စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲ ဒီဇင်ဘာတွင် ကြေညာမည်

ပို့စ်တင်ချိန် - 11/08/2013 09:36:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၆

လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပတော့မည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအဆင့် ပြောင်းလဲရေး အတည်ပြု ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလအတွင်း တရားဝင် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အဆိုပါ စာမေးပွဲစနစ်ကို သဘောတူ လက်ခံထားပြီး ပညာရေး မြှင့်တင်ရေး ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ရန် ကျန်ရှိသောကြောင့် စာမေးပွဲစနစ်သစ် ပြောင်းလဲရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ယခုနှစ်မကုန်ခင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် ဒသမတန်း စာမေးပွဲတို့ကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ လက်အောက်တွင်ထားပြီး စစ်ဆေးခဲ့သော်လည်း ယခုအခါပြောင်းလဲမည့် စာမေးပွဲစနစ်များကို မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီ၊ ပြည်နယ်ကျောင်း အဆင့်လိုက်သာ စစ်ဆေးမည် ဖြစ်ကြောင်း ဦးမျိုးညွန့်က ပြောဆိုသည်။
“စာမေးပွဲစနစ် ပြောင်းလိုက်တော့ အောင်မြင်တဲ့ ကျောင်းသားတွေအတွက် အဆင့်အတန်း သတ်မှတ်ပြီးသား ဖြစ်သွားသလို ကျောင်းတွေရဲ့အဆင့်ပါ ခွဲခြားပြီးသား ဖြစ်တယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ဆွေးနွေးချက်အရ စာမေးပွဲ ဖြေဆိုသူများကို ဒသမတန်း စာမေးပွဲတွင် အသုံးပြုသော Code စနစ် မစစ်ဆေးဘဲ ခုံအမှတ်ဖြင့်သာ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အမှတ်ပေး စည်းမျဉ်းတွင်လည်း အဆင့် အေ၊ ဘီ၊ စီ သုံးမျိုးခွဲခြားပြီး အဆင့်စီ စနစ်နှင့် အောင်မြင်သူများကို အတန်းတင်ပေးခြင်း ရှိ၊ မရှိ ဆက်လက်ဆွေးနွေးသွားရန် ရှိကြောင်း ယင်းအစည်းအဝေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများသည် အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အားလုံး အကျုံးဝင်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးဌာနအဆင့် အခြေခံပညာကျောင်းများ စာမေးပွဲ စစ်ဆေးခြင်း ညှိနှိုင်း ဆွေးနွေးပွဲများကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အပတ်စဉ် ဆွေးနွေးပွဲများလည်း ဆက်တိုက် ကျင်းပလျက် ရှိသည်။
The Voice Weekly