လူပျိုဆောင်အတွင်းအိပ်ပျော်နေသူ လေပြင်းတိုက်ခတ်၍ သစ်ပင်ပိကာသေဆုံး

ပို့စ်တင်ချိန် - 5/17/2014 04:48:00 AM


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်ကျေးရွာတွင် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက လေပြင်းတိုက်ခတ်ခဲ့ရာ လူပျိုဆောင်အတွင်း၌ အိပ်ပျော်နေသူ လူတစ်ဦး သစ်ပင်ပိ၍သေ ဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သေဆုံးသူမှာ ကိုမင်းသူ အသက်(၁၈)နှစ်၊ (ဖခင်အမည်) ဦးကိုမင်း ရွှေလှေကျေးရွာ၊ ပဲခူးတိုင်းဒေသကြီး တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ထိုသူသည် ကံကောင်းခြင်းရတနာ သစ်ပါးလွှာစက်ရုံ၏ နေ့စားလုပ်သား ၀န်ထမ်းတစ်ဦးဖြစ်ပြီး လူပျိုဆောင်အတွင်း၌ အိပ်ပျော်နေစဉ် လေပြင်းတိုက်ခတ်ခဲ့ရာ ထိုအဆောင်အနီးရှိ အင်ပင်လဲကျ၍ ထိုသူ့ပေါ်၌ပိကာသေဆုံးခဲ့ခြင်းဖြစ်သည်။
လေပြင်းဘေဒဏ်ကြောင့် လူသေဆုံးခဲ့ရသည့်ဖြစ်စဉ်အား စက်ရုံအလုပ်သမားခေါင်းဆောင် ဦးကျော်ကျော် နိုင်မှ ဟုမ္မလင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည့်အတွက် ရဲစခန်းမှူး ဒုရဲမှူး သန်းယု မောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။ သေဆုံးသူအား မှုခင်းဆေးစစ်ချက်များ ဆက်လက်ရယူ နိုင်ရန် ဟုမ္မလင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၃/ ၂၀၁၄ အရ အမှုရေးဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်အနည်းခန့်ကလည်း ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာအနီးတွင် မိုးသက်လေပြင်းများကျ ရောက်ပြီး လူနေအိမ်အဆောက်အအုံးများ အများအပြားပျက်စီကာ လူတစ်ဦးသေဆုံးပြီး၊ လူသုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများမှ လေ့လာသိရှိရသည်။

ကိုတိုး ချင်းတွင်း