မော်တော်ကားများအရောင်းစင်တာတွင် ပြသခြင်းမပြုမီ တစ်စီးချင်းစီ၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်နှင့်ရောင်းချမည့်ဈေးနှုန်းကို ကြီးကြပ်ရေးကော်မတီသို့တင်ပြရန် သတ်မှတ်ထား

ပို့စ်တင်ချိန် - 5/17/2014 07:43:00 PM


မော်တော်ကားများ အရောင်းစင်တာတွင် ပြသခြင်းမပြုမီ တစ်စီးချင်းစီ၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်နှင့် ရောင်းချမည့် ဈေးနှုန်းကို ကြီးကြပ်ရေးကော်မတီသို့ တင်ပြရန် သတ်မှတ်ထားကြောင်း မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့်စည်းကမ်းချက်များ (၂၀၁၄ ခုနှစ်အတွက်) မှ သိရှိရသည်။

တင်သွင်းရောက်ရှိလာသည့် မော်တော်ကားများကို အရောင်းစင်တာတွင် ပြသခြင်းမပြုမီ မော်တော်ကားတစ်စီးချင်း၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်များနှင့် ရောင်းချမည့် ဈေးနှုန်းများကိုပါ ဖော်ပြ၍ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ တင်သွင်းလာသော မော်တော်ယာဉ်များကို မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်မည့်လုပ်ငန်းရှင်က ဆိပ်ကမ်းမှရွေးယူပြီးပါက သတ်မှတ်ခွင့်ပြုထားသည့် မော်တော်ကားအရောင်းစင်တာတွင် ပြသရောင်းချခွင့်ပြုမည် ဖြစ်သည်။ ပြည်ပမှ တင်သွင်းလာသော
မော်တော်ကားများကို ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါက မော်တော်ကားအရောင်းစင်တာ ဖွင့်လှစ်ရောင်းချသည့်ကုမ္ပဏီက အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ဆိပ်ကမ်းခွန် စသည့် အခွန်အခများကို ပေးဆောင်ပြီးမှ ရွေးယူရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

တင်သွင်းလာသည့် မော်တော်ကားများသည် မော်တော်ကား၏ ကိုယ်ထည်၊ ဘောင်၊ ဘီးခွင်စသည်တို့နှင့် ပတ်သက်၍ သတ်မှတ်ထားချက်များကို ပြင်ဆင်ပြောင်းလဲထားသည့်ယာဉ်များအား တင်သွင်းခွင့်မပြုကြောင်း သိရသည်။ မော်တော်ကား
အရောင်းစင်တာများတွင် ပြသရောင်းချမည့် မော်တော်ယာဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အမျိုးအစား၊ ထုတ်လုပ်သည့်ခုနှစ်အတိုင်း ရောင်းချရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Internet Journal