မလေးရှားရောက် မြန်မာများအရေး ဖြေရှင်းရန် သမ္မတဦးသိန်းစိန် အထူး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

ပို့စ်တင်ချိန် - 6/12/2013 06:05:00 PM

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်ခံ ရမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အကြမ်းဖက် ခံရမှုများကို ဖြေရှင်းရန် ဒုတိယဝန်ကြီး နှစ်ဦး ဦးဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့ကို ဇွန်လ ၁၁ရက်နေ့တွင် မလေးရှား နိုင်ငံသို့ စေလွှတ် လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
မြန်မာနိုင်ငံသား များကို ကာကွယ်ရေးကိစ္စ များနှင့် ပတ်သက်၍ အဆိုပါ အထူးကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် မူဝါဒ တိတိကျကျ သတ်မှတ်ပေးထားပြီး ပြောဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်များကို လွှဲအပ်ပေးထားပြီး ဖြစ်ကြောင်း၊ အထူးကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံတော်သမ္မတ ကိုယ်စား၊ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား စေလွှတ်သည့် အဖွဲ့မျိုး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်ခံရမှု စတင် ဖြစ်ပွားပြီး ၁၃ ရက်အကြာတွင် ယင်း အထူးကိုယ်စားလှယ်အဖွဲ့ ကို စေလွှတ်ခြင်းဖြစ်သည်။ မေလ ၃၀ရက်နေ့တွင် ကွာလာလမ်ပူမြို့တော် ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့် ဆာလာယန်းမှ စတင်ခဲ့သည့် အုပ်စုလိုက် အကြမ်းဖက် သတ်ဖြတ်ခံရမှုများ အပါအဝင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ယင်းဂယက်ကြောင့် ဖြစ်ပွားလာသည့် ပြဿနာများနှင့် မြန်မာနိုင်ငံသား များကို ကာကွယ်ရန် အထူးကိုယ်စားလှယ် ဖွဲ့စည်း တာဝန်ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့က ဦးဆောင်မည်ဖြစ်သည်။
ယင်းအဖွဲ့နှင့်အတူ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အဖွဲ့ချုပ် မှ ခြောက်ဦးလည်း လိုက်ပါမည်ဖြစ်ရာ တစ်ဦးက ရှေ့ပြေး သွားနှင့်ပြီးဖြစ် သည်။

အထူးကိုယ်စားလှယ် အဖွဲ့ကို မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်မှန် များကို တိတိကျကျ သိရှိနိုင်ရန်၊ မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် စေလွှတ်ခြင်းဖြစ်ပြီး ယင်းအဖွဲ့၏ လေ့လာ တင်ပြချက်အပေါ် မူတည်ပြီး အစိုးရအနေနှင့် လိုအပ်သမျှ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
"မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ လုပ်လို့ရတာ အကုန် လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီး ကိုယ်တိုင်ပြောကြား ထားပါ တယ်" ဟု ၎င်းက ထပ်မံပြောကြားသည်။

မလေးရှားနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများ၊ လိုအပ် ချက်များ၊ အခက်အခဲများ၊ နှစ်နိုင်ငံ ညှိနှိုင်းပေးရမည့် အချက်များ သိရှိရန် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးပြီး အကူအညီပေးသွား မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ရှင်းပြသည်။
"အထောက်အထားမဲ့ဖြစ်လို့ ပြန်လာဖို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမား တွေကို သံရုံးက အထောက်အထား ထုတ်ပေးပြီးတော့ ပြန်လာလို့ ရအောင် ကူညီပေးသွားမယ်" ဟု ၎င်းက မလေးရှားနိုင်ငံသို့ မထွက်ခွာမီ The Voice သို့ ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် လက်ရှိ ဖြစ်ပျက်နေသည့် အကြမ်းဖက်မှု များ၊ ပြည်တော်ပြန်လိုသူများ ကိစ္စ၊ ထိခိုက်နစ်နာမှုများ၊ ငွေကြေး သို့မဟုတ် ဥပဒေအရ အကာအကွယ်ပေးရန် လိုအပ်နေမှုများ၊ နှစ်နိုင်ငံ ညှိနှိုင်းပေးရန် လိုအပ်သည့် အချက်အလက်များကို စနစ်တကျ စာရင်းပြုစု ကာ အထူး ကိုယ်စားလှယ်အဖွဲ့ကို တင်ပြပေးရန် လိုအပ်ကြောင်း၊ ယင်းကိစ္စများကို မလေးရှားရောက် မြန်မာများကိုယ်စား ကပုန်း နာရေးကူညီမှုအသင်းကဲ့သို့ ဦးစီး ဦးဆောင်ပြုနိုင်သည့် အဖွဲ့အစည်း တစ်ခုက ဦးဆောင် တင်ပြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဆိုသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ အရေးကို ဖြေရှင်းပေးရန် အစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့ လာရောက်မှုကို ကြိုဆိုကြောင်း မြန်မာ လုပ်သားများက ပြောဆိုကြသည်။
"ဘာတွေ လုပ်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်" ဟု ကွာလာလမ်ပူတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ လုပ်သားတစ်ဦးက ဆိုသည်။

