ကျပျောက်သွားခဲ့တဲ့ သင်္ကြန်များ

ပို့စ်တင်ချိန် - 4/09/2014 02:35:00 PM



(မန္တလေးမြို့မ သင်္ကြန်အဖွဲ့)
(Written by: ခင်ငြိမ်းသစ်)

အရာဝတ္ထုတစ်ခုကို မလိုချင်တော့လို့ ကိုယ်နဲ့ဝေးရာကို ပစ်လိုက်တာဆိုရင်တော့ အဲဒါကို စွန့်ပစ်လိုက်တယ်လို့ ခေါ်ပါတယ်။ ကိုယ်က ကြိုက်နှစ်သက်လို့ ဆောင်ထားပါရဲ့နဲ့ ကိုယ့်ဆီမှာ မရှိတော့ရင်တော့ အဲဒါ ကျပျောက်သွားခဲ့တာပါပဲ။ ဒီလိုပါပဲ ကျွန်မတို့ ကြိုက်နှစ်သက်ခဲ့တဲ့ သင်္ကြန်ရက်တွေထဲက သံချပ်ကားတွေ၊ ဆုပေးမဏ္ဍပ်တွေ ကျပျောက်ခဲ့တာ ၂၆ နှစ် ကြာခဲ့ပါပြီ။

ကျွန်မတို့ ငယ်ငယ်ကနေခဲ့တဲ့ နေရာက ဦးနေ၀င်းလက်ထက်မှာ တည်ခဲ့တဲ့ သုဝဏ္ဏမြို့သစ်ပါ။ မြို့သစ်တို့ရဲ့ ထုံးစံအတိုင်း လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲလှပါတယ်။ ဒီ့အပြင် ရေလည်းရှားလို့ ရေပက်မဏ္ဍပ် အများကြီးမရှိပါဘူး။ လမ်းထဲမှာရှိတဲ့ ကလေးတွေကတော့ ကိုယ့်အချင်းချင်းပဲ ရေပက်ကစားကြပါတယ်။ ကားတွေပြေးတဲ့ လမ်းမကြီးတွေပေါ်မှာ အရွယ်ရောက်ပြီးသား သင်္ကြန်ဆိုရင် ပျော်ချင်ကြတဲ့၊ လူကြီးတွေကစားကြတဲ့ ရေပက်မဏ္ဍပ်တွေ ခပ်ကျဲကျဲ ရှိနေပါတယ်။ ဒါပေမဲ့ ရေပက်ခံမယ့်လူကတော့ တော်တော်ရှားပါတယ်။ ဘယ်ရေပက်ခံကားမှ သုဝဏ္ဏကို မလာပါဘူး။ သုဝဏ္ဏမှာနေတဲ့ တချို့လူတွေထွက်တဲ့ ရေပက်ခံကားတွေကိုပဲ အသွား၊ အပြန် စောင့်ပက်ကြရတာပါ။ ဒါကြောင့်ထင်ပါရဲ့ ကျွန်မသင်္ကြန်မှာ ရေကစားရတာကို အရမ်းမကြိုက်ခဲ့ပါဘူး။

