ခေါင်းမူး ခေါင်းကိုက်သူတွေ အတွက် အကောင်းဆုံး သံပုရာသီး



တစ်ချို့သော သူတွေလည်း သိပြီးသား ဖြစ်ပါတယ်။ အဲဒါကတော့
သံပုရာသီး၏ အစွမ်းထက်မှု ဖြစ်ပါတယ်။ ခေါင်းမှုးနေရင်ပဲ ဖြစ်ဖြစ်
ခေါင်းကိုက် နေရင်ပဲ ဖြစ်ဖြစ် သံပုရာသီးကို အသုံးပြုနိုင် ပါတယ်။

အသုံးပြုပုံလေးကတော့

သုံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အတွင်းသားလေးဖြင့် ပွတ်ပေးပါက
သိသိသာသာ သက်သာလာ ပါလိမ့်မယ်။ ဒါ့အပြင် ပင်းပန်းနွမ်းနေပါက
သံပုရာရည်ကို သောက်နိုင်ပါတယ်။

သံပုရာသီး၏ အနံ့နှင့် အရသာဟာ ခေါင်းမူးခေါင်းကိုက် အတွက်သာ
မကဘဲ ပင်ပန်းနွမ်းနယ် မှုတွေ အတွက်ပါ ကောင်းမွန်ပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ

တောင်ဆူဒန်တွင် နွားလုပွဲရန်ပွဲကြောင့် လူ ၂၈ ဦးသေဆုံး



ဂျူဘာ၊ ဧပြီ ၂၀

ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားလျက် ရှိသော တောင်ဆူဒန်နိုင်ငံတွင် မြောက်ပိုင်းဒေသ၌ နွားအုပ်လုကြသော ထိပ်တိုက်ရန်ပွဲများ ယခင်ကလည်း မကြာခဏ ဖြစ်ပွါးခဲ့ရာ ယခုနောက်ဆုံး ဖြစ်ခဲ့သော ရန်ပွဲကြီးတွင် စုစုပေါင်း လူ ၂၈ ဦး သေဆုံးခဲ့ရကြောင်း အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားလျက် BBC က ရေးသားဖော်ပြထားသည်။

တိုက်ခိုက်သူ အင်အားက ၈၀ ခန့် ရှိပြီး ရဲနှင့် စစ်သားများလည်း သေဆုံးသွားသူများတွင် ပါဝင်ကြောင်း တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီး ဘိုဒါလ်က ပြောကြားသည်။

ကျွဲနွားလုပွဲများသည် လူမျိုးစုများ အချင်းချင်း တိုက်ခိုက်ကြခြင်း ဖြစ်ပြီး တောင်ဆူဒန် လွတ်လပ်ရေးရသည့် ပြီးခဲ့သည့်နှစ်များ ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခုဆိုလျှင် ယင်းရန်ပွဲ များကြောင့် သေဆုံးသူပေါင်း ထောင်ကျော်ပြီ ဖြစ်သည်။

တောင်ဆူဒန်နိုင်ငံတွင် ကျွဲနွားများသည် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သတင်းကို ပြဆိုခြင်းဖြစ်ကာ လူတစ်ဦး၏ ကြွယ်ဝမှုကို ၎င်းပိုင်ဆိုင်သော ကျွဲနွား ကောင်ရေဖြင့် တိုင်းတာလေ့ ရှိသည်။

အရပ်သားများ လက်ထဲတွင်လည်း လက်နက်များ ရှိနေပြီး ယောက်ျားပျိုများသည် ဇနီးတင်တောင်းရန်အတွက် ကျွဲနွားလိုသည်ဖြစ်ရာ ယင်းရန်ပွဲများ မကြာခဏ ဖြစ်တတ်ကြောင်း သတင်းထောက်များက ပြောကြားသည်။

တောင်ဆူဒန် နိုင်ငံသည် ပြည်တွင်းစစ်လည်း ဖြစ်လျက်ရှိရာ ယခုနောက်ဆုံး ဖြစ်ပွားသည့် ကျွဲနွား တိုက်ပွဲသည် ယင်းပြည်တွင်းစစ်နှင့် ဆက်စပ်ခြင်းရှိ မရှိကို ရှင်းလင်းစွာ မသိရသေးပေ။

တောင်ဆူဒန်တွင် ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူတစ်သန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးရပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော သမ္မတ ဆယ်ဗာကီရာကို ထောက်ခံသော တပ်များနှင့် ဒုတိယ သမ္မတ ရစ်ခ်မာချာကို ထောက်ခံသောတပ်များ တိုက်ပွဲဖြစ်ရာမှ ပြည်တွင်းစစ် ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

တောင်ဆူဒန်သည် ကမ္ဘာ့အဆင်းရဲဆုံး နေရာတစ်ခုဖြစ်ပြီး လမ်း၊ ရထားလမ်း၊ ကျောင်းနှင့် ဆေးခန်းလည်း အလွန်ချို့တဲ့ နည်းပါးသည့်နိုင်ငံ ဖြစ်သည်။

မြောက်ဆူဒန်မှ ခွဲထွက်လာသော တောင်ဆူဒန်သည် ကမ္ဘာ့အသစ်ဆုံး နိုင်ငံအဖြစ် စာရင်းဝင်လျက်ရှိပြီး တည်ငြိမ်မှုရရန် ရုန်းကန်နေရသည်။


The Voice Weekly

မင်းတုန်းမင်း၏ ဂူဗိမ္မာန်အား မန္တလေး ကျုံးမြို့ရိုးဟောင်းထဲတွင်တွေ့



မန္တလေး ၊ဧပြီ ၂၁။

မြန်မာကောဇာသက္ကရာဇ် ၁၂၄၀ပြည့်နှစ်(ခရစ်နှစ် ၁၈၇၈)၌ နတ်ရွာစံတော်မူခဲ့သော မြန်မာဘုရင်မင်းမြတ် မင်းတုန်းမင်း၏ ဂူဗိမ္မာန်အား မန္တလေး ကျုံးမြို့ရိုးဟောင်းထဲရှိ မြနန်းစံကျာ် ရွှေနန်းတော်ကြီး၏ အရှေ့ဘက် ပေ(၁၀၀)ကျော်တွင်တွေ့ရှိရကြောင်းရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန မန္တလေး ဌာနခွဲမှ မှတ်တမ်းများအရသိရှိရသည်။

