ဖေ့စ်ဘွတ်ခ်ကို စတင်ကိုင်တွယ်ခြင်း

ပို့စ်တင်ချိန် - 7/17/2014 10:03:00 AM



ဦးဝီရသူနှင့်ပတ်သက်၍ ဆန့်ကျင်ထားသည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတစ်ခုကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဇွန်လဆန်းပိုင်းက မန္တလေးမြို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှာ မြန်မာနိုင်ငံ၏ လူသုံးအများဆုံး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook အား ညပိုင်းအသုံးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နှစ်ရက်ခန့် ပိတ်ထားခဲ့သည်။

လူဦးရေ ၁ ဒသမ ၇ သန်းကျော် Facebook သုံးစွဲနေသည့် မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် အမုန်းစကားလှုံ့ဆော်မှုများကို Facebook ပေါ်မှတစ်ဆင့် ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များ ကြီးထွားစေသည့်အတွက် ထိန်းသိမ်းနိုင်ရန် ခေတ္တပိတ်ထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်သည့် ရေးသားခြင်းများကို Facebook ကုမ္ပဏီ၏ အကူအညီဖြင့် နိုင်ငံတော်အစိုးရက ၂၄ နာရီ စိစစ်ကန့်သတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူသည် အင်တာနက်သုံးစွဲသူအားလုံးပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည်။

မန္တလေးပဋိပက္ခအတွင်း လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပေါ်နေသည့် သွေးထိုးလှုံ့ဆော်မှုများ၊ ကောလာဟလများနှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် Facebook မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စင်ကာပူအခြေစိုက် အာရှ-ပစိဖိတ် တာဝန်ခံ တာဝန်ရှိသူသုံးဦးကို မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိစစ်အကဲဖြတ်ရန် Facebook မှ တာဝန်ပေးထားသည်။

‘‘Social Media နဲ့ပတ်သက်လို့ အမုန်းတရားပြန့်ပွားနေတဲ့ စကားတွေကို အရပ်ဘက်အဖွဲ့တွေနဲ့ပေါင်းပြီး လွယ်လွယ်ကူကူ မယုံအောင် ပညာပေးဖို့ Facebook၊ Google တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နည်းပညာအရ စိစစ်ဖို့ လိုအပ်ရင် ဥပဒေအရ ဘယ်လိုအရေးယူမလဲဆိုတာကို စဉ်းစားနေတယ်’’ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

အမုန်းစကားများ တားမြစ်စေလိုပြီး တရားဥပဒေစိုးမိုးမှုရှိစေရန် ထိုကဲ့သို့ ပိတ်ပင်ခြင်းမျိုး ဆောင်ရွက်မှုမှာ ကောင်းမွန်သော်လည်း နိုင်ငံရေးအသုံးချ အလွဲသုံးစားလုပ်ပြီး သာမန်သုံးစွဲသူများ၏ အခွင့်အရေးကို ပိတ်ပင်မည်ဆိုပါက နိုင်ငံအတွက်မကောင်းနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ်သူကဆိုသည်။

‘‘နိုင်ငံတော်အနေနဲ့ အခုလိုလုပ်တာကို ကန့်ကွက်စရာမရှိပါဘူး။ စည်းကမ်းဘောင်တွေထဲကနေ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို မထိခိုက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကို တလွဲအသုံးမချအောင် လုပ်ဖို့လိုအပ်ပါတယ်’’ဟု ဦးရဲမြတ်သူက ပြောသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရာတွင် မလိုလားအပ်သော ဆူပူလှုံ့ဆော်မှုများကို Facebook မှတစ်ဆင့် ပြုလုပ်နေသည်ဟုဆိုကာ အသုံးပြုမှုအား ယာယီပိတ်ခဲ့သည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင်မူ Facebook အသုံးပြုမူကို တားမြစ်ထားသည်။

