ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းသည့်ကိစ္စ ဗိုလ်ချုပ်ဂွမ်မော် ဖြေရှင်း

ပို့စ်တင်ချိန် - 5/17/2014 11:40:00 AM


မြစ်ကြီးနား၊ မေ ၁၆

ကေအိုင်အေ တပ်ဖွဲ့ဝင်များက ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း ကိစ္စမှာ လက်ရှိ ကေအိုင်အို အဖွဲ့အစည်း၏ ခံယူချက်များကို ရှမ်းတိုင်းရင်းသားများအား ရှင်းပြနိုင်ခြင်း မရှိသည့် အနေအထားကြောင့် နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မေလ ၁၅ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းအတွင်း ဒေသခံလူထုနှင့် တွေ့ဆုံရာ၌ ဖြေရှင်း ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ကေအိုင်အေမှ လူသစ် စုဆောင်းသည့်အပေါ် ရှမ်းလူမျိုးများက ပြစ်တင် ဝေဖန်နေခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ဒါတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး နည်းပါးတဲ့အခါ အယူအဆတွေ လွဲမှားတာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားအရ ကျွန်တော်တို့ ဒီကိစ္စအပေါ် သတိထားဖို့ လိုအပ်တယ် ဆိုတာလည်း သိပါတယ်” ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က ဆိုသည်။

ကချင်နှင့် ရှမ်းလူမျိုးများသည် သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် ဌာနေလူမျိုးများ ဖြစ်သည်နှင့်အညီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် (မဆလ) က ဖိနှိပ်ခံရသောကြောင့် အတူတကွ တော်လှန်ကြမည် ဟူသော ခံယူချက်ဖြင့် ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် ကချင်နှင့် ရှမ်းလူမျိုးများကို တပ်သားသစ်များ အဖြစ် စုဆောင်းရေး လုပ်ခဲ့ကြောင်း၊ လိုအပ်သည့် ရိက္ခာများ ကောက်ခံရာတွင် ရှမ်းနှင့် ကချင်အိမ်များမှ အချိုးတူ ကောက်ခံခဲ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက် ပြောကြားသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သော ရက်ပိုင်းက ကေအိုင်အေမှ လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ခြင်းမှာ ကေအိုင်အို ဗဟို၏ ညွန်ကြားချက် မပါဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်၍ တပ်ရင်း ၄ မှ တပ်ရင်းမှူးကို အရေးယူထားကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က ဆိုသည်။

ရှမ်းလူမျိုးများကို ကေအိုင်အေမှ လူသစ် စုဆောင်းခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော မေလ ၁၃ ရက်နေ့က ကေအိုင်အို အလုပ်အဖွဲ့ရုံး ရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ရှမ်းလူမျိုးများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်မှ ခေါ်ယူတွေ့ဆုံကာ ပြန်လွတ်ပေးရန် ကတိပြုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု NCCT အဖွဲ့နှင့် မြစ်ကြီးနားမြို့ ဒေသခံလူထုတို့ ပထမဆုံးအကြိမ် မေလ ၁၅ ရက် တွေ့ဆုံပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယင်းအဖွဲ့က ရှင်းလင်း ဖြေကြားခဲ့သည်။

“ကျွန်တော်တို့က အေးဆေးပဲ နေချင်တာ။ ကချင်မှာက ဌာနေ တိုင်းရင်းသား ဖြစ်နေတော့ ကေအိုင်အိုက စစ်သား စုဆောင်ရေး ဆိုရင်လည်း လိုက်သွားရတယ်။ အဲ့ဒီတော့ မိသားစုက ကေအိုင်အို ဖြစ်နေတော့ စစ်တပ်က ပြဿနာရှာလည်း ခံရတယ်။ အဲဒါကို ဖြေရှင်းပေးဖို့ ကေအိုင်အိုကို စာပို့ထားတယ်။ အစိုးရကိုလည်း ဖြေရှင်းပေးဖို့ ပြောထားတယ်။ အခုထက်ထိ ခံနေရတုန်းပဲ” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းထင်လင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်၌ တပ်မတော်နှင့် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သော ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ်နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြစ်ကြီးနား) တို့က တိုက်တွန်းထားသည်။


The Voice Weekly