အာဏာရှင်ယုံ အကုန်ကန်း-ဘ၀ထဲမှာ ငုတ်ရိုက် မထားချင်ကြပါနဲ့

ပို့စ်တင်ချိန် - 5/17/2014 12:59:00 PM

သမ္မတကြီးရဲ့စကားကို ကြားရတာ ဒီဖွဲ့စည်းပုံအခြေခံကို မပြင်ချင်တဲ့သဘောလို့ မြင်ရတယ် ... 
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်

ကျနော်တို့ရဲ့တောင်တန်းတွေ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ 
အာဏာနဲ့နိုင်ရာစီးဖြစ်နေတဲ့ တောရိုင်းဥပဒေလိုဖြစ်နေတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ 
နိုင်ငံခြားမှာ အိမ်ဖော်သွားလုပ်နေရပြီး ဘ၀အခြေနိမ့်ကျနေရတဲ့ ကျနော်တို့နိုင်ငံသား ညီမငယ်တွေကို ကယ်တင်နိုင်ဖို့ 
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ 
(ဦးမင်းကိုနိုင် ဟောပြောချက်မှ ကာက်နှုတ်ချက်)
ဓါတ်ပုံ - National League for Democracy

                   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ဆောင်ရွက်မှု ကို အရှိန်မြှင့် လုပ်ဆောင်ဖို့ အတွက် (၁၇.၅.၂၀၁၄) ရက်နေ့မှာ ရန်ကုန်မြို့နဲ့ (၁၈.၅.၂၀၁၄) နေ့မှာ မန္တလေးမြို့တို့မှာ ဟောပြောပွဲများ ကျင်းပပြုလုပ် သွားမယ်လို့ သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီဟောပြောပွဲများ အပြီးမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လက်ထောင် အသံထုတ် ဆန္ဒထုတ်ဖော်ကြ ခြင်းထက် လက်မှတ်များ ရေးထိုးပြီး ဆန္ဒခံယူကြမယ် ဆိုတဲ့ နောက်ဆက်တွဲ အရှိန်မြှင့် လုပ်ဆောင်ချက် ကိုလည်း လုပ်ဆောင် သွားကြဖို့ ကြေညာချက် မှာ ပါရှိလာပါ တယ်။

                          အဲဒီကြေညာချက် ထွက်လာပြီးတဲ့ အခါ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်နေရတဲ့ အကျပ် အတည်းတွေ ကို သိမြင် နားလည်ကြသူတွေ က တစ်ခဲနက် ထောက်ခံတဲ့ အသံများ ထွက်လာပေမယ့် ဒီအခြေအနေ ဟာ နောက်ပြန်လှည့် သွားနိုင်တဲ့ အခြေအနေ တစ်ခုကို တွန်းပို့လေ မလားလို့ လှံဖျားပုစဉ်း နားတာကို မြင်ရတဲ့ ကျီးကန်းလို ကြောက်ချေး ချမ်းမိကြသူတွေ၊ ဒီလို အခြေခံ ဥပဒေပြင်ဆင်ရေး ကို ထောက်ခံ သူတွေ ကလည်း ထောက်ခံ ဆန္ဒထုတ်ဖော်ကြ သလို  မပြင်ချင် သူတွေက ကန့်ကွက် ဆန္ဒပြကြရင်း အောက်ခြေမှာ ပဋိပက္ခ တွေဖြစ်လာရင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ကို ရိုးရိုးရှင်းရှင်း ဖော်ပြ လာသူတွေ၊ လက်ရှိ အခြေအနေမှာ စစ်တပ် က ထုထည် တစ်ခုနဲ့တည်ဆောက် ထားတာမို့ စစ်တပ်ကို ဖိအားပေးတဲ့ အခြေအနေ တစ်ခုကို ရောက်သွားရင် ဆိုးကျိုး တစ်စုံတစ်ရာ ဖြစ်လာနိုင် တယ်လို့ ယူဆသူတွေ၊ လက်ရှိ အခြေအနေ ဟာ ယခင် တပ်မတော် အကြီးအကဲက ဖန်တီး ပေးခဲ့တာမို့ အဲဒီ အခြေအနေ ထက်ပိုပြီး ပြင်းထန်တဲ့ တောင်းဆိုမှု တွေဖြစ်လာရင် နောက်ကြောင်း ပြန်ရာဒီကယ် လှိုင်းတွေနဲ့ ရင်ဆိုင် ရနိုင်တယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အတင်းအကျပ် လူထုအားနဲ့ ဖိအားမပေး ဘဲ ဒီအခြေခံဥပဒေကိုပဲ လက်ခံပြီး ရွေးကောက်ပွဲ ၀င်ဖို့ အစိုးရ ဖြစ်အောင် လုပ်ဖို့၊ ပြီးမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကြိုး ပမ်းဖို့ ဆိုတဲ့ အသံတွေ လည်း ဟိုနားတစ်ပွက် ဒီနားတစ်ပွက် ထွက်လာခဲ့ပါတယ်။