လတ်တလောတွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွား နေသော်လည်း မြန်မာအစိုးရ အနေနှင့် တစ်စုံတစ်ရာ လုပ်ဆောင်ပေးမှု မရှိသေးသည့်အပြင် သေဆုံးသွားသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် သံရုံး က ထောက်ခံချက် မထုတ်ပေးသဖြင့် အလောင်းများ ပုပ်ပွနေသော်လည်း မသင်္ဂြိုဟ်ရသေးကြောင်း ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ပြောကြားသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများ လည်း ရှိနေဆဲဖြစ်ပြီး အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားနေမှု များကြောင့် မြန်မာအလုပ်သမားများအကြား စိုးရိမ်မှု မြင့်တက်နေဆဲ ဖြစ် သည်။ ဖမ်းဆီးမှု၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် မြို့တွင်း များရှိ မြန်မာနိုင်ငံသားများ ရောင်းချသည့်ဆိုင်များတွင် လူသူ ကင်းမဲ့နေကြောင်း မလေးရှားရောက် မြန်မာများက ဆိုသည်။
"လုံခြုံရေးက ဘာအာမခံချက်မှ မရှိဘူး။ မြန်မာနိုင်ငံသားတွေ ကြောက်ပြီး အပြင်မထွက်ရဲတော့ဘူး။ နေအိမ်ထဲမှာ နေတာတောင် ဝင်ရောက် သတ်ဖြတ် ခံနေရတယ်" ဟု ဦးဆန်းဝင်းက ပြောကြားသည်။
အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူပေးရန်၊ အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားအောင် လုပ်ဆောင်ပေးရန် မြန်မာအစိုးရက မလေးရှားအစိုးရကို ဖိအားပေးပြီး တစ်ရက်အကြာ မေလ ၅ ရက်နေ့မှ စတင်ခဲ့သည့် နိုင်ငံခြား သားများကို စစ်ဆင်ရေး တစ်ရပ်အနေနှင့် (အော်ပရာစီ) ဖမ်းဆီးမှုသည် ဇွန်လ ၁၁ ရက်နေ့ထိ ကွာလာလမ်ပူ၊ ဂျိုးဟိုး၊ ကာဂျန်း၊ ပီနန်း၊ မလကာ၊ ဆာလာယန်း စသည့် နေရာများတွင် ဆက်လက် ဖမ်းဆီးနေဆဲဖြစ်သည်။

ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသား ၂၀၀ ဦးကျော် ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဦးတင်လတ်က ပြောဆို ထားသော်လည်း မလေးရှားနိုင်ငံ သတင်းဌာန တစ်ခုဖြစ်သော The Star တွင် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း လွန်ခဲ့သော ရက်ပိုင်းက ဖော်ပြခဲ့သည်။
အကြမ်းဖက်မှု များကြောင့် မလေးရှားရောက် မြန်မာအလုပ်သမား အချို့ နေရပ်ပြန်ရန် စီစဉ်နေကြကြောင်း၊ အချို့ အလုပ်သမား များ ပြည်တော်ပြန် လိုသော်လည်း အလုပ် စာချုပ်သက်တမ်း မပြည့်မှု၊ နိုင်ငံကူး လက်မှတ်မရှိမှု၊ အထောက်အထား မရှိကြ သဖြင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည်။

ဆာလာယန်းတွင် မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပါအဝင် ဆက်တိုက်ဖြစ်ပွားသည့် အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံ သား ခြောက်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့ရာ သုံးဦးမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း၊ စာရင်းမရဘဲ သေ ဆုံးမှုများလည်း ရှိသေးကြောင်း ကပုန်း နာရေးကူညီမှု အသင်းထံမှ သိရှိ ရသည်။

မလေးရှားနိုင်ငံ ဆာလာယန်းတွင် စတင်ဖြစ်ပွားခဲ့သည့် မေလ ၃၀ ရက် အကြမ်းဖက်မှု များတွင် မြန်မာနိုင်ငံသားများ သေဆုံးမှုမရှိဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာ၌ ဇွန်လ ၁ ရက်က ပြောဆိုခဲ့သော်လည်း ထိုနေ့၌ပင် မလေးရှားရောက် မြန်မာများက မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်ဟု The Voice သို့ ပြောဆိုခဲ့ကြသည်။
The Voice Weekly