ရွာအနီး စစ်ရေးလေ့ကျင့်မှု ဒေသခံများ တိုင်တန်း၍ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးရာ တပ်မှလာအစစ်ခံ

ပို့စ်တင်ချိန် - 5/17/2014 01:01:00 PM


အမှတ်-၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း က သပိတ်ကျင်းမြို့ရှိ လူနေကျေး ရွာအတွင်း ကွန်မန်ဒိုစစ်ရေးလေ့ ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း ဒေသ ခံများ၏ တိုင်ကြားချက်ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော် မရှင်သို့ အဆိုပါ လေ့ကျင့်ရေး တပ်မှ ဒုတိယ ဗိုလ်မှူးကြီးနှင့် အရာရှိစစ်သည်အချို့ လာရောက် အစစ်ခံခဲ့ကြောင်း သတင်းရရှိ သည်။

စစ်တပ်နှင့် ပတ်သက်၍ တိုင်ကြားမှုများအနက် လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးရာတွင် တပ်မှတာဝန်ရှိသူများကိုယ်တိုင် လာရောက်အစစ်ခံခြင်းမှာ ပထမဆုံးဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေး တိုးတက်မှု အတွက် ယခုကဲ့သို့ အပြောင်းအလဲများ ပိုမိုဖြစ်ပေါ်ရန် လိုအပ်ကြောင်း ဦးစစ်မြိုင်က ပြောသည်။

သပိတ်ကျင်းအပိုင် ထူးထွင်းကျေးရွာရှိ ဒေသခံ ၂၂၉ ဦးက ၎င်းတို့ရွာအနီး ညဘက်များတွင် လက်နက်များ ပစ်ခတ်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အထိတ်တလန့်ဖြစ်ခြင်း၊ ရွာသားနှစ်ဦးကို တပ်ကဖမ်းဆီးစစ်ဆေးခြင်း၊ ရွာအတွင်း ၀င်ရောက်စီးနင်းရှာဖွေခြင်းတို့ ပြုလုပ်သဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ လက်မှတ်ရေးထိုးတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဒေသခံတိုင်ကြားချက်အရ ကျွန်တော်တို့ရွာကို ကွင်းဆင်းစစ်ဆေးပါတယ်။ လေ့ကျင့်ရေး ကျောင်းက ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ အရာရှိနဲ့ တပ်ကြပ်ကြီး တစ်ဦး ကော်မရှင်ကို လာရောက် အစစ်ခံပါတယ်။ နှစ်ဖက်စစ်ဆေး ပေါ်ပေါက်ချက်အရ ရွာကိုကြို မပြောဘဲ ကွန်မန်ဒိုစစ်ရေးလေ့ ကျင့်ခန်းအဖြစ် အသံပေးပစ်ခတ် ခြင်းကို လုပ်ခဲ့တာ ဖြစ်တယ်။ ဇန်န၀ါရီ ၁၅ ရက်က စစ်သည် ၁၆၀ ခန့်က ကျည်ဆန်၁၅၀ ကျော် လောက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် နောင်မှာ ရွာကို ကြို တင်အသိပေးပြီး ပစ်ခတ်မှုတွေ လုပ်ပါမယ်လို့ တပ်က ကတိပေး ပါတယ်’’ ဟု မြန်မာနိုင်ငံ လူ့အ ခွင့်အရေးကော်မရှင်အတွင်းရေး မှူး ဦးစစ်မြိုင်က ပြောသည်။

ဒေသခံများ၏ တိုင်ကြား ချက်တွင် ရွာအတွင်း စီးနင်းဝင် ရောက်ဟု ဖော်ပြထားသော် လည်း ပေါ်ပေါက်ချက်အရ သစ်ခိုးထုတ်မည်ဟု သတင်းရ၍ တပ်က ၀င်ရောက်ခြင်းဖြစ်ပြီး တရားမ၀င်သစ်ခုတ်သူ ငါးဦးကို သစ်တောဥပဒေအရ ဒဏ်ငွေတစ်သောင်းချမှတ်ကာ ဖမ်းဆီးထားသည့် ရွာသားနှစ်ဦးကို နေ့တွင်းချင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

‘‘တပ်နယ်ဖြစ်တဲ့အတွက် သစ်ခိုးသယ်မယ်ကြားလို့ တပ်က ရောက်လာတယ်။ ရွာထဲဝင်ပြီး သစ်ဖမ်းတဲ့အခါ နှစ်တန်လောက် ဖမ်းမိတယ်။ တပ်က ရွာထဲ ရောက်ချိန်မှာ ကွန်မန်ဒိုလေ့ကျင့် ခန်းပါ လုပ်လိုက်တော့ ရွာကခြိမ်း ခြောက်ပစ်တယ် ထင်သွားလို့ တိုင်တာပါ။ ရွာက တပ်သိမ်းနယ် ထဲမှာ ဖြစ်နေတယ်။ ဒေသခံတွေ ကလည်း အဲဒီမှာ နေနေတော့ မကြာခဏ မပြေလည်မှုလေးတွေ ရှိနေတယ်။ ဒေသခံတွေကလည်း ကော်မရှင်ရဲ့ ဖြေရှင်းမှုကို ကျေနပ်မှုရှိပါတယ်’’ ဟု ၎င်းကပြောသည်။  ထူးထွင်းရွာမှာ တပ်သိမ်း နယ်မြေထဲပါဝင်နေပြီး မြေသိမ်း စဉ်က နစ်နာမှုများရှိခဲ့ကြောင်း စစ်ဆေးချက်အရ ပေါ်ပေါက် သဖြင့် မြေသိမ်းခံလယ်သမားများ ၏ နစ်နာမှုများကို ခေတ်နှင့်အညီ ပြန်လည်ဖြေရှင်းပေးရန် ကော် မရှင်က အစီရင်ခံစာတွင် တင်ပြ ထားကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်သူများက ပြောကြားထားပြီး မကြာ မီရက်များတွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြု လုပ်တော့မည် ဖြစ်သည်။

Author: အေးသူစံ

7Day Daily