ဘာသာရေးလှုံ့ဆော်မှုတွေကို အကောင့်အတုများဖြင့် ပြုလုပ်သည်ဆိုပါက စုံစမ်း၍ အရေးယူရန်မှာ ခက်ခဲနိုင်သော်လည်း အချို့မှာ အကောင့်တွင် နာမည်အရင်းတပ်၍ ဘာသာရေးလှုံ့ဆော်မှုများကို သိသာစွာ ပြုလုပ်နေခြင်းကို နိုင်ငံတော်အစိုးရက အရေးယူ၊ သတိပေးခြင်း တစ်စုံတစ်ရာမရှိဘဲ Facebook ကို ခေတ္တပိတ်ခြင်း၊ စိစစ်ကန့်သတ်ရန် စီစဉ်နေခြင်းမှာလည်း စဉ်းစားစရာဖြစ်နေသည်ဟု အိုင်တီပညာရှင်များနှင့် ဘလော့ဂါအချို့က သုံးသပ်ပြောသည်။

အွန်လိုင်းပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံ၍ ဖမ်းဆီးနိုင်ရန် တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်စိုးမြိုင်ကဆိုသည်။

‘‘လှုံ့ဆော်မှုတွေကို အရေးယူမယ်လို့ နိုင်ငံတော်သမ္မတကြီးကလည်း ပြောထားတယ်။ အွန်လိုင်းပေါ်မှာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေကို ပိုက်ဆံပေးပြီး ခိုင်းထားသလားတောင် မှတ်ရအောင် တစိုက်မတ်မတ် လုပ်နေတဲ့ လူတွေရှိတယ်။ အခုအချိန်အထိ အရေးယူတဲ့အသံ ဘာမှမကြားရသေးဘူး’’ဟု ဘလော့ဂါ ကိုနေဘုန်းလတ်ကပြောသည်။

ပြီးခဲ့သည့် မန္တလေးပဋိပက္ခ စတင်ခဲ့ရာ အမေရိကန်အခြေစိုက် သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူပြောဆိုခြင်း မရှိသလို လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပါတီဥက္ကဋ္ဌတစ်ဦးက ဘာသာရေးနှင့် ပတ်သက်၍ စော်ကားပုတ်ခတ်ရေးသားနေမှုများကို လွှတ်ပေးထားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် Facebook၊ Google တို့မှ ပညာရှင်များ ပြည်တွင်းအိုင်တီကျွမ်းကျင်သူများ၊ Facebook အသုံးပြုသူများ၊ လူငယ်များနှင့်တွေ့ဆုံ၍  ဇူလိုင်လတတိယအပတ်တွင် ရန်ကုန်မြို့ MICT Park ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည်။

‘‘အခုအချိန်အထိ Plan ကောင်းကောင်းနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးကို မတွေ့ရသေးဘူး။ တားဆီးမှုတွေကို ဘယ်လိုလုပ်သွားမယ်၊ ဒီအတွက် ဘတ်ဂျက် ဘယ်လောက်သုံးသွားမယ်ဆိုတာကို ပြည်သူတွေသိအောင် တရားဝင်ထုတ်ပြန်သင့်တယ်’’ဟု ဦးရဲမြတ်သူက ပြောသည်။

နိုင်ငံတကာတွင် ဆိုက်ဘာဥပဒေများကို ပြည့်စုံစွာ ပြဋ္ဌာန်းထားသောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုးကို အရေးယူဆောင်ရွက်ရန် လွယ်ကူသော်လည်း မြန်မာနိုင်ငံ၌ တရားဥပဒေကဏ္ဍသည် နည်းပညာနှင့် အလှမ်းကွာနေပြီး ဆိုက်ဘာဥပဒေမရှိသေးသည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။

‘‘ဆိုက်ဘာဥပဒေရေးဆွဲဖို့အတွက်ဆိုရင်လည်း ၂ နှစ်လောက် စောင့်ရဦးမယ်။ လတ်တလော အဆင်ပြေဖို့ဆိုရင် ဆက်သွယ်ရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီးတော့ အဲဒီစည်းကမ်းတွေနဲ့မညီတဲ့စာတွေကို ဖြုတ်ပေးပါဆိုပြီး Facebook တို့၊ Google တို့မှာ အကြောင်းကြားထားရင်ရတယ်’’ဟု ဦးမင်းတေဇညွန့်တင်ကဆိုသည်။