                          ဒီလိုအသံတွေ ထဲမှာ အတော်ကို မဟာဗျူဟာ ကျကျ နားချ လာတဲ့ စကားသံ တစ်ခုက စာရေးသူဆီ ကို လေလှိုင်း စာမျက်နှာ ကနေ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ ခဲ့ပါ တယ်။ အဲဒီလေလှိုင်း စကားသံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်း/ပွင့်တို့ရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုအင်အား ယူရေး လုပ်ဆောင်ချက် ကို အတော်လေး ဝေဖန် ထားတာမို့ မပြောမဖြစ်တဲ့ စကားတွေ ကို ပြောဖြစ် ရပြန်ပါတယ်။

                          အဲဒီ ဝေဖန်ချက်မှာ ဖော်ပြထားတာ က  အပြန်အလှန် ၀ိရောဓိကနေ ပဋိပက္ခ ဖြစ်လာနိုင်တဲ့  Issue တွေကို ခဏမေ့ထားပြီး လတ်တလော၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ဖို့ သေချာသလောက် ဖြစ်နေတဲ့ NLD ပါတီအတွက် မိမိပါတီက နေ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတော်ဆုံး လွှတ်တော် ကိုယ်စားလှယ် တွေရွေးပြီး ရွေးကောက်ပွဲ ၀င်ဖို့  နဲ့ အကောင်းဆုံး လို့ ပြောနိုင်မယ့် အရည်အချင်း ပြည်ဝ သူတွေ ပါဝင်တဲ့ အစိုးရ ဖွဲ့နိုင်ရေး ဦးတည် ပြင်ဆင် ဆောင်ရွက် သင့်တယ်။ ဒါမှ ၂၀၁၆ အာဏာ လွှဲပြောင်း လက်ခံ ရေး အစီအစဉ် ချောမွေ့မယ်။ လက်ရှိ  ဖွဲ့စည်းပုံ ပြင်ဆင် ရေး လူထုအားနဲ့ ဖိအားပေးရေး လုပ်ရပ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲ ကို အနှောင့်အယှက် ဖြစ်စေသလို ငြိမ်းချမ်း စွာ အာဏာ လွှဲပြောင်း လက်ခံရေးနဲ့ အသွင် ကူးပြောင်း ရေး အစီအစဉ်ကို အနှောင့် အယှက် ဖြစ်စေနိုင်ပါတယ်။ အဲဒီလို ဆိုရင် ၂၀၁၆ မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင် သေးပေမဲ့  နိုင်ငံတည်ငြိမ် အေးချမ်းစွာ နဲ့ အရပ်သား အစိုးရ စစ်စစ်လက် သို့ ချောချော မွေ့မွေ့ အာဏာ လွှဲပြောင်းရေး အတွက် Trade off လုပ်ရမယ်။ ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဖွဲစည်းပုံ ပြင်ဆင်ရေး နဲ့ NLD အတွက် Capacity Building ဆက်လက် ဆောင်ရွက် နိုင်တယ်။ NLD အနေနဲ့ အန်တီစု သမ္မတ မဖြစ်နိုင်ရင် NLD ထဲက ဘယ်သူ့ကို သမ္မတ ရွေးမယ်ဆိုတာ အရေး ကြီးတဲ့ ပြင်ဆင်မှု လုပ်ရမယ် (ဒီစကားလုံးတွေ ကို ကြား ဖူးတာ ဒီတစ်ခါတည်း တော့ မဟုတ်ဘူးလို့ သတိပြုမိပါ တယ်)။  အစိုးရဖွဲ့နိုင်ပြီ ဆိုတော့မှ စစ်တပ်နဲ့ အပြန်အလှန် ညှိနှိုင်းစည်းရုံး ဆွေးနွေး သင့်တယ်။ အဲဒီအခါ ကာ/လုံ အပတ်စဉ် အစည်း အဝေးများမှာ ကာကွယ်ရေး ဦးစီချုပ် အပါအ၀င် တပ်မတော် ခေါင်းဆောင်တွေနဲ့ အပြန်အလှန် နားလည်မှုရ အောင် ညှိနှီုင်း ဆောင်ရွက်နိုင်ပါတယ် (၁၁မဲမှာ ၆မဲကို ကာချုပ်လက်ထဲ ထည့်ပေးထားတဲ့ ကာ/လုံမှာ ညိနှိုင်းရမယ်ပေါ့ )လို့ ဆိုပါတယ်။

