ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေး မွေးဖွားနေပြီး အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကို လျော့ချရန် အကူအညီများ လိုအပ်နေ

ပို့စ်တင်ချိန် - 7/14/2013 12:03:00 AM

ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရ ရက်သတ္တပတ်နေ့ အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေးမွေးဖွားနေပြီး အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျော့ချရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ''ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်'' အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ လူဦးရေသည် သန်း ၆၀ ရှိသည့်အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီး ဦးရေသည် ၂ ဒသမ ၉ သန်းခန့် ရှိကြောင်း၊ မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းများအရ ယင်းအသက်အရွယ် အကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦး ကလေးမွေးဖွားနေကြောင်း၊ ငယ်ရွယ်စဉ် ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်နိုင်ရန် အတွက် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန် ဆောင်ရခြင်းတို့ကို လျော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေကြောင်း ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

''အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်တာ များလာတာ မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ ဒါကတစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပါ။ သူ့မိသားစု၊ သူ့အနာဂတ် ဆိုတာတွေ အကုန်ပါနေပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ဆယ်ကျော်သက် အရွယ်တွေမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်'' ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာနေ၀င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု မြင့်မားနေပြီး မိခင်သေနှုန်း လျော့ချရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားသည့် အချိန်များ၌ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ရေးစနစ် အကောင်အထည် ဖော်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြထားသည်။

Eleven Media Group