မြန်မာနိုင်ငံတွင် နည်းပညာနှင့်ပတ်သက်၍ အရေးယူနိုင်သောဥပဒေမှာ ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတစ်ခုသာရှိပြီး အဆိုပါဥပဒေမှာလည်း ပြည်သူကို အကာအကွယ်ပေးရန်အတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ အခြားရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသည့် အနှစ်မပြည့်ဝသော ဥပဒေတစ်ခုသာဖြစ်ကြောင်း ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် အဆိုပါဥပဒေကို အသုံးပြုပြီး လူရွှင်တော်ဇာဂနာ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလှုပ်ရှားသူများကို အီးမေးလ်တစ်စောင် ထောင် ၁၅ နှစ်၊ အီးမေးလ်လေးစောင်တွေ့သူကို ထောင်အနှစ် ၆၀ အထိ ချခဲ့ဖူးပြီး လက်ရှိတွင် ဥပဒေပါပြစ်ဒဏ်များကို လျှော့ချလိုက်သော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိနေကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်သည်။

အွန်လိုင်းပေါ်တွင် အမုန်းစကားပြော၍ လှုံ့ဆော်နေသူများကို ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး မလိုက်နာပါက အရေးယူခြင်း၊ သတိပေးခြင်းမျိုး ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးက အကြံပြုသည်။

‘‘Facebook နဲ့ပေါင်းပြီး စိစစ်မယ်ဆိုရင်လည်း ပေါ်လစီအရ ဘောင်ထဲကနေပဲ တိုင်ပင်ပြီးလုပ်သင့်တယ်။ ဘာမှတိတိကျကျ မထုတ်ပြန်ဘဲနဲ့ ခပ်တည်တည်နဲ့ စိစစ်မယ်ဆိုတာမျိုးတွေကို ပြောနေမယ်ဆိုရင်လည်း ပြည်သူတွေက ယုံကြည်မှုပျက်သွားနိုင်တယ်’’ဟု ဦးရဲမြတ်သူကပြောသည်။

အွန်လိုင်းပေါ်တွင် အမုန်းစကားများလှုံ့ဆော်ခြင်းကို Facebook နှင့်ပူးပေါင်း၍ စိစစ်ခြင်းအား နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်မည်ဆိုပါက ဘက်လိုက်ခြင်းမျိုး ဖြစ်လာနိုင်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်လာနိုင်သောကြောင့် လွတ်လပ်သောပညာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြည့်သင့်ကြောင်း ပညာရှင်များက အကြံပြုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးအတွက် ဆောင်ရွက်သည့်အခါတွင် တိုင်းပြည်လုံခြုံငြိမ်းချမ်းရေးတစ်ခုတည်းအတွက်ကိုသာမက လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ပြန်ကြည့်သင့်ပြီး ကိစ္စတစ်ခုတည်းကိုသာ ဦးစားပေးလိုက်လျှင် အခြားတစ်ခုတွင် သွားရောက်ထိခိုက်နိုင်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် နည်းပညာဖြင့် အွန်လိုင်းမှတစ်ဆင့် အမုန်းစကားများ ရေးသားကာ လှုံ့ဆော်မှုများ၏ နောက်ကွယ်တွင် နိုင်ငံရေးနှင့် ဆက်နွှယ်မှုများရှိနိုင်ကြောင်း ဘလော့ဂါ ကိုနေဘုန်းလတ်က သုံးသပ်ပြောဆိုသည်။

‘‘မြန်မာနိုင်ငံမှာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့တာဟာ အခုမှမဟုတ်ဘူး အရင်အစိုးရတွေရဲ့ လက်ထက်မှာကတည်းက ရှိနေတယ်။ အခုဖြစ်စဉ်မှာလည်း နိုင်ငံရေးအရ လက်နက်တစ်ခုအနေနဲ့ လှုံ့ဆော်မှုလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်’’ဟု ကိုနေဘုန်းလတ်က ဆိုသည်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူအရေအတွက်- ၁.၇ သန်းကျော်
သုံးစွဲသူအမျိုးသား− တစ်သန်းကျော်
သုံးစွဲသူအမျိုးသမီး− ၆၈၀,၀၀၀

7day daily