ဆာလာရမ်းဈေးရှိ ကြက်ဒိုင်ပိုင်ရှင်ငွေတိုးချေးစားသည့် မြန်မာအမျိုးသမီးတစ်ဦး၏ဆိုင်အား မကျေနပ်သူလူတစ်စုက ဖျက်ဆီးပြီးစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးသည်စကားအပြောအဆိုကြမ်းတမ်းကာ ငွေချေးလုပ်ငန်းကိုအတိုးကြီးကြီးဖြင့် လုပ်ကိုင်စားသောက်သူဖြစ်ကြောင်း မြန်မာနိုင်ငံသားအချင်းချင်း ငွေရေးကြေးရေးအပေါ် အခြေခံ၍ ပြဿနာဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း ပြော သည်။
ထိုသို့ ပြဿနာဖြစ်ပွားရာတွင် မလေးရှားနိုင်ငံသားလုံးဝမပါဝင်ကြောင်း ဦးမင်းလှိုင်ကပြောသည်။အခင်းဖြစ်ပွားရာ ဆာလာရမ်း ဈေးကြီးသည် ၂၄နာရီ ပိတ်ရက်မရှိဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက်သားငါး ရောင်းချသောဆိုင်ခန်း ငါးထောင်ကျော်ခန့် ရှိကာ မြန်မာအလုပ်သမား တစ်သောင်းခွဲမှ နှစ်သောင်းအထိ လုပ်ကိုင်နေသည့် နေရာဖြစ်သည်။၎င်းလုပ်သားအားလုံးတွင် ၉၀ ရာခိုင်နုန်းသည် တရားမ၀င်လုပ်ကိုင် နေသူများဖြစ်သည်ဟု ဆိုသည်။
တရားမ၀င်လုပ်သားအများအပြားနေထိုင်ခြင်း၊ ရန်ပွဲများ၊ လူသတ်မှုများ အများအပြားဖြစ်ခြင်းကြောင့် မလေးရှားအစိုးရက အမြဲလိုလို စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလေ့ရှိသည့် နေရာဖြစ်သည်ဟုသိရသည်။မလေးရှားရှိ မြန်မာလုပ်သားများ အနေဖြင့်လည်း ဖေ့ဘုတ်နှင့် ၀က်ဆိုဒ်များတွင် လိုတာထက် ပို၍ ရေးသားသောသတင်းများကြောင့် စိုးရိမ်ထိတ်လန့် မှုများဖြစ်ပွားခဲ့သည်ဟု မလေးရှားသို့ လေးရက်ကြာသွားရောက်လေ့လာခဲ့ေ သာ အသင်းချုပ် တာဝန်ရှိသူများက ဆိုသည်။

မေဇင်ဝင်း
ပေါ်ပြူလာ