                          ဒီသဘောတရား က မြန်မာ့နိုင်ငံရေး မှာ ရိုးတွင်း ခြင်ဆီ အထိ ကင်ဆာအမြစ် စွဲသလို စွဲကပ်နေတဲ့ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ဆိုတာကြီးကို ဘယ်တော့ မှ လက်မလွှတ်လိုတဲ့ စစ်အာဏာရှင်တို့ရဲ့ စိတ်သဘောထား ကို မစောကြောမိရင်၊ တပ်မတော် ခေါင်းဆောင် ပိုင်းတွေ က နိုင်ငံမှာ စီးပွားရေး လုပ်ငန်းကြီးတွေကို ဘယ်လို ပါဝင် ပတ်သက် လုပ်ဆောင်နေတယ်၊ အဲဒီအကျိုး စီးပွားတွေကို နည်းလမ်း အဖုံဖုံနဲ့ ကာကွယ် စောင့်ရှောက် ဖို့လုပ်နေကြတယ် ဆိုတာကို မစေ့ငုမိရင် မှန်ကန်တဲ့ သဘောတရား တစ်ရပ်လို့ လက်ခံကောင်း လက်ခံမိမှာ ဖြစ်ပေမယ့် အဲဒီအချက်တွေ ကို လေ့လာ မိရင်တော့ ဘယ်လိုမှ အသုံးချလို့မရတဲ့ စိတ်ကူး စိတ်သန်း တစ်ခုလို့သာ သတ်မှတ် ရမှာဖြစ်ပါတယ်။ ရေထဲကငါးကို အကောင် ရေတွက် ရသလိုဖြစ်မှာစိုးလို့ စစ်တပ် အကြီးအကဲများရဲ့ သဘောတရားကို ဘေးဖယ်ထားပြီး ၂၀၁၅ မှာ NLD  အစိုးရ ဖြစ်နိုင်ရေးကို ကြိုးပမ်းပြီး အစိုးရ ဖွဲ့နိုင်ပြီ ဆိုတော့မှ စစ်တပ်နဲ့ အပြန်အလှန် ညှိနှိုင်း စည်းရုံးသင့်တယ် ဆိုတဲ့ စကားကိုပဲ လက်တွေ့ကျကျ ဆွေးနွေးချင်ပါတယ်။

                      ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် စတင် ဆောင်ရွက်စဉ်မှာ ပဲ လေးပွင့်ဆိုင် တွေ့ဆုံရေးကို ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒါကို နိုင်ငံတော် အကြီးအကဲက ငြင်းပယ် ခဲ့တာ မဟုတ်ပေမယ့် လက်မခံ ဘဲ ရှောင်လွှဲ ခဲ့ပါတယ်။ တပ်မတော် အကြီးအကဲဆီက လည်း ဘာမှ မတုံ့ပြန်ခဲ့ဘဲ လျစ်လျူရှုခဲ့တယ် ဆိုတာ အထောက် အထားတွေ ရှိပါတယ်။ အဲဒီ အတွက် အစိုးရ ဖွဲ့နိုင်ပြီးမှ စစ်တပ်နဲ့ အပြန်အလှန် ညှိနှိုင်း စည်းရုံးမယ် ဆိုတာဟာ ဖြစ်နိုင်ပါ့မလားလို့ သံသယ ဖြစ်စရာပါ။ တကယ်တမ်း ညှိနှိုင်း ဆွေးနွေးမှုကို လက်ခံလိုစိတ် ရှိတယ်ဆိုရင် လေးပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းရေး ကို လက်ခံခဲ့ ကြရမှာပါ။ ပိုမို ခိုင်မာတဲ့ ကျယ်ပြန်တဲ့ ဆွေးနွေးပွဲ ဖြစ်အောင် တိုင်းရင်းသား ခေါင်းဆောင်များ ကိုပါ ဖိတ်ခေါ် သင့်တယ် ဆိုတဲ့ ဖြည့်စွက် ချက်မျိုးနဲ့ လက်ခံခဲ့ သင့်တဲ့ အချိန်မျိုးမှာ တောင် လက်မခံခဲ့တဲ့ သူတွေဟာ နောင် တစ်ချိန်ကျမှ လက်ခံမယ် ဆိုတာကော ဖြစ်နိုင်ပါ့မလားလို့ မေးစရာ အကြောင်းအရာ တစ်ခုဖြစ်နေပါတယ်။

