ရှေ့သွားနောက်လိုက် - မြင်သမျှ ကြားသမျှ

ပို့စ်တင်ချိန် - 6/07/2014 11:26:00 AM


အခုတလော လူတွေနှုတ်ဖျား ရေပန်းစားနေတဲ့ ဂဏန်းကတော့ ၄၃၆ ပါပဲ။ ဘယ်နေရာသွားသွား၊ ဘယ်သူ့ နှုတ်ဖျားကဖြစ်ဖြစ် ကြားနေရတာ ၄၃၆ ပါပဲ။ လက်မှတ်ထိုးသူ၊ လက်မှတ်မထိုးသူကို ဆဲဆိုမှုကလည်း ညံစီနေပါပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆူညံပွက်လောရိုက်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ဗျာ တစ်ခုခက်တာက လက် မှတ် ထိုးသူအချင်းချင်း စကားပြန်များ၊ ရန်ပြန်ဖြစ်နေကြတာတော့ စဉ်းစားလို့ကို မရဘူး။ လက်မှတ်ကိုလည်း အတူထိုးကြတယ်ပြောတယ်။ ပြီးရင် ”မင်းက ဘယ် အဖွဲ့ ကလဲ။ ငါက ဘယ်အဖွဲ့က။ မင်းဆရာက ဘယ်သူလဲ။ မင်း ငါ့အကြောင်း သိချင် ရင် ဘယ် သူ့ကို မေး” စသည်ဖြင့် ရန်စတွေ ပွားနေတာကလည်း စိတ်ပျက်စရာပါပဲ။

ဒါကို တစ်ဖက်ကလည်း အေးအေးဆေးဆေး ကြည့်နေမှာပဲ။ ဒီထက် ပြဿနာပိုလာရင်တော့ အသာလေး ဆွဲစိလိုက်မှာပဲ။ ကျွန်တော်ဆိုချင်တာဗျာ။ တညီတညာတည်း လက် မှတ်ထိုးရင် တညီတညာတည်းပဲ ဖြစ်ရမှာပေါ့။ အခု ဒီကိစ္စကိုပဲ အာရုံစိုက်ပေါ့။ လုပ်တဲ့သူ တွေကလုပ်နေကြတယ်။ အနောက်မှာက ပြဿနာရှာဖို့လူတွေကလည်း တန်း စီ နေကြတယ်။ ကဲ..ဘယ်လို လုပ်ကြ မလဲဗျာ။ ဖြစ်တာနဲ့ ပြန်ဖျက်ဖို့ ကိုယ့် လူတွေကိုယ်တိုင် ရှိပြီးသားဆိုတော့ဗျာ။တစ်ခုပိုခက်နေတာက အဲဒီလိုပြော၊ အဲဒီလို လုပ်နေတဲ့ သူတွေက ကျွန်တော်တို့မသိတဲ့၊ ဘာနိုင်ငံရေးသမားတွေမှန်း မသိဘူးဖြစ်နေတယ်။ ကျွန်တော်လည်း နိုင်ငံရေး မလုပ်ပါဘူး။

ဒါပေမဲ့ နိုင်ငံရေးသမား အတော်များ များနဲ့ သိနေရင်းနှီးနေပါတယ်။ ဒါပေမဲ့ အဲဒီလို အစွန်းရောက်တဲ့သူတွေကဘယ်ကဘယ်လိုပေါ် လာတဲ့ နိုင်ငံရေး သမားတွေမှန်း မသိတာပါပဲ။ ကဲ…ဒီတော့ ပြောနေကျ စကား ပဲ ပြန်ပြောပါရစေ။ သွားတာက အရှေ့က သွားနေပါ ပြီ။ အရှေ့တည့်တည့်ကဖျက်မယ့်သူကိုချည်း အာရုံစိုက်မနေပါနဲ့။ အနောက်မှာလည်း ဖျက်မယ့်တစ်သိုက် လိုက်လာ ပါသေးကြောင်း သတိပေးပါရစေ။ ရှေ့သွားနောက်လိုက် ညီပါစေ။