မင်းတုန်းမင်းတရားကြီးသည် ကောဇာသက္ကရာဇ် ၁၂၁၈ ခု၊သီတင်းကျွတ်လ(ခရစ်နှစ် ၁၈၅၆ခုနှစ်၊ အောက်တိုဘာ) တွင် အမရပူရမြို့တော်မှ မန္တလေးရတနာပုံမြို့တော်သို့ ပြောင်းရွှေု့နိုင်ထိုင်ရန်အတွက် ရဟန်းပညာရှိ၊လူပညာရှိတို့ အား လွတ်လပ်စွာ စည်းဝေးတိုင်ပင်ကြရန် အမိန့်တော်ချမှတ်သည်မှ အစပြု၍ မြို့တော်ပြောင်းရွှေ့တည်ဆောက်ခြင်းများကို ရှေးထုံးစဉ်လာများနှင့်အညီ ဆောင်ရွက်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၂၀ ပြည့်နှစ်၊ ကဆုန် လဆန်း(၇)ရက်နေ့ (ခရစ်နှစ် ၁၈၅၈ခုနှစ်၊ဇူလိုင် ၁၆ရက်)၌ မြေနန်းပြဿဒ်ဆောင်၊ မှန်နန်းဆောင် နှင့် ကျန်နန်းဆောင်များအားလုံး၊သစ်သားပန်းပုများ တပ်ဆင်သည်အထိ အလုံးစုံ ဆောင်ရွက် ပြီးစီးခဲ့သောကြောင့် မင်းတုန်းမင်းနှင့်မိဖုရာခေါင်းကြီးတို့သည် မင်းညီမင်းသား၊မှူးမတ်များနှင့်အတူ မန္တလေးမြို့ ရွှေနန်းတော်ကြီး(ယခုမြနန်းစံကျော်)တွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။

“ကျွန်မတို့ ကျုံးထဲကိုမကြာမကြာရောက်ဖြစ်ပါတယ် အဲ့ဒီကျုံးထဲမှာလည်း ကျွန်မရဲ့သမီးနေတယ် ဒါပေမယ့် မင်းတုန်းမင်းဘုရင်ရဲ့ ဂူဗိမ္မာန်ရှိတယ်ဆိုတာ မသိခဲ့ဘူး သွားလည်းမကြည့်ဖူးဘူး အခုသားတို့ပြောပြမှပဲ မင်းတုန်းမင်းဘုရင်နဲ့ဆင်ဖြူမရှင် မိဖုရားကြီးတို့ရဲ့ဂူဗိမ္မာန်ရှိတာကိုသိတာ ဒီတစ်ခါကျုံးထဲကို ရောက်ရင်တော့ သွားကြည့်မယ်” ဟု မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်မှ ဒေါ်မြမြအေးကပြောသည်။

မင်းတုန်းမင်းဘုရင်မင်းမြတ်သည် မြို့တော်အား လောကီ၊လောကုက္တရာ ရတနာအပေါင်းတို့ စုပုံရာ ဌာနဖြစ်စေရန်  ရတနာပုဉ္စအား (ရတနာပုံ)ဟုလည်းကောင်း၊ကျုံးပတ်လည်ဝန်းရံလျက်ရှိသော နန်းမြို့တော်အား (လေးကျွန်းအောင်မြေ)ဟုလည်းကောင်း၊ရွှေနန်းတော်ကြီးကို(မြနန်းစံကျော်)ဟုလည်းကောင်း သမုတ်၍ ကမ္ဗည်းမော်ကွန်းထိုးခဲ့သည်။

“အစ်မက ဒီကျုံးမြို့ရိုးဟောင်းထဲမှာနေတာပါ ကျုံးထဲကိုနေ့တိုင်း ပြည်ပက ဧည့်သည်တွေအပြင် ပြည်တွင်းက ဧည့်သည်တွေပါ ကျုံးမြို့ရိုးဟောင်းထဲမှာရှိတဲ့ ရွှေနန်းတော်ကြီး (အခုမြနန်းစံကျော်)ကို လာလေ့လာကြတယ် အလှဓာတ်ပုံရိုက်ကြတယ် ဒါပေမဲ့ မြန်မာဘုရင် မင်းတုန်းမင်းကြီး ရဲ့ ဂူဗိမ္ဗာန်ကိုတော့ သွားရောက်လေ့လာတာ မတွေ့ဘူး ဒီထဲမှာ မင်းတုန်းမင်းနဲ့ ဆင်ဖြူမရှင်မိဖုရားတို့ရဲ့ ဂူဗိမ္မာန်ကို မသိကြဘူး အစ်မတို့တောင်မှ ကျုံးထဲမှာနေလို့ ဂူဗိမ္မာန်ရှိမှန်းသိတာ အခုနောက်ပေါက်တွေဆိုရင် မန္တလေးမြို့ခံတွေဖြစ်ပြီးတော့ မသိကြဘူး မင်းတုန်းမင်းရဲ့ဂူဗိမ္မာန် ကျုံးမြို့ရိုးဟောင်းထဲမှာရှိတယ်ဆိုတာကို  မြန်မာနိုင်ငံက ပြည်သူတွေအားလုံး သိစေချင်တယ်”ဟုမန္တလေး ကျုံးမြို့ရိုးဟောင်းထဲတွင်နေထိုင်သော မအေးစန္ဒာကပြောသည်။