သင်္ကြန်မှာ သဘောကျခဲ့တာက အလှပြကားတွေနဲ့ ဆုပေးမဏ္ဍပ်တွေကိုပါပဲ။ သင်္ကြန်မှာ သံချပ်ကားတွေပြိုင်တဲ့ ဓလေ့ကို ကိုလိုနီ ခေတ်နှောင်းပိုင်းကတည်းက ဗိုလ်တထောင်မြို့နယ်အတွင်း နေထိုင်တဲ့ မြန်မာသူဌေးတစ်ဦးကနေ စတင်ခဲ့တယ်လို့ မှတ်ထားဖူးပါတယ်။ အဲဒီခေတ်လောက် ကတည်းက အင်္ဂလိပ်အစိုးရရဲ့ အမြီးအမောက် မတည့်မှုတွေကို သရော်လှောင်ပြောင် ခဲ့ကြပါတယ်။ ဖဆပလ အစိုးရခေတ်ကို ရောက်တော့လည်း သံချပ်တွေ ဆက်လက်ထွန်းကားကြပါတယ်။ အဲဒီခေတ်က ထင်ရှားတဲ့ သံချပ်သမားတွေက ဆရာကြီးနေသွေးနီ၊ ဆရာဒေါင်းနွယ်ဆွေတို့ ဖြစ်ကြပါတယ်။ အဲဒီ့ခေတ်က ထင်ရှားတဲ့ သံချပ်ကားနာမည်က ဘုရားပေးတဲ့ ပုဒ်မ (၅) လို့ အမည်ရပါတယ်။ တော်လှန်ရေး လုပ်ဖော်လုပ်ဖက်တွေ ဖြစ်ပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်တော့ ပုဒ်မ(၅) နဲ့ ထောင်နန်းစံကြရတာတွေ ရှိတာကို သရော်ထားတာပါ။ ၁၉၆၂ ခု ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက်မှာ သံချပ်တွေကို ဆက်လက်ခွင့်ပြုပေးခဲ့ပေမယ့် မဟာသင်္ကြန် ကြီးကြပ်ရေးကော်မတီဆိုတာကိုဖွဲ့ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ အရမ်းကြီး မတင်းကျပ်ဘဲနဲ့ စောင့်ကြည့်တဲ့ သဘောမျိုးလောက်ပါပဲ။ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပါတီ၊ ကောင်စီက လူကြီးတွေနဲ့ မဟာသင်္ကြန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆုအဖြစ် ဂုဏ်ပြုတံဆိပ်တွေကိုပဲ ချီးမြှင့်လေ့ ရှိပါတယ်။ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်ရောက်မှ ငွေသားကို ဆုအဖြစ် ချီးမြှင့်ပါတယ်။ အလှကားတစ်စီး ထွက်မယ်ဆိုရင် ဖြတ်ကျော်ရတဲ့အဆင့်တွေ ရှိပါတယ်။ ပထမဦးဆုံး အသင်းကိုခေါင်းဆောင်သူဟာ အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ရပါတယ်။ ပြီးတာနဲ့ မဟာသင်္ကြန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ထံ ရေးထားတဲ့ သံချပ်တွေကို တင်ပြရပါတယ်။ အဲဒီအဖွဲ့က ခွင့်ပြုမိန့်ကျလာမှ သံချပ်စတင်တိုက်ခွင့် ရပါတယ်။ သင်္ကြန်နားနီးလာပြီဆိုရင် ၀တ်စုံပြည့်နဲ့ ကြီးကြပ်ရေးကော်မတီမှာ အရင်ဆုံး ကပြရပါတယ်။ ၁၉၇၀ ကျော် ခုနှစ်တွေတုန်းက နာမည်ကြီးတဲ့ သံချပ်ကားတွေက မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ပဒီးပဒါး၊ သင်္ကြန်မြင်ကွင်းကျယ်တို့ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်ကစပြီး အစိုးရကို အကြည်ညိုပျက်စေတဲ့ သံချပ်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘုန်းတော်ဘွဲ့များများပါတဲ့ သံချပ်ကားတွေ နာမည်ကြီးလာပါတယ်။ အဲဒီအချိန်က နာမည်ကြီးကားတွေက စမ်းချောင်းမြို့နယ်ကထွက်တဲ့ လောကနတ်၊ တခြားမြို့နယ်တွေက အနန္တစွမ်းအားရှင်၊ ပြည်သူ့တရားရှင်၊ ဆလိမ်ဆရာကြီး၊ ယဉ်ကျေးမောင်တို့ဟာ စွယ်စုံဆုရှင်တွေ ဖြစ်လာကြပါတယ်။

အဲဒီအချိန်တုန်းက တပ်မတော် (ရေ)၊ တပ်မတော် (လေ) ကနေ အလှကား ထွက်ပါတယ်။ တပ်မတော်က ထွက်တာမို့လို့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေမယ်မထင်ပါနဲ့။ မ.ဆ.လ ပါတီအတွင်းက လောက်ကိုက်နေတာကို ဖော်ထုတ်ပြပါတယ်။ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်က မဏ္ဍပ်မှာတော့ ဗိုလ်မှူးဝင်းမောင်သိန်းက နိုင်ငံတော်ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေက လိုကိုလိုအပ်တယ်တဲ့။ ဒါကြောင့် သူဦးစီးတဲ့ မဏ္ဍပ်မှာတော့ အစိုးရအပေါ် ဝေဖန်ထောက်ပြတဲ့ သံချပ်ကားကောင်းကောင်းတွေကိုပဲ ဆုပေးလေ့ရှိခဲ့ပါတယ်။