► ကျောင်းဖွင့်ချိန်ပေါ့

ကလေးများ စာသင်ကျောင်းပြန်ဖွင့် ချိန်ရောက်ပါပြီ။ လူတိုင်းက
၄၃၆ ဘက်သာအာရုံရောက်နေတာမို့ ကလေးတွေ ရဲ့စာသင်ဖို့ အရေး မေ့နေပြီထင်ပါတယ်။ ဒီလို ကျောင်း ဖွင့်ချိန်ဆို အမြဲ တမ်းကြား နေရတာကတော့ ကျောင်းဝင်ကြေး ကောက်ခံတဲ့ကိစ္စပါပဲ။
ဒီနှစ်တော့ မသိသေးပါဘူး။ ခါတိုင်းနှစ်တွေ တုန်းက ကျောင်းအပ်
လက်ခံချိန်မှာ ဆို ရင် ကျောင်းခေါင်မိုးကိုပါ လှန်ပစ်ပြီး ကျောင်းဝင်ကြေး မဟုတ်ဘဲ ကျောင်းခေါင်မိုးကြေးတောင်းခံပြီး ကျောင်းအပ်လက်ခံခဲ့ တယ်လို့တောင် ကြားဖူးပါတယ်။

အစိုးရက မူလတန်းကနေ အလယ်တန်းအဆင့်အထိ ကျောင်းဝင်ကြေး မကောက်ခံရဘူးလို့ ပြောနေပေမယ့် တခြားကြေးတွေနဲ့ ကျောင်းအပ် လက်ခံတယ်ဆိုတာလည်း ကြားရဦးမယ်ထင်ပါတယ်။ ကျောင်းတက် ရပြီဆိုရင်လည်း ကျူရှင်ကယူရဦးမှာပါ။ ဒါကြောင့် ငွေကြေးအနည်းငယ် တတ်နိုင်သူတွေဆိုရင် ပုဂ္ဂလိကကျောင်းတွေဆီ သား သမီးပို့ပြီး
နားအေးပါးအေး စာသင်စေပါတယ်။

ဒါ့အပြင် ကြားနေရတာကတော့ တကယ့် နာမည်ကြီး ကျောင်းတွေဆို သူဌေးသားသမီးနဲ့ လူကြီးသားသမီးတွေသာ ရွေးလက်ခံတယ်ဆိုတာကြောင့် ”ဆင်းရဲ သား ကေ လးတွေက လူမဟုတ်လို့လား” လို့တောင် မေးချင်ပါတယ်။ တချို့ကျောင်းတွေဆို နယ်ကျော်ကလေးတွေကိုတောင်လူကြီး တစ်ယောက် ယောက်ရဲ့ လက်မှတ်နဲ့ဆို လက် ခံတယ် ဆိုတာကြောင့် ပတ်ဝန်းကျင်က ကလေးတွေကိုလည်း သနားမိပါတယ်။ ဘာပဲ ပြောပြော ကလေးတွေ ကျောင်းတက်ပြီ မို့ ကလေးအတွက် ထမင်း ချိုင့်၊ ကျောင်း ဖယ်ရီဖိုးနဲ့၊ ကလေးကျောင်းမုန့်ဖိုး၊ ကျူရှင်ခ တစ်နေ့နှစ်ထောင်လောက်ကုန်မှာမို့ အဲဒီ ဂန္ထဝင် နှစ်ထောင်ကြီး ကိုလည်း မိဘများမှာသနားစဖွယ်ရှာဖွေ ကြရဦးမှာပါ။
မိဘမေတ္တာ ဖော်ညွှန်းတဲ့သီချင်းလေးပဲ ဆိုချင်မိပါတယ်။

”ဂန္ထဝင်နှစ်ထောင်၊ကရုဏာ နှစ်ထောင်၊ ကောင်းကင်နှစ်ထောင်၊
မြင့်မိုရ်နှစ်ထောင်”

