သင်္ကန်းကျွန်းမှတိုက် ၁၂၆ လုံးအား စည်ပင်မှ တရားဝင်ချိတ်ပိတ်

ပို့စ်တင်ချိန် - 7/17/2014 10:06:00 AM



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရပဲ ဆောက်လုပ်နေသော သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်တွင်မှ တိုက်(၁၂၆)လုံးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားဝင် ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဤကဲ့သို့ နေအိမ်များအား ချိတ်ပိတ်ခဲ့ခြင်းမှာ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေခြင်း အပေါ် တားမြစ်ကြောင်း ဆန္ဒဖော် ထုတ်ပြသခဲ့ခြင်းကြောင့် ဖြစ်သည် ဟုလည်း သိရသည်။

“ဆန္ဒပြနေတဲ့ နောက်ပိုင်းမှာ စည်ပင်က ဆိုင်းဘုတ်အနီနဲ့ လာကပ်တော့တာပဲ။ ဆန္ဒပြတဲ့သူတွေ ကလည်း တစ်ဦးမှ အိမ်ရှင် မပါဘူး။ အချို့ဆို ဒီရပ်ကွက်ကလည်း မဟုတ်ဘူး။ သက်သက် ဒီမြေရှင်တွေ ဒုက္ခရောက်အောင် လုပ်တာ” ဟု အဆိုပါ အပိတ်ခံရသည့် အိမ်ရှင်များက ဆိုသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေမှ ချိတ်ပိတ်လိုက်သည့် အဆိုပါ အိမ်ယာများ အတွက် လုပ်ငန်းရပ်ဆိုင်း ထားရပြီး တစ်နှစ်အတွင်း လုပ်ငန်းခွင် ပြန်လည် မလုပ်ဆောင်နိုင်ပါက အိမ်ရှင်များ အနေဖြင့် နေထိုင်ရန် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်ဟုလည်း အိမ်ပိုင်ရှင် တစ်ဦးက ဆိုသည်။

“အိမ်ရှင်တွေက ကန်ထရိုက်တွေဆီကနေ ရတဲ့ငွေနဲ့ စပေါ်လစာပေးပြီး တစ်နှစ်ငှားနေတာ။ ကန်ထရိုက်တွေက ဆောက်ခွင့်မရလို့ မလုပ်ဘဲနေရင် နောက်နှစ်မှာ ငှားနေဖို့ အခက်အခဲ ဖြစ်သွားပြီ။ တစ်နှစ်အတွင်း ပြီးပါမယ်ဆိုပြီး ကတိနဲ့ ဆောက်လုပ်နေကြတယ်”ဟု အိမ်ရှင်တစ်ဦး ဖြစ်သူ အငြိမ်းစား ၀န်ထမ်း ဦးရန်အောင်က ဆိုသည်။

အဆိုပါ ဆောက်လုပ်ဆဲအိမ် ၁၂၆လုံးအား ရန်ကုန်မြို့တော် စည်ပင်မှ ဆောက်လုပ်ခွင့် မပြုဘဲ ဆောက်လုပ်နေသည့် အတွက် တရားရင်ဆိုင်နေချိန်တွင် ပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်ပေးရေး အဖွဲ့မှ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော့်အိမ်က လုံးဝနေလို့ မရတဲ့အတွက် ကန်ထရိုက်ကို အကူအညီတောင်းပြီး ဆောက်ခဲ့တာ။ နိုင်ငံတော်ကိုလည်း အခွန်အခဆောင်ပြီး ဆောက်တယ်။ အခုတော့ တရားစွဲတာလည်း ခံလိုက်တယ်။ အခု သူတို့အသက်အိုးအိမ် ကာကွယ်ရေးအဖွဲ့ကြောင့် ကျွန်တော်တို့မှာ အိမ်ဘေးဒုက္ခသည်များ ဖြစ်နေပြီ”ဟု အဆိုပါ ဆောက်လုပ်ဆဲ အိမ် ၁၂၆လုံးထဲမှ အိမ်ပိုင်ရှင် တစ်ဦးက ပြောဆိုခဲ့သည်။

Tomorrow