ကျွန်မ လူမှန်းသိတတ်တဲ့ အချိန်က ၁၉၈၀ နောက်ပိုင်း ဖြစ်တာကြောင့် အဲဒီ့အချိန်က သင်္ကြန်မှာ ဆုပေးမဏ္ဍပ် လုပ်ဖို့အတွက် ရပ်ကွက်ထဲက အိမ်တွေမှာ အလှူငွေ ကောက်ခံပါတယ်။ ကျွန်မတို့တွေနေတဲ့နေရာက အစိုးရ၀န်ထမ်းတွေများလို့ မတ်လကတည်းကစပြီး အလှူငွေ ကောက်ခံပါတယ်။ ၀န်ထမ်းများတဲ့ ရပ်ကွက်တွေက ဆုပေးမဏ္ဍပ်တွေမှာ ဆုသားငွေ သိပ်မများလှပေမယ့် သူဌေးသူကြွယ်များတဲ့ ရပ်ကွက်တွေမှာတော့ ဆုသားအဖြစ်ပေးတဲ့ ငွေပမာဏ များပါတယ်။ နောက်နည်းနည်းထူးခြားတဲ့ အချက်အဖြစ် ကျွန်မနေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်ကနေ သံချပ်ကား တော်တော်များများ ထွက်ပါတယ်။ အကြောင်းရင်းကတော့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ သင်္ကြန်ကြီးကြပ်ရေး ကော်မတီက သံချပ်တွေကို စစ်ဆေးရာမှာ သဘောထား ပျော့ပျောင်းတာကြောင့်ပါ။ ၁၉၈၂-၈၃ လောက်မှာ မြန်မာပြည်ဟာ ဆိုရှယ်လစ်စနစ်အောက်မှာ ပို၍ပို၍ ဆုတ်ယုတ်လာခဲ့ပါတယ်။ စိစစ်ရေးတွေ ကြားထဲက တချို့သံချပ်တွေဟာ ခက်ခက်ခဲခဲ ဖြတ်ကျော်လာရပါတယ်။ မအောင်မြင်တဲ့ ဆိုရှယ်လစ်စနစ်ကို မသိမသာ ဝေဖန်လာကြပါတယ်။ အဲဒီလိုဝေဖန်မှုတွေကို ပြည်သူတွေက တစ်ခဲနက် အားပေးကြပါတယ်။

၁၉၈၄-၈၅ ခုနှစ်တွေမှာ ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေက သိသိသာသာ ကျပ်တည်းခဲ့ပါတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်လာလို့ ပြည်သူလူထုဟာ ရတဲ့ငွေနဲ့ ထွက်တဲ့ငွေ မျှတမှုမရှိတဲ့ အကြောင်းကို နည်းမျိုးစုံသုံးလို့ ဖော်ပြခဲ့ကြပါတယ်။ တချို့ကားတွေက သရုပ်ဖော်ပြကွက်တွေနဲ့ ကုန်ဈေးနှုန်းက တက်ပြီးသွားရင် ပြန်မကျတော့တဲ့အကြောင်း သရုပ်ဖော်ကြသလို ငွေရဲ့အသုံးမခံတဲ့ပုံကို သီချင်းစာသားတွေနဲ့တစ်မျိုး၊ သံချပ်နဲ့တစ်ဖုံ အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။

အဲဒီတုန်းက အနုပညာအရရော နိုင်ငံရေးအရပါ အဆင့်မြင့်တဲ့ အလှကားတွေက ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ။ ကဗျာဆရာ မောင်စိမ်းနီဦးစီးတဲ့ အပြာရဲ့အနီ၊ ဆူးကြားကဘူးခါး၊ ဂနိုင်မှနှင်းဆီတို့ကို ပြည်သူတွေ နှစ်ခြိုက်အားပေးပါတယ်။ ဒိုင်တွေဆုရွေးချယ်ဖို့ အတွက်တော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မဏ္ဍပ်တွေမှာ ဒိုင်တွေက အများအားဖြင့် ပါတီနဲ့ ကောင်စီကလူတွေများတော့ သံချပ်တွေ ကောင်းနေရင်တောင် ပေါ်လစီအရ ဆုပေးဖို့ ခက်ခဲနေတာတွေလည်း ရှိခဲ့ပါတယ်။ အချို့လူကြီးတွေကတော့ ဝေဖန်တာလိုအပ်တယ်ဆိုပြီး ဆုပေးပေမယ့် စွယ်စုံဆုလို့ခေါ်တဲ့ ဆုကြေးအများဆုံးကိုတော့ ပေးလို့မရပါဘူး။ တချို့ကလည်း ဆုမရရင်နေပါ အစိုးရကို ဝေဖန်ချင်လို့ အလှကားထွက်ကြတဲ့ သူတွေလည်း ရှိပါတယ်။