                          NLD  က ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တာဟာ လွှတ်တော် တွင်းနိုင်ငံရေး ကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လွှတ်တော်တွင်း နိုင်ငံရေး ဆိုရာမှာ မဆိုစလောက် (၄၃) နေရာသော ကိုယ်စားလှယ် ဦးရေနဲ့ မဲခွဲတိုင်း ရှုံးနိမ့်မယ် ဆိုတာကို သိသိကြီးနဲ့ လွှတ်တော် တွင်းကို ၀င်ရောက် ခဲ့တာဟာ သူတို့ရဲ့ ကြွေးကြော်သံ (၃)ရပ်ထဲက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်ဖို့ အနီးဆုံး နေရာကို ချဉ်းကပ်ခဲ့တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ တွေ့မြင်ရပါ တယ်။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်ဟာ အထက်ကပြော ခဲ့တဲ့ အတိုင်း ညှိနှိုင်း ဆွေးနွေးမှုကို လက်မခံနိုင် ကြတဲ့ သဘောထား များကြောင့် မှန်းချက် မကိုက်ဖြစ် ခဲ့ရပါ တယ်။ ၂၀၁၅ မှာ NLD ကပဲ အများစု အနိုင်ရလို့ဖြစ်ဖြစ်၊ မိတ်ဆွေ ပါတီများနဲ့ မဟာမိတ်ပြုလို့ အများစု နေရာရ သည် ပဲဖြစ်ဖြစ် အစိုးရဖွဲ့နိုင်ခဲ့ပြီ ဆိုကြပါစို့၊ အဲဒီအခါမှာ ညှိနှိုင်း ဆွေးနွေးဖို့ ခေါ်လို့ တပ်မတော် အကြီးအကဲက ဆွေးနွေးရန် မလိုပါ၊ (ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ လုပ်ခဲ့တဲ့ အတိုင်း ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းသာ လိုက်နာ ဆောင်ရွက်ကြပါ လို့ တရားသေ စကား ဆိုခဲ့ရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့် ရှောက်မည် ဆိုတာကြီးကို အသေဆုပ်ကိုင် ထားခဲ့ရင် အာဏာရပါတီ အစိုးရက ဘာကို ဘယ်လို ဆက်လုပ်ကြ ရမယ်ဆိုတာ များစွာ အခက်အခဲ တွေ့ရပါတော့မယ်။ ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော် က သဘောတူ ထောက်ခံမှ သာ ပြင်ဆင် ရမည်ဆိုတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ အောက်မှာ ကြိုးပမ်းသမျှ လျှာအလျားသား ထွက် ပက်လက် လန်ရတဲ့ အခြေအနေ နဲ့ပဲ ရင်ဆိုင်ရ ပါလိမ့်မယ်။ အဲဒီအခါကျ မှ အာဏာရ အစိုးရက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုဆန္ဒ ခံယူပွဲတွေ ပြန်လည် လုပ်ဆောင်ရမယ် ဆိုရင်တော့ ဟန်ကျမယ် မထင်။ ကမ္ဘာမှာလည်း ဤသို့ အစိုးရက ဦးဆောင်ပြီး ဆန္ဒ ထုတ်ဖော် ရသော ဖြစ်ရပ်ရှိဘူးမည် မထင်ပါ။

