ရွေးကောက်ပွဲတွင် သံဃာတော်များ ဆန္ဒမဲပေး ပိုင်ခွင့်အား သဘောမတူဟု ဦးဌေးဦး ပြော

ပို့စ်တင်ချိန် - 5/17/2014 01:05:00 PM




ရွေးကောက်ပွဲများတွင် သံဃာတော်များဆန္ဒမဲပေးပိုင်ခွင့် ရှိပါက ၎င်း အနေဖြင့်
သဘောမတူနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦး
က  မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။          

ယမန်နေ့က Sky Star Hotelတွင် ကျင်းပပြုလုပ်ခဲ့သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲ ဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးပွဲ ခေတ္တ ရပ်နားခိုက် မီဒီယာ များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ  အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ပွင့်လင်းရာသီတွင်  ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သံဃာတော်များဝင်ရောက်မဲပေးခွင့်ရရှိရေးအတွက် သံဃာတော်များကဆန္ဒပြုလက်မှတ်ကောက်ခံကာနိုင်ငံတော်သမ္မတ  ဦးသိန်းစိန်ထံတောင်းဆိုသွားမည်  ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို) မကွေးကျောင်းတိုက်ဆရာတော်  အရှင်ပါမောက္ခက The Voiceသို့မိန့်ကြား ထားသည်။

နိုင်ငံရဲ့ သမိုင်းကြောင်းအရဆိုရင် ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးတာမရှိဘူး။သာသနာရေးဝန်ထမ်းတွေဟာမဲပေးပိုင်ခွင့် မရှိဘူး။ ဘာသာရေးကို လုပ်နေတဲ့ဘုန်းတော်ကြီး တွေဟာ မဲပေးပိုင်ခွင့်မှမရှိတာ။တခြားနိုင်ငံမှာရှိ ကောင်းရှိမှာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ မရှိဘူး၊ ဘာသာရေးကို အကြောင်းပြပြီး မဲမဆွယ်ပါနဲ့လို့ ပြောထားတယ်  ဟု ဦးဌေးဦး က ပြောသည်။

ဆရာတော် သံဃာတော်များ အနေဖြင့် မဲဆွယ်နေပါက ဒကာများကြားတွင် စည်းလုံး ကွဲပြားခြင်းဖြစ်နိုင်ကြောင်း၊ ဘာသာရေး ကစ၍ စည်းလုံးမှုပြိုကွဲနိုင်ခြင်း လူပုဂ်္ဂိုလ်ကိုအကြောင်းပြု၍ အဖွဲ့အစည်းပေါ်အကြောင်းပြု ၍၊ စည်းလုံး ညီညွတ်မှုပြိုကွဲခြင်းများဖြစ်နိုင် ကြောင်း၊ ယင်းအတွက်ကြောင့် သံဃာတော် များ ဆန္ဒမဲပေးပိုင်ခွင့်အား ၎င်း အနေဖြင့် သဘောမတူနိုင်ကြောင်း ၎င်း က ဆိုသည်။သံဃာတော်တွေ မဲပေးပိုင်ခွင့်ကိုဘယ်အချက်ကို ထောက်ပြပြီးတော့လက်မခံနိုင်ဘူးလို့ ဦးဌေးဦးပြောတာလဲ ပြန်မေးချင်တယ်။

ဘင်္ဂလားဒေ့ရှ် က၀င်လာတဲ့ ဘင်္ဂါလီတွေကျတော့ လ.၀.က,က ပိုက်ဆံယူပြီး White Card  ထုတ်ပေးတယ်။ White Card နဲ့ မဲပေးခွင့်ပေးတယ်။ သံဃာတော်တွေကျ တော့ မဲပေးခွင့်မပေးဘူး။ အခုဆိုလွှတ်တော်ထဲမှာ ဘင်္ဂါလီအမတ် တွေတောင်ရှိနေပြီ။မြန်မာပြည် ကိုချစ်တဲ့သူတွေက မြန်မာပြည်ကောင်း အောင်မဲပေး ချင်တာ ဘာဖြစ်လဲ။ ဘင်္ဂလားဒေ့ရှ်ချစ်တဲ့ သူတွေက ဘင်္ဂလားဒေ့ရှ်ကို မဲပေးကြပေါ့။

ဥပဒေမှာ ရဟန်း၊ သံဃာ၊ မယ်သီလရှင်၊ အရူး မဲပေးပိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ သံဃာတော်တွေ မဲပေးပိုင်ခွင့်မရှိရင် သံဃာတော်တွေနဲ့ အရူးတွေကို တစ်ဂိုဏ်းတည်းထားတာပဲ ဟု သံဃာတော်များ ဆန္ဒမဲပေးပိုင် ခွင့်ရရှိလာအောင် ဆောင်ရွက်နေသည့်  မကွေးကျောင်းတိုက် ဆရာတော် ဥူးပါမောက္ခ က The Messenger  သတင်းစာသို့ မိန့်ကြားသည်။

ယခုလ(၁၃)ရက်နေ့က ကမ္ဘာအေး လိုဏ်ဂူတွင် ကျင်းပပြုလုပ်သော ပဉမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ အစည်းအဝေးပွဲတွင် သံဃာတော်များဆန္ဒမဲပေး ပိုင်ခွင့်နှင့်ပတ်သက်၍  ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့၏ ဆုံးဖြတ်ချက်စာရွက်များအား တက် ရောက်လာသော သံဃာတော်များထံ ဖြန့်ဝေခဲ့သည်။

ယင်းဆုံးဖြတ်ချက်စာရွက်တွင် သံဃာတော်များအား ဆန္ဒမဲပေးပိုင်ခွင့်ပြုလိုက်ပါက မဲဆန္ဒခံ ယူသွားသည့် အမတ်လောင်းသည် လွှတ်တော်ထဲသို့ ရောက်လာသောအခါ ဥပဒေပြုလုပ်ပြဋ္ဌာန်းပေးကြရကြောင်း၊ ထိုကဲ့သို့ပြဋ္ဌာန်းရာ၌ လူသတ်ရန် ဥပဒေနှင့် သူတစ်ပါးပစ္စည်း အနိုင်အထက် သိမ်းပိုက်ရယူရန် ဆုံးဖြတ်သည့် ဥပဒေကိုထောက်ခံမဲပေး လိုက်ပါက ထိုအမတ်၏  ဆန္ဒသည် မူလမဲပေး လိုက်သော ရဟန်းတော်၏ ဆန္ဒပါဝင်သွားသောကြောင့် ရဟန်းတော်များအနေဖြင့် မဲပေးရန်ခွင့်မပြုသင့်ဟု  ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။


Credit : The Messenger News daily