မင်းတုန်းမင်းဘုရင်သည် ကောဇာသက္ကရာဇ် ၁၁၇၆ခုနှစ်(ခရစ်နှစ် ၁၈၁၄)တွင် မွေးဖွားကာ ကောဇာသက္ကရာဇ် ၁၂၁၄ခုနှစ်(ခရစ်နှစ် ၁၈၅၃)၌ နန်းတက်၍ မန္တလေးမြို့တော်အား ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်(ခရစ်နှစ် ၁၈၅၉)တွင် တည်ထောင်ခဲ့သည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၁၂၄၀ခုနှစ်(ခရစ်နှစ် ၁၈၇၈)၌ နတ်ရွာစံခဲ့သောကြောင့် မြနန်းစံကျော်(ရွှေနန်းတော်ကြီး)၏ အရှေ့ဘက် ပေ(၁၀၀)ကျော်တွင် မင်းတုန်းမင်း၏ ဂူဗိမ္မာန်နှင့်ကမ္မည်းတိုင်ကို စိုက်ထူခဲ့သည်။ ထို့ပြင် မင်းတုန်းမင်းဘုရင်မင်းမြတ် ဂူဗိမ္မာန်အနီးတွင် မိဖုရားဖြစ်သော ဆင်ဖြူမရှင်မိဖုရားရဲ့ ဂူဗိမ္မာန်နှင့်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူထားကြောင်းတွေ့ရသည်။

ချစ်မင်းထွန်း

The Myanma Age

Nashville ဒရာမာဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မယ့်မီရှဲလ်အိုဘားမား


အမေရိကန် သမ္မတကတော် မီရှဲလ်အိုဘားမားသည် မေလ ၇ ရက်တွင် ထုတ်လွှင့်ပြသမည့် ABC ရုပ်သံလိုင်း ၏ Nashville ဒရာမာဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အ ဖြစ် ပါဝင်မည်ဟု ABC ရုပ်သံလိုင်းက ကြေညာသည်။

Nashville ဒရာမာဇာတ်လမ်း တွဲ၏ All or Nothing with Me အမည်ရ ဇာတ်လမ်းတွင် မစ္စစ်အိုဘားမားနှင့်အတူ အမေရိကန်ကျေးလက်တေး သီချင်းအဆိုတော် ကယ်လီပစ်ကလာတို့သည် ဧည့်သည်သရုပ်ဆောင်များအဖြစ် ပါဝင်ကြမည်ဖြစ်သည်။

သမ္မတကတော် မစ္စစ်အိုဘား မားသည် ဧပြီ ၂၄ရက်တွင် ထုတ်လွှင့်မည့် NBC ရုပ်သံလိုင်း၏ Parks and Recreation ဟာသဇာတ်လမ်းတွဲတွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်ဟုသိရသည်။

Nashville ဒရာမာဇာတ်လမ်း တွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ တည်းက စတင်ခဲ့ပြီး အပိုင်းပေါင်း ၄၀ ပြသပြီးဖြစ်သည်။

Parks and Recreation ဟာသဇာတ်လမ်းတွဲကို ၂၀၀၉ ခုနှစ် ဧပြီလတည်းက စတင်ပြသခဲ့ပြီး အပိုင်းပေါင်း ၁၁၀ ပြသပြီးဖြစ်သည်။



—Ref: Hollywood Buzz

7Day

ဓါတ်ငွေ့ကုန်၍ ဆီထည့်မောင်းရာမှ မီးလောင်မှုဖြစ်



နေပြည်တော်၊ ဧပြီ ၂၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၀-၁)ကြားတွင် ယာဉ်မတော် တဆမှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ မြောက်ဥက္ကလာပမြို့နယ်၊ စက်ကွေ့(၄)လမ်း၊ (ဈ)ရပ်ကွက်နေ ကျော်လင်း(၄၀)နှစ်မောင်းနှင်လာသည့် X/xxxx BM ဖြူစိမ်းကြားမှန်လုံယာဉ်သည် ဓါတ်ငွေ့ကုန်၍ ဓါတ်ဆီဖြင့်မောင်းနှင်လာစဉ် ကာဘရိုက်တာမှဆီများလျှံကျသဖြင့် ရပ်တန့်စစ်ဆေး ခဲ့ကြောင်းသိရှိရသည်။ ထိုသို့စစ်ဆေးစဉ် ကာဘရိုက်တာမှာမီးလောင်နေသောကြောင့် ကျော်လင်း၏ ယာပေါင်၊ ခြေသလုံး၊ လက်မောင်းနှင့် လက်ဖျံတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ မြောင်းကြီးလမ်းနေ ဒေါ်ခင်အေးမြင့်(၆၂)နှစ်သည် ယာဉ်ပေါ်မှ ခုန်ချရာ ယာခြေသလုံးဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်လင်းအား အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

 ရဲဇာနည်

မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီဟု ဆော်ဒီအစိုးရ ကြေညာ


အရှေ့အလယ်ပိုင်းဒေသမှာ အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာဖြစ်တဲ့ မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ ဆော်ဒီအာရေဗျအစိုးရက ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ရုတ်တရက် ကူးစက်မှု တိုးလာတဲ့ရောဂါကြောင့် ၆ ရက်အတွင်း လူ ၄၉ ယောက် ကူးစက် ခံခဲ့ရပြီး ကုသဖို့ ဆေးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဆော်ဒီကျန်းမာရေးဝန်ကြီး အဗ္ဗဒူလာ အယ်လ် ရာဘီယာကတော့ ကာကွယ်ရေးလုပ်ဆောင်ချက်တွေအတွက် အမိန့်ထုတ်ရေး ချိန်ညှိစရာ သိပ္ပံနည်းကျ သက်သေလည်း မရှိသေးဘူးလို့ သတင်းထောက်တွေကို ဧပြီ ၂၀ ရက်နေ့က ပြောပါတယ်။

ဆော်ဒီအနောက်ပိုင်း ပင်လယ်နီဒေသ ဂျက်ဒါမြို့မှာ ကူးစက်မှု ရုတ်တရက် တိုးလာတာ ဘာကြောင့်လဲဆိုတာ မသိသေးဘူးလို့ သူက ပြောပါတယ်။

“ဧပြီနဲ့ မေမှာ ဒီရောဂါလှိုင်း ဘာကြောင့်ပေါ်လဲဆိုတာ သိဖို့ မျှော်လင့်တယ်။ ဒီ ဗိုင်းရပ်စ်အတွက် ဒီရာသီက အကောင်းဆုံးလား မသိဘူး” လို့ သူက ဆက်ပြောပါတယ်။

ယူအေအီးနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ကူးစက်မှုအစုတွေကို ထောက်လှမ်းနိုင်ခဲ့ပြီလို့ သူက ပြောပါတယ်။  မားစ်ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။

ဒီရောဂါပိုးဟာ ကုလားအုတ်တွေကနေ မူရင်း စတင်ခဲ့တာဖြစ်ပါတယ်။ အရင်အပတ်ကတော့ အများပြည်သူ အထိတ်တလန့် မဖြစ်စေရေးအတွက် ကူးစက်မှုက စိုးရိမ်ရတဲ့အကြောင်းရင်း မဟုတ်သေးကြောင်းနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ ကူးစက်မှုကပ်ဆိုတဲ့ အဆင့်ကို မရောက်သေးကြောင်း ဆော်ဒီအာဏာပိုင်တွေက ကြေညာချက် အတော်များများ ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပနဲ့ မြောက်အမေရိက ကုမ္ပဏီ ၅ ခုကို ကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပြီး ကာကွယ်ဆေး ထုတ်ဖို့ လုပ်နေတယ်လို့လည်း ၀န်ကြီးက ဆက်ပြောပါတယ်။

အစ္စလာမ်ဘာသာ စတင် ပေါ်ထွန်းရာ ဆော်ဒီအာရေဗျနိုင်ငံဟာ ရာမာဒန် ဥပုသ်လသည် ဇူလိုင်လအတွင်း ကျရောက်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့တလွှားက ဟာ့ဂ်ျဘုရားဖူးတွေကို လက်ခံဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလအစောပိုင်းမှာတော့ သန်းနဲ့ချီတဲ့ ဟာ့ဂ်ျ ဘုရားဖူးတွေကို လက်ခံဖို့ ရှိနေပါတယ်။
DVB Burmese

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ



ဆိုးလ်၊ ဧပြီ ၂၀

အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျင်ဒိုကျွန်းမှတစ်ဆင့် ဆိုးလ်မြို့တော်သို့ သွားရောက် ဆန္ဒပြရန် စီစဉ်နေသူ ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။

သင်္ဘောနစ်မြုပ်သွားပြီး သုံးရက်ကြာပြီးနောက် ရေငုပ်သမားများမှာ သင်္ဘောတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ပေါင်း ၂၂ ခုကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် လူသေဆုံးမှု ပမာဏမှာ ၅၄ ဦးထိ မြင့်တက်သွားပြီ ဖြစ်သည်။

သို့သော်လည်း အခြားသော ခရီးသည် ၂၄၈ ဦးမှာ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ခရီးသည်ပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့သည်။

သင်္ဘောနစ်မြုပ်သွားသည့် အချိန်မှစ၍ ခရီးသည်များ၏ ဆွေမျိုးများမှာ ဂျင်ဒိုကျွန်းပေါ်သို့ စုဝေး ရောက်ရှိနေကြပြီး ကယ်ဆယ်ရေးလုပ်ငန်း သတင်းများကို စောင့်ကြည့် နေခဲ့ကြသည်။

ယင်းဆွေမျိုးများထဲမှ အချို့က ကျွန်းပေါ်မှ ကီလိုမီတာ ၄၂၀ အကွာ ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်သို့ ချီတက် ဆန္ဒပြရန် ကြိုးပမ်းရာမှတစ်ဆင့် လုံးထွေး သတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။
“တာဝန်ရှိသူတွေဆီက အဖြေလိုချင်ပါတယ်။ သူတို့တွေက လိမ်ညာ ပြောနေပြီး တာဝန်ကို တစ်ယောက်ကို တစ်ယောက် လွှဲချနေကြတယ်” ဟု ပျောက်ဆုံးသွားသော ခရီးသည်တစ်ဦး၏ ဖခင်ဖြစ်သူ လီဝန်ဂန်က ပြောကြားသည်။

ထို့အပြင် ပျောက်ဆုံးနေသူများ၊ သေဆုံးသွားသူများ၏ အလောင်းများ ပျက်သိုးမသွားခင် ခန္ဓာကိုယ်များကို ပြန်လည် ဆယ်ယူရရှိနိုင်ရန် ဆွေမျိုးများက စိုးရိမ် လိုလားနေကြသည်။

ဆိုးလ်မြို့တော်သို့ ချီတက် ဆန္ဒမပြရန် တောင်ကိုရီးယား ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက် စည်းရုံး ပြောကြားခဲ့ပြီး သင်္ဘောနစ်မြုပ်သည့် ဖြစ်ရပ်မှတစ်ဆင့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော နိုင်ငံရေးရာ အဖြစ်သို့ ရောက်ရှိသွားပြီး အစိုးရအဖွဲ့အပေါ် ထိခိုက်မှု မရှိစေရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း BBC သတင်းထောက်က ပြောကြားသည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် သင်္ဘော ၂၀၀ ခန့်၊ လေယာဉ် ၃၄ စင်းနှင့် ရေငုပ်သမား ၆၀၀ ကျော် ပူးပေါင်း ပါဝင်နေကြောင်း BBC သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

သို့သော်လည်း ရေစီးကြောင်းများ ပြင်းထန်နေပြီး မြင်ကွင်း မကောင်းမှုများကြောင့် ရှာဖွေရေး လုပ်ငန်းများမှာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

သင်္ဘောကပ္ပတိန်နှင့် အခြားသော သင်္ဘောသားနှစ်ဦးကို တာဝန်ပေါ့လျော့မှု၊ ရေကြောင်းဥပဒေ ချိုးဖောက်မှုများဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး သင်္ဘောနစ်မြုပ်သွားသည့် အချိန်တွင် ဒေသတွင်း ရေကြောင်း အခြေအနေကို နားမလည်သည့် တတိယ အရာရှိဖြစ်သူက သင်္ဘောကို မောင်းနှင်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။