ဒီလိုနဲ့ ၁၉၈၈ မတ်လမှာ ကျောင်းသားအရေးအခင်း ဖြစ်ပွားခဲ့ပြီးနောက် တစ်လနီးပါးအကြာမှာ သင်္ကြန်ကို ရောက်လာခဲ့ပါတယ်။ မတ်လကဖြစ်ခဲ့တဲ့ ကိစ္စဟာ အစိုးရရဲ့ ကိုင်တွယ်မှုညံ့ဖျင်းလို့ ဖြစ်ခဲ့ရတာပါ။ ဒီလိုဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာ သံချပ်တွေက ဘယ်လိုလှောင်ပြောင်ကြမလဲဆိုတာကို ပြည်သူလူထုက သိချင်ပါတယ်။ ဒါကြောင့်လည်း သံချပ်တွေကို နှစ်သက်တတ်တဲ့ ပြည်သူလူထုက ဆုပေးမဏ္ဍပ်တွေမှာ စောင့်ကြည့်နေခဲ့ပါတယ်။ အဲဒီလို စောင့်ကြည့်နေတုန်းမှာပဲ ကဗျာဆရာ မောင်စိမ်းနီ ဦးစီးတဲ့ “အပြာရဲ့အနီ” သံချပ်ကားကို တက္ကသိုလ်ကျောင်းသား ထွန်းမြတ်သူက သံချပ်တိုင်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီ့ကားဟာ ဆုရရှိရေးကို ဦးမတည်ဘဲနဲ့ သူတို့သံချပ်ကို အများပြည်သူ နားဆင်ဖို့အတွက် ရည်ရွယ်ပြီး မဏ္ဍပ်အားလုံးနီးပါးမှာ ၀င်ပြိုင်ခဲ့ပါတယ်။ သူတို့သံချပ်တွေမှာ တက္ကသိုလ်ကျောင်းသားတွေ လိုချင်နေတဲ့ အမှန်တရား၊ ပြည်သူလူထုနဲ့ ကျောင်းသားတွေအပေါ်မှာ ဓားမိုးပြီး ဖိနှိပ်နေတဲ့ အကြောင်းတွေကို ရေးစပ်သီကုံးထားပါတယ်။ ဒါကြောင့် ပြည်သူလူထုကလည်း တစ်ခဲနက် အားပေးကြပါတယ်။ သံချပ်ကြီးကြပ်ရေး ကော်မတီကလည်း ဆင်ဆာမဖြတ်ခဲ့တာကြောင့် သံချပ်တွေကို တရားဝင်ဖျော်ဖြေခွင့် ရနေပါတယ်။ အဲဒီလို ဖျော်ဖြေခွင့် ရနေတာကြောင့် နောက်ကနေ ရဲထောက်လှမ်းရေးတွေက တကောက်ကောက်လိုက်ပြီး ဖမ်းဖို့ကြိုးစားခဲ့ပါသေးတယ်။ မဏ္ဍပ်တိုင်းက ပြည်သူတွေ တစ်ခဲနက် အားပေးကြလို့ ရဲထောက်လှမ်းရေးတွေ ၀င်ဖမ်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ အားလုံးအဖမ်းခံခဲ့ရလို့ ဆုတွေတောင်မှ လိုက်မယူနိုင်ခဲ့ပါ။

သူတို့အားလုံးကို အစိုးရကို အကြည်အညိုပျက်စေမှုနဲ့ ရုံးတင်တရားစွဲခဲ့ပေမယ့် သံချပ်ထဲမှာ သူတို့သုံးခဲ့တဲ့ ကဗျာတွေက တရားဝင် ခွင့်ပြုထားတဲ့ မြန်မာဖတ်စာထဲက ကဗျာတွေဖြစ်နေလို့ အမှုမမြောက်ခဲ့ပါဘူး။ ဒါကြောင့် ရုံးတော်ကနေ တရားသေ ပြန်လွှတ်ခဲ့ရပါတယ်။ သံချပ်ယဉ်ကျေးမှုရဲ့ နောက်တစ်မျိုးအားသာချက်က အနုပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့တာပါ။ ထင်ရှားတဲ့ အချက်အဖြစ် ဟာသသရုပ်ဆောင် ဗေလုဝဟာ သံချပ်မင်းသားဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတဲ့သူပါ။

၁၉၈၉ ခုနှစ်ကနေစပြီး ၂၀၁၀ လောက်အထိ သံချပ်ယဉ်ကျေးမှုဟာ စစ်အစိုးရရဲ့ သတ်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ သံချပ်တွေကို ပြန်လည်ခွင့်ပြုခဲ့ပေမယ့် အရင်ကလို ဆုပေးမဏ္ဍပ်တွေနဲ့ ဆုတွေပေးတာမျိုး မလုပ်ပေးတော့ပါဘူး။ နောက်ပိုင်း လူငယ်တွေအနေနဲ့ သံချပ်တွေကို စိတ်ဝင်စားတော့မှာ မဟုတ်ပေမယ့် ကျွန်မတို့လို သံချပ်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့သူတွေ အနေနဲ့ သံချပ်ယဉ်ကျေးမှုကို လွမ်းနေဆဲ....။



Eleven Media Group