                          အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုအား ကိုရယူတဲ့ လုပ်ဆောင်ချက် ဟာ မြန်မာ့ နိုင်ငံရေး အကျပ် အတည်း ကို လက်တွေ့ကျကျ ဖြေရှင်းခြင်း ဖြစ်ပါတယ်။ ဆုပ်ထားတဲ့ လက်တွေ ဖြန့်ဖို့ ဖြစ်ပါတယ်။ ဒီလိုအခြေ အနေမှာ ဝေဖန်လာတဲ့ စကားထဲက ဖွဲစည်းပုံ ပြင်ဆင်ရေး ဦးစားပေး နိုင်ငံရေး ဗျူဟာ (Strategy) နဲ့ နည်းလမ်း (Tactics) ဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးအပေါ် အနုတ် လက္ခဏာ တန်ဖိုးများ ဖြစ်နေပါတယ် ဆိုတဲ့ စကားဟာ အခြေအမြစ် ကင်းမဲ့တဲ့ စကား ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို မပြင်နိုင် ခဲ့ရင် ဒီမိုကရေစီ လမ်းစဉ်နဲ့ မကိုက်ညီတဲ့ ဥပဒေများ ကို ပြင်ဆင်နိုင်မှာ မဟုတ် ပါဘူး။ အဲဒါဆိုရင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆိုတာလည်း ဘယ်လိုမှ ဖြစ်မလာ နိုင်ပါဘူး။လွယ်ကူ ရှင်းလင်းတဲ့ ဥပမာ ပေးရရင် န၀တ/နအဖ ခေတ်က တပ်မတော် သား ဗိုလ်ချုပ်ကြီး တွေ နာမည်မှာ ဦးတပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကိုဝင်ဖို့အတွက်  ၀တ်ထားတဲ့ စစ်ဝတ်စုံ ယူနီဖောင်းကို မချွတ်ဘဲ အပေါ်က တိုက်ပုံနဲ့ ပိုးလုံချည်ကို ထပ်ဝတ်ဆင် လို့ရတာ မဟုတ်ပါဘူး။ အရင်ဆုံးတော့ စစ်ယူနီဖောင်း ကို ချွတ်ရ ခွာရပါတယ်။ ဒီမိုကရေစီ အသွင် အမှန်တကယ် ကူးပြောင်းဖို့ ဆိုရင် အာဏာရှင်စနစ် အကြွင်းအကျန် တွေကို ဖယ်ရှားနိုင်မှ စစ်တပ်ရဲ့ ကြီးစွာသော လွှမ်းမိုးမှုတွေ ကို အရင်လျှော့ချ နိုင်မှ ဖြစ်မှာပါ။

                          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်း/ပွင့်တို့ ရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေ ဟာ ၂၀၁၅ ရွေးကောက်ပွဲ နဲ့  ၂၀၁၆ ချောမွေ့ ငြင်သာစွာ အာဏာလွှဲ ပြောင်း လက်ခံရေး အပေါ် ထည့်သွင်း စဉ်းစားမှု မရှိသည့် အမြော်အမြင် နည်းသော နိုင်ငံရေးမီးရှူး မီးပန်းဗျူဟာ ဟု မြင်ပါသည်  ဆိုပြီး ရိုက်သူကို အပြစ်မတင်၊ အရိုက် ခံရအောင် ဘာကြောင့် လုပ်သလဲလို့ ပြစ်တင်စကား ဆို လာသူတွေ ကိုတော့ ရှည်ရှည် ဝေးဝေး နားချပြောနေဖို့ ဖြစ်မယ် မထင်ပါဘူး။ ထိုသူတို့ စိတ်မှာ  ယုံကြည်မျှော် လင့်နေတဲ့ ဒီမိုကရေစီရေချိန် မြင့်လာရင် စစ်တပ်က တစ်နေ့နေ့ဖြေလျှော့ပေးသွားလိမ့်မယ် (သို့သော် ဘယ် နေ့မှန်းမသိ၊ အခြေခံဥပဒေ တွင် လည်း ထည့်သွင်းမထား၊ ကာ/ချုပ်၏ စိတ် သဘောထား တစ်ခု အပေါ်တွင်သာ မူတည်) ဟူသည့် မျှော်လင့်ချက်၊ ဒီမိုကရေစီ အနံ့ မထွက် သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုကို မျှော်လင့်ချက် တို့သည်... တစ်နေ့သော် ပြုတ်ကျ လာနိုးနိုးဖြင့် နောက်မှ ပါးစပ်ပြင်နေ သည့် မျှော်ကိုးချက် ဟုသာ စကားတုံ့ ဆိုချင်ပါတယ်။

