ခေါင်းအုံးမွေ့ရာလုပ်ငန်းမှ မှို့ကြိတ်စဉ် မီးလောင်၊ အမျိုးသမီး(၃)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 6/07/2014 06:32:00 PM


ခေါင်းအုံးမွေ့ရာ လုပ်ငန်း၏ မြေညီထပ်တွင် မှို့ကြိတ်ရာ ရိုလာမှ မီးပွားများ ပန်းထွက်၍ အခန်းအတွင်းရှိ ဂွမ်းများသို့ ကူးစက် လောင်ကျွမ်း ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ အပြင် အမျိုးသမီး သုံးဦးပါ မီးသင့်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ အမျိုးသမီး သုံးဦး မှာ မွေ့ရာလုပ်ငန်း ပိုင်ရှင်၏ ချွေးမနှင့် အမျိုးသမီး ၀န်ထမ်းနှစ်ဦး ဖြစ်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ် နေရာအချို့တွင် မီးသင့် ဒဏ်ရာ ရရှိခဲ့ကြသဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သည်။ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မဟုတ်ကြောင်း မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် ဇွန်လ (၆) ရက်နေ့၊ နေ့လယ် (၁၂) နာရီ အချိန်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်ရှင် ရပ်ကွက်လမ်း (၆၀)၊ (၃၂) လမ်းနှင့် (၃၃) လမ်းကြားရှိ နေလ ခေါင်းအုံး မွေ့ရာလုပ်ငန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးက မှို့တွေဆိုတော့ အတွင်းထဲ လှိုက်ပြီးလောင် နေတော့ မီးကျန်မှာ စိုးလို့ စိတ်ချရတဲ့ အထိ ငြှိမ်းနေတာ ကြောင့်ကြာ နေတာပါ ဟု မီးသတ်ဦးစီးဌာနမှ မီးလောင်ရာ နေရာသို့ လာရောက် ငြှိမ်းသတ်သူ တစ်ဦး က ပြောသည်။

မီးလောင်မှုကြောင့် မှို့ပိဿာချိန် (၆၀) ခန့်၊ ခေါင်းအုံး နှင့် ဖက်လုံးများနှင့် သုံးထပ်သား လေးချပ် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ ရပြီး၊ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး တစ်သိန်းနှစ်သောင်း နှစ်ထောင်ခန့်ရှိ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဗဟို မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါ မီးလောင်မှု ဖြစ်စဉ် အတွက် အမှတ်(၃) နယ်မြေ ရဲစခန်းတွင် နေလခေါင်း အုံးမွေ့ရာ လုပ်ငန်း၏ မန်နေဂျာကို (ပ) ၂၉၂/၂၈၅/၃၃၇-၃၃၈/၂၀၁၄ ဖြင့် အမှုဖွင့် အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။

the messenger