Sewol သင်္ဘောပေါ်တွင် ခရီးသည်နှင့် သင်္ဘောသား ၄၇၆ ဦး လိုက်ပါသွားပြီး ၃၅၀ ခန့်မှာ အထက်တန်း ကျောင်းသားများ ဖြစ်ကြကာ အင်ချုံဆိပ်ကမ်းမှ အပန်းဖြေကျွန်း ဂျေဂျူးသို့ ဦးတည် ထွက်ခွာလာစဉ် သင်္ဘောနစ်မြုပ်သွားခြင်း ဖြစ်သည်။

The Voice

မိုးမိတ်မြို့တွင် တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား



မိုးမိတ် ဧပြီ ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်တွင် ဧပြီလ ၂၁ ရက်၊ နေ့လည် (၁၃)နာရီ (၃၀)မိနစ် အချိန်က မိုးမိတ်မြို့နယ်နှင့် ညောင်ပင်စောက်ကျေးရွာကြား မြို့နှင့်တစ်မိုင်အကွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး ဦးထိန်လင်းကြည် ဆန်စက်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးထိန်လင်းကြည် ဆန်စက်အပါအဝင် ဦးရွှေသိန်း သစ်စက်နှင့် လူနေအိမ် နှစ်လုံး မီးလောင်ကျွမ်းလျက်ရှိသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မိုးမိတ်မြို့နယ်မှ မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်လျက်ရှိပြီး အမှတ် (၂၂၃) ခြေလျင် တပ်ရင်းမှ လည်း ရေဘောက်ဆာ ကားများဖြင့် ရေသယ်ပို့ငြိမ်းသတ်လျက် ရှိကြောင်း၊ နေ့လည်(၁၅) နာရီအထိ မီးလောင်ကျွမ်းနေသေးကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးကြောင်း ကနဦးသတင်းရရှိသည်။

MOI Webportal Myanmar

လီဗာပူးလ်၏ ဖိအားဒဏ် ခံနိုင်မှု စွမ်းရည်ကို ရော့ဂျာချီးကျူး


ပြင်းပြင်းထန်ထန် ဖိအားများ သက်ရောက်နေသည့် အခြေအနေကို တွန်းလှန်ဖြတ်သန်းနိုင်သည့် အသင်း၏ ခံယူချက် အားကောင်းမှုကို လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ချီးကျူးပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်း အရေးနိမ့်သွားသည့် အချိန်တွင် လီဗာပူးလ်က နောဝှစ်ခ်ျစီးတီးကို (၃-၂)ဖြင့် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပိုမိုအားကောင်းစွာ ရပ်တည်ခွင့် ရလာစေပြီ ဖြစ်သည်။ လီဗာပူးလ် အနေဖြင့် နောဝှစ်ခ်ျ၏ စိတ်ဓာတ်အပြည့် တုံ့ပြန်ကစားမှုကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီးမှ အလွန်အရေးပါသော (၃)မှတ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက “ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းဟာ ထူးကဲတဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ တုံ့ဆိုင်းမှု ဘာမှမရှိခဲ့ဘူး။ ပွဲကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့တယ်လေ”ဟု ဆိုသည်။

၎င်းက “ဒါပေမဲ့ နောဝှစ်ခ်ျကို ချီးကျူးရပါမယ်။ သူတို့ရဲ့ (၄-၂-၃-၁)ကစားပုံက ဒုတိယပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး ဂိုးလည်း ရသွားတယ်။ ပရိသတ်ကလည်း သူတို့ကို အားပေးတယ်။ နောဝှစ်ခ်ျအသင်းနဲ့ ပရိသတ်တွေအတွက် အရှိန်တင်ပေးလိုက်သလိုပါပဲ။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိသမျှ အရာအားလုံးကို နောက်တစ်ကြိမ် ထုတ်ပြနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပထမပိုင်းမှာ ကစားသွားတဲ့ ပုံစံနဲ့ ဘောလုံးကို ထိန်းချုပ်ထားပုံတွေကတော့ လုံးဝ ကျေနပ်စရာပါပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ဖိအားဒဏ် ခံနိုင်ရည်ရှိမှုကို ပြသခဲ့တယ်။ ဘယ်လိုဘယ်ပုံ အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်နေသလဲ ဆိုတာကို သက်သေထူခဲ့တယ်။ ဒါဟာ စုစည်းညီညွတ်မှု အရည်အသွေးကို ပြသနိုင်ခဲ့တာလို့ ကျွန်တော်တို့ မြင်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ယခုပွဲ ရလဒ်ကြောင့် လီဗာပူးလ်သည် လက်ကျန်(၃)ပွဲလုံး ရှုံးလျှင်ပင် တတိယနေရာအောက် ကျဆင်းတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲသို့ ခြေစစ်ပွဲမဝင်ဘဲ တိုက်ရိုက်ကစားခွင့် သေချာသွားပြီ ဖြစ်သည်။ “ကစားသမားတွေအတွက် ဂုဏ်ပြုပါတယ်။ ရာသီအစပိုင်းမှာ လူတိုင်းက ကျွန်တော်တို့ အနေနဲ့ စတုတ္ထနေရာအတွက်တောင် တော်တော့်ကို ရုန်းကန်ရလိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့် ကစားသမားတွေကတော့ သူတို့ရဲ့ အရေးပါမှုနဲ့ အားထုတ်မှုတွေကို ကောင်းကောင်း သက်သေပြနိုင်ခဲ့တယ်”ဟု ရော့ဂျာက ချီးကျူးသွားသည်။

Ref: Goal
Soccer Myanmar

ဝဲလ်ဘက်ကို လက်လွတ်ခံမည့် အခြေအနေမရှိကြောင်း မိုယက်စ်အရိပ်အမြွက်ဆို


မန်ချက်စတာ ယူနိုက်တက်မှ ဒန်နီဝဲလ်ဘက် ထွက်ခွာဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်ပြီး အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က လက်သင့်မခံနိုင်ကြောင်း ဖြေရှင်းပြောဆိုလိုက်သည်။