                          ဘယ်လောက်များ အယူအစွဲ သန်နေတယ် မသိနိုင် တော့ပါဘူး။ အဲဒီလို အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု အားဖြင့် ကြိုးပမ်းမှုတွေ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ နှင့် ၂၀၁၆ အာဏာ လွှဲပြောင်းရေးမှာ အခက်အခဲများ ပေါ်ပေါက် လာပါက စစ်တပ်မှာသာ တာဝန်ရှိသည် ဟု မပြောနိုင်ပဲ NLD တွင်လည်း တစ်စိတ် တစ်ပိုင်း တာဝန်ရှိ သည်ဟု ထင်မြင် ယူဆပါသည်ဟု အပြစ်တင် စကား ဆိုလာပါသေးတယ်။ အဲဒီလိုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ၂၀၁၆ အာဏာ လွှဲပြောင်း အပြီးမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်း ထိထိ ရောက်ရောက် မပြင်ဆင်၊ စစ်တပ် ကလည်း အရင်လို၊ အရင်အတိုင်း  လွှမ်းမိုးထား မယ်ဆိုရင် ဘယ်သူတွေမှာ တာဝန်ရှိမလဲ ဆိုတာကို လည်း  ထုတ်ဖော် ပြောဆိုပါဦးလို့ တိုက်တွန်းချင် ပါတယ်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ကို သွားရာလမ်းဟာ  ရွေးကောက်ပွဲ ယာဉ်ရထားဖြင့် သာ ဖြတ်သန်း ရတယ် ဆိုသော်လည်း ထိုယာဉ်ရထား မောင်းနှင် သွားရမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လမ်းမကြီးကို အတားအဆီး အနှောင့် အယှက် ချိုင့်ခွက်၊ ဆူးကျင်း၊ မိုင်းကွင်း တို့ဖြင့် ခင်းကျင်း ထားခဲ့ရင် ဒီမိုကရေစီ ခရီးသည်တို့ ဘယ်သို့ ဘယ်ပုံ စိတ်ဖြောင့် လက်ဖြောင့် သက်သောင့် သက်သာ ရန်ကွာ ဘေးမသန်း လှမ်းနိုင်ကြပါမလဲ ဆိုတာလေးလည်း တွေး ခေါ် မြော်မြင်တင်ပြ စေချင်ပါ သေးတယ်။

                          ကျွန်ယုံတော့ တစ်ဖက်ကမ်း၊ သားသမီးယုံ စုံလုံး ကန်းလို့ ရှေးက စကား ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဏာရှင်တွေ လက်အောက် မှာတော့ သူတို့ပြောသမျှ ဆိုသမျှ ယုံခဲ့ကြရ တာကြောင့် မျက်စိများ၊ နားများ ပင်မကဘဲ စိတ်ဓာတ်တွေပါ ကန်းခဲ့ရပါတယ်။ အခုလည်း ငြိမ်းချမ်းရေး စကားဆိုရာ မှာ တောင် ၂၀၀၈ ဥပဒေဘောင် အတွင်းက ဆိုတဲ့ စကားလုံးကြီး ကို ထုတ် ထုတ်ပြီးသုံးလာတဲ့ အသံတွေကို လည်း ကြားတယ် ရှိအောင် နားထောင် စေချင်ပါတယ်။ ကိုယ်တိုင် အာဏာရှင်ကို ယုံ မှတ်ပြီး ကိုယ့်ကြမ်္မာကိုယ်မဖန်တီးဘဲ ပုံအပ်ချင်အပ်ကြ ပါ၊ ပြည်သူတွေ ကိုတော့ အာဏာရှင်ယုံ အကုန်ကန်း ဘ၀ ထဲမှာ ငုတ်ရိုက် မထားချင်ကြ ပါနဲ့တော့။

ထင်လင်းဦး ( Wisdom Villa )
Messenger News Journal