► ကျွန်တော်တို့ အလုပ်ပြောင်းကြရတော့မှာလား

အခုတလော ကျွန်တော့်စိတ်ထဲမှာ အဲဒီလို စိုးရိမ်စိတ် အလွန်ကြီး မားနေရပါတယ်။ ”ကျွန်တော်တို့ အလုပ်ပြောင်းကြရတော့မှာလား” ကျွန်တော်ဟာ အနုပညာလောက ထဲ ရောက်တာ နှစ်ပေါင်း ၂ဝ နီးပါး လည်းရှိနေပါပြီ။ တကယ်ဝါသနာပါလို့၊ ဒါကိုပဲ ယုံကြည်လို့လုပ်ခဲ့တာပါ။

နောက်ပြီး ကျွန်တော်က အားလုံးသိတဲ့အတိုင်း ဟာသတွေ ချည်း ပဲ ဆက်တိုက် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စိုးရိမ်နေရပါပြီ။ ဘာလို့လဲဆိုတော့ တစ်လုံးပြော၊ တစ်လုံး အုန်းခနဲပွဲကျတဲ့ ကမ္ဘာကျော်ပျက်
လုံးမျိုး ကျွန်တော် မဖန်တီးနိုင်ပါဘူး။ ဘယ်သူထဖောက်ဖောက် အုန်းခနဲ ဂန္ထဝင်တွင်လောက်တဲ့၊ အင်မတန် ရယ်စရာကောင်းတဲ့ ပြက်လုံးမျိုးလည်း မစဉ်းစားတတ်ပါဘူး။ သမိုင်း တွင် လော က်အောင် ရယ်ရ တဲ့ ပေါက်ကရစကားတွေကိုလည်း ကျွန်တော် မပြောနိုင်ပါဘူး။

အခုတော့ ကျွန်တော် စိုးရိမ်နေရပါပြီ။ ကျွန်တော်တို့ထက် အဆပေါင်း များစွာ ပိုတော်တဲ့ ပြက်လုံးဆရာကြီး တွေ ပေါ်နေပါပြီ။ တစ်ဦးချင်းစီပဲ ပြက်လုံး ထုတ်မလား။ အုပ်စု ဖွဲ့ပြီးတော့ပဲ ပြက်လုံးထုတ်မလား။ အလုံးတိုင်းကို ခွက်ထိုးခွက်လန် ရယ် ရအောင် လုပ်နိုင်သူတွေ ပေါ်နေပါပြီ။ ဒါတင်မဟုတ် အင်မတန် ခက်ခဲလှတဲ့ဘောက် လုံးတွေနဲ့ တင် မျက်ရည်ထွက်လောက်အောင် ရယ်ရအောင် ပြောနိုင်နေတာကို တွေ့ရပါတယ်။ဒါကြောင့် သူတို့တွေ စာထရေးရင်လည်း ဟာသစာတွေပဲ ထွက်လာမှာပါ။ လူရွှင်ေ တ်ာလုပ်ရင်လည်း လက်ရှိ လူရွှင်တော်တွေ ထမင်းငတ်ဖို့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်အကိုင်ပဲ ပြောင်းရမလားလို့ ရိုးရိုးသားသား စဉ်းစားမိပါတယ်။ လူရွှင်ေ တ်ာကြီးများကိုလည်း လေးစားပါတယ်ဗျာပေါ့..။

ကဲ..နောက်ဆုံးမှာတော့

မိုးတွေရွာနေပါပြီ။ မိုးမရွာခင်ကတည်းက ဖျက်ထားတဲ့ လမ်းပိုင်းတွေ ခုထိ ပြန်မပြင်ရသေးဘူး။ တစ်လရှိပါ ပြီ။
ဘာမှ ပြောစရာမရှိတော့ပါဘူး။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်
Popular Myanmar News Journal