ဗြိတိသျှ မီဒီယာအချို့က အင်္ဂလန် လက်ရွေးစင် ဝဲလ်ဘက်သည် ယူနိုက်တက်တွင် ပွဲထွက်နေရာ အာမခံချက် မရှိသည့်နောက် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းစွန့်ခွာရန် ကြံစည်နေကြောင်း ဖော်ပြခဲ့သည်။ ယခုရာသီ ယူနိုက်တက်တွင် (၃၂)ပွဲကစားပြီး (၁၀)ဂိုးထိ သွင်းယူထားသော ကစားသမားသည် မိုယက်စ်လက်အောက်တွင် ဝိန်းရွန်နီနှင့် ရော်ဘင်ဗန်ပါစီတို့ကို မကျော်နိုင်ဘဲ တောင်ပံမှသာ အဓိက နေရာပေး ပွဲထုတ်ခံနေရခြင်းကို စိတ်ပျက်နေကြောင်း သိရသည်။ သို့တိုင်အောင် ဝဲလ်ဘက်သည် ပရီးမီးယားလိဂ်တွင် တောင်ပံလူအဖြစ် (၆)ပွဲကစားပြီး (၆)ဂိုးသွင်းပြနိုင်ခဲ့သည်။

ဝဲလ်ဘက်ကို တော့တင်ဟမ် ဟော့စပါးအသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မိုယက်စ်က ၎င်းသည် ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမားကို လက်လွတ်ခံမည် မဟုတ်ဟု ပြောဆိုခဲ့သည်။ “ဝဲလ်ဘက်က သိပ်ကို အရေးပါတဲ့ ကစားသမားပါ။ သူ့ကိုကျွန်တော် တကယ်ပဲ တန်ဖိုးထားပါတယ်”ဟု မိုယက်စ်က ဆိုသည်။ ၎င်းက “အပြောင်းအရွှေ့ ပုံပြင်တွေဆိုတာတော့ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာက ဝဲလ်ဘက်ဟာ ကျွန်တော့်အတွက် သိပ်အရေးကြီးတဲ့ ကစားသမား၊ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် အတွက်လည်း အင်မတန် အရေးပါတဲ့သူ ဖြစ်ပါတယ်”ဟုလည်း အခိုင်အမာ ပြောဆိုသွားသည်။

Ref: Sky Sports
Soccer Myanmar

တရုတ် သတ္တုတင်ကားများကြောင့် ဒေသတွင်းလမ်းမကြီးနှင့် လမ်းသွယ်များပျက်စီး


သျှမ်းပြည်မြောက်ပိုင်း ၊ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်ပြည်သားပိုင် သတ္တုကျောက် တင် ကားများမှ တန်ပိုတင် စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဒေသတွင်းလမ်းမကြီးနှင့်လမ်း သွယ်များပျက်စီးနေ သည်ဟု ဒေသခံများကပြောသည်။

တရုတ်နိုင်ငံသား များသာမောင်းနှင်သော တရုတ်လိုင်စင်ရှိ အဆိုပါ ကားကြီးများသည် နမ့်ခမ်းမြို့ နယ် အတွင်း ထွက်သော သတ္တုကျောက်များကို တန်ချိန်ပို တင်ဆောင်ကာ နေ့ညမပြတ် တရုတ်နိုင်ငံသို့ ပို့ဆောင်နေမှု ကြောင့် ဒေသတွင်းရှိ လမ်းများတနေ့ထက်တနေ့ ပျက်စီးလာကြောင်း နမ့်ခမ်းမြို့ ဒေသခံ လုင်းအေး ကဆိုသည်။

“သတ္တုကျောက်တင်ကားတွေ တစ်နေ့ တစ်နေ့ တရုတ်ဘက်ကို ကားအစီးရေ ၅၀ ထက်မနဲ ပို့နေတယ်။ နယ်စပ်ကူးတို့ဆိပ်ကနေပို့တာ။ ခု မိုးတောင် မရွာသေးပဲ လမ်းတွေက ရေလိုင်းတွေ ချိုင့်ခွက်တွေဖြစ် နေတာ။ မိုးများရွာလာရင်တော့ ပိုပျက်စီးဦးမှာပဲ” ဟု ၄င်းက ပြောသည်။

သတ္တုကျောက် တန်ချိန်ပို တင်ဆောင်သော တရုတ်ကားတစ်စီးသည် ယမန်နေ့ ညနေ ၅းဝဝ နာရီ အချိန် တွင် နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက် ပြည်ထောင်စုလမ်း မ ပေါ်တွင် လမ်းမ ချိုင့်ခွက်ထဲ ကားဘီး ကျွံရာ (၃) နာရီကြာ လမ်းကြော ပိတ်ဆို့မှုဖြစ်ခဲ့သေးသည်ဟု ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံ စိုင်းအိုက်ဦးကပြောသည်။

၎င်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်မှလည်း အရေးယူခြင်းမရှိသည့် အပြင် အဆိုပါ တရုတ်ပြည်သား ပိုင် ကားကို ဝိုင်းဝန်းကူညီနေသည်ကိုတွေ့ ရကြောင်း စိုင်းအိုက်ဦးက ပြောသည်။

“ အဲတရုတ်ပြည် ပိုင် ကားတွေ ကျနော်တို့ မြန်မာဘက်ခြမ်းက ရသမျှ အကုန် သယ်ထုတ် နေကြတာ၊ ကျနော်တို့ မြန်မာဘက်ခြမ်းကကားတွေ သူတို့ ဘက်ခြမ်းမှာ အဲလိုသွားလုပ်လို့ မရဘူးဗျ၊ သူတို့ပြည် ထဲ ၀င်မောင်းမယ်ဆိုရင် အနည်းဆုံးတရုတ်ငွေ သောင်းဂဏန်း (မြန်မာကျပ် သိန်း ၂၀ ) လောက် အာမခံ ထား ပြီးမှ မောင်းနှင်ခွင့်ရတာ၊ ခု သူတို့ လုပ်ရပ် က တရားမျှတမှုရှိမှရှိရဲ့လား ဆိုတာ သမ္မတကြီး ကို သိစေချင်တယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါ တရုတ်ပြည်ပိုင် သတ္တုကျောက်တင်ကားများသည် မြန်မာပြည်သား ပိုင်ငွေကမ္ဘာကျော်၊ စိန်ဗဒေသာ ၊မြန်မာ့မြှားဦး စသော သတ္တုတူးဖော်ရေး လုပ်ကိုင်နေသော ကုမ္ပဏီ ကြီး များနှင့် ဖက်စပ်အကျိုးတူလုပ် ကိုင် နေ ကြောင်း ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းတိုင်း

အချိန်အခါမဟုတ် မိုးသီးကြွေကျမှုကြောင့် စပျစ်ခြံစိုက်ဧက ၅၀၀ ကျော် ပျက်စီး


မိတ္ထီလာ၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်တွင် ဧပြီလ ၆ ရက်နှင့် ဧပြီလ ၁၃၊ ၁၄ ရက်တို့က အချိန်အခါမဟုတ် မိုးသီးကြီးများ ကြွေကျသည်အထိ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ရွာတန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာမှ စိုက်ဧက ၅၀၀ ကျော်ရှိ စပျစ်ခြံများ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း အဆိုပါ ရွာများရှိ စပျစ်စိုက် တောင်သူများနှင့် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တို့ရှိ စပျစ်ပွဲရုံ လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့ အစပ်ရှိ ကျေးရွာများတွင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မိုးသီးကြွေကျခဲ့ရာ အဆိုပါဒေသ ကျေးရွာများရှိ စပျစ်ခြံဧက ၈၀၀ ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း စပျစ်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးက ပြောဆိုသည်။

စပျစ်စိုက်ပျိုးခြင်းသည် ဒေသခံ လူထု၏ အဓိက စီးပွားရေးလုပ်ငန်း ဖြစ်ပြီး Black Queen နှင့် No.3 အမျိုးအစား အညိုရောင် စပျစ်များကို စိုက်ပျိုးလေ့ရှိရာ ယင်းမိုးဒဏ်ကြောင့် ရွာတန်းကျေးရွာ အုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာအနက် လက်ပံခါးလှ၊ အုတ်ဖို (အရှေ့၊ အနောက်)၊ ကျည်ထိပ်၊ ဆည်ထိပ်၊ ကျည်ထိပ်၊ ရွာတန်းရွာတို့တွင် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ဒေသခံလူထုက ဆိုသည်။

“ဒီဘက်မှာ စပျစ်စိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ၊ ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဧပြီ ၆ ရက် ညနေကစပြီး မိုးရွာတယ်။ မိုးသီးကြီးတွေ ကျလာတယ်။ အကြမ်းပန်ကန်လုံးလောက် အထိရှိတယ်၊ စပျစ်ပင်တွေက အသီးတင်ချိန်မှာ မိုးသီးရိုက်တော့ အကုန်ကွဲပြဲ ပျက်စီးကုန်တယ်၊ နောက်ဧပြီ ၁၃-၁၄ က မိုးထပ်ရွာတယ်၊ အကုန်လုံး ပျက်စီးကုန်တယ်။ ဒီနယ်က လူတွေက သင်္ကြန်ရက်မှာ ဈေးကောင်း ရနေကျဆိုတော့ မခူးကြရသေးတော့ အားလုံးဆုံးရှုံးကုန်တယ်။ ကျွန်မ တစ်ဧကကျော် စိုက်ထားတယ်။ တစ်နှစ်ကို သိန်း ၅၀ လောက် အထွေထွေစရိတ် နှုတ်ပြီး အမြတ်ကျန်တယ်။ ဒါပေမဲ့ အခုတော့ နှစ်သောင်းဖိုးလောက်ဘဲ ရတော့တယ်။ ဒါတောင် ကားဂိတ်မှာ ရောင်းတဲ့ ဗန်းသည်တွေက လာဝယ်လို့ ရောင်းရတာ” ဟု အုတ်ဖိုအရှေ့ ရွာမှ စပျစ်ခြံစိုက်ပျိုးသူ ဒေါ်နုက ဆိုသည်။

အဆိုပါ မိုးသီးမိုးပေါက်များ၏ ရိုက်ခတ်မှုကြောင့် လက်ရှိ အသီးတင်နေသော စပျစ်ပင်များသာမက စပျစ်ခင်း အသစ်များရှိ အပင်ပေါက်များလည်း ပင်စည်ကိုင်းများ ပြတ်ထွက်ကုန်၍ လာမည့် နှစ်အထိ အထွက်နှုံး ကျဆင်းမှုဒဏ်ကို ခံကြရမည် ဖြစ်ကြောင်း လက်ပံခါးရွာမှ စပျစ်တောင်သူ ဦးသန်းမြင့်က ပြောကြားသည်။

“ဒီမှာက ခြံရှင်နဲ့ခြံ အလုပ်သမားဆိုပြီး လူနှစ်မျိုးဘဲ ရှိတယ်။ အားလုံးက ဒီနှစ် အသီးအထွက်ကောင်းလို့ လှူမယ် တန်းမယ်လို့ အားခဲထားတာ၊ အခုလို ဖြစ်သွားတော့ ခြံရှင်တွေလည်း ဒီနှစ်မှာ အစိုးရဆီက ချေးငွေပြန်ဆပ်ဖို့နဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေကို အကြွေးဆပ်ဖို့ မလွယ်တော့ဘူး။ ခြံအလုပ်သမားတွေ ဆိုရင် ဆန်ဖိုးတောင် မရှိတော့တဲ့ဘဝ ရောက်ကုန်တယ်” ဟု နှစ်ပေါင်းများစွာ ခြံလုပ်သားလုပ်ခဲ့သူ ဦးလွင်က ဆိုသည်။

ကိုင်းဖြင့် မျိုးပွားခြင်းစနစ်ဖြင့် စိုက်ပျိုးထားသော စပျစ်ပင်သည် သက်တမ်းတစ်နှစ်လျှင် အသီးစထွက်ပြီး လေးပိဿာ ဝန်းကျင်ထွက်ကြောင်း၊ ဒုတိယနှစ်မှ စတင်ကာ အထွက်နှုန်းများ တိုးလာတတ်ပြီး တစ်ပင်လျှင် ပိဿာ ၄၀ မှ ၆၀ အထိ အသီးထွက်ကြောင်း၊ အသီး ထုတ်ပေးနိုင်သော သက်တမ်းသည် ၁၀ နှစ် ဖြစ်ကြောင်း၊ နှစ်စဉ် ဇန်နဝါရီလ၌ အသီး စထွက်သော်လည်း၊ ရောင်းတန်း ဝင်သည့် အသီးထွက်သည်မှာ ဖေဖော်ဝါရီလမှ ဧပြီလကုန် အထိသာ ဖြစ်ကြောင်း၊ ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင် မိုးမိပါက အသီးပျက်စီးကြောင်း၊ ရမည်းသင်းမြို့နယ်ရှိ ကျေးရွာများတွင် မြေတစ်ဧကတွင် စပျစ်ပင် ၁၅၀၀ ဝန်းကျင် စိုက်ပျိုးကြောင်း၊ စပျစ်တစ်ဧက စိုက်ပျိုးစရိတ်သည် အစမှ အသီးထွက်ချိန်အထိ (မြေတန်ဖိုးမပါ) သိန်း ၇၀ ဝန်းကျင် ရှိကြောင်းစပျစ်စိုက် တောင်သူများထံမှ သိရသည်။

The Voice Weekly 

ကျွမ်းကျင်မှုစံနှုန်း မပြည့်၍ လုပ်သားခေါ်ယူမှုသိသာစွာ လျော့ကျ


လုပ်သားများ ကျွမ်းကျင်မှုစံနှုန်း မပြည့်၍ လုပ်သားခေါ်ယူသည့် ပမာဏမှာယခင်နှစ်များထက် သိသာစွာ လျော့ကျလာကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများမှ သတင်းရရှိသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်လာခဲ့၍ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အပါ အ၀င် ပြည်တွင်းလုပ်ငန်းရှင်များ ကလည်း လုပ်ငန်းတိုးချဲ့မှုများ ဆောင်ရွက်လာခဲ့သည်။ ထို့ ကြောင့် လုပ်သားလိုအပ်ချက်များ မြင့်တက်လာခဲ့ရာ ပြီးခဲ့ သည့် ၂၀၁၂ နှစ်ကုန်မှစ၍ အလုပ်ခေါ်ယူမှုနှုန်း မြင့်တက်ခဲ့ သည်။

ထိုသို့ လုပ်သားများ အပြိုင်အဆိုင် အလုပ်ခေါ်ယူမှုများ ရှိခဲ့သော်လည်း လုပ်သားများ တွင် ၎င်းတို့လိုအပ်သည့် ကျွမ်းကျင်မှုစံနှုန်း လိုအပ်ချက်ရှိခြင်းကြောင့် ယခု ၂၀၁၄ နှစ်ဆန်းပိုင်းမှစ၍ ယခင် ထက်အလုပ်ခေါ်ယူမှုနှုန်း ပြန်လည်လျော့နည်းလာ ခဲ့ကြောင်း သတင်းရရှိသည်။

‘‘စံတွေက မအောင်မြင်ဘူး လေ။ Certificate နဲ့ လျော်ညီစွာ ပါမလာဘူး။ ရင်းနှီးမြှုပ်နှံလာတဲ့  သူတွေကလည်း ကျွမ်းကျင်မှု (Skill) ပါမှ။ အပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန် တစ်ဖက်မှာ ဒီ ကျွမ်းကျင်မှုဆိုတာနဲ့ လာခုနေတော့ တုံ့ဆိုင်းသွားစေတာပေါ့။ အလုပ်ခေါ်တာတော်တော်လေး လျော့သွားတယ်’’ ဟု ပြည်တွင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ မန်နေဂျင်းဒါ ရိုက်တာက ပြောသည်။

‘‘အရင်တုန်းကလို မရတော့ ဘူး။ အရင်က သူတို့လိုလားချက် ၁၀၀ ရာခိုင်နှုန်းမှာ ၆၀၊ ၇၀ ရာခိုင် နှုန်းလောက်ရှိရင် ခေါ်တယ်။ အခု က ၈၀ ရာခိုင်နှုန်းလောက်မှ မရှိ ရင် မခေါ်ကြတော့ဘူး။ မရလည်း မခန့်ကြတော့ဘူး။ အရေအတွက် ထက် အရည်အသွေးပဲ ကြည့်ပြီး ခန့်လာတော့တာ’’ ဟု ကောင်း မြတ်သူ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးမင်းက ပြောကြားသည်။

ထိုနောက် အလုပ်ခေါ်ယူမှု လျော့ကျလာမှုနှင့်ပတ်သက်၍ Market Care ပြည်တွင်းအလုပ် အကိုင် ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ  ဦးအောင်မြင့်က ‘‘အကျိုးသက်ရောက်မှုက ၀န် ထမ်းတွေ ကြိုးစားမှရမယ်။ မဟုတ်ရင် အလုပ်လက်မဲ့တွေ ဖြစ်လာနိုင်တယ်။ မကျွမ်းကျင်တဲ့ သူကတော့  အလုပ်လက်မဲ့ ဖြစ် မှာပဲ’’ဟု သုံးသပ်ပြောဆိုသည်။

ထို့အပြင် ကုမ္ပဏီများအနေ ဖြင့် လုပ်သားခေါ်ယူရာတွင် အ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တို့ထက် ၎င်းတို့ ကိုယ်တိုင် တိုက် ရိုက် အလုပ်ခေါ်ယူခန့်အပ်မှုများ ပြုလုပ်လာလျက်ရှိပြီး ရုံးတွင်း လေ့ကျင့်သင်ကြားပေးမှုတို့ဖြင့်  ခန့်အပ်လျက်ရှိကြောင်း သိရ သည်။

လက်ရှိ လုပ်သားအများစု မှာ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်သက်အားနည်းချက်တို့ ရှိ သည့်အပြင် တတ်မြောက်ထား သည့် ဘာသာရပ်ပိုင်းