ပန်းခြံတွေကို လွတ်လပ်စွာ ပြောဆိုခွင့်နေရာ မသတ်မှတ်နိုင်သေးဘူးလို့ အစိုးရပြော

ပို့စ်တင်ချိန် - 2/28/2014 02:04:00 PM


ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပန်းခြံတွေကို ပြည်သူတွေ လွတ်လပ်စွာပြောဆိုနိုင်တဲ့ နေရာတွေအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ် ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းရာမှာ အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတကာ မြို့ကြီးတွေက ပန်းခြံတွေမှာလို အများပြည်သူတွေ လွတ်လပ်စွာ ပြောဆိုတင်ပြနိုင်တဲ့နေရာအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က မေးမြန်းရာမှာ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

"ပြည်သူတစ်ဦး တစ်ယောက်ချင်းအနေဖြင့် ဒီမိုကရေစီစနစ်နဲ့အညီ လိုက်နာဆောင်ရွက်ရာမှာ လိုအပ်ချက်များ ရှိနိုင်သေးတဲ့အတွက် အဆိုပါလိုအပ်ချက်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အနှောင့်အယှက်၊ ဘေးပရောဂများ ကြိုတင်ကာကွယ်နိုင်ရန်အလို့ငှာ လက်ရှိအခြေအနေမှာ ပြည်သူတစ်ဦးချင်းရဲ့ ယုံကြည်ချက်၊

ထင်မြင်ယူဆချက်များကို လွတ်လပ်စွာတင်ပြနိုင်တဲ့နေရာများကို သီးသန်းသတ်မှတ်ပေးထားပြီး၊ သတ်မှတ်ထားသော စည်းကမ်းများနဲ့အညီ မည်သူမဆို လာရောက်ဟောပြောနိုင်မည့် သီးသန့်နေရာ သတ်မှတ်ဖန်တီး ဖော်ဆောင်ပေးရန် နေရာမရှိသေးပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်"

ပြည်သူ့ဗဟိုပြုစနစ်နဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေချိန်မှာ ပြည်သူတွေရဲ့အသံကို နားထောင်ရမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပေးဖို့ လိုအပ်တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ပြောပါတယ်။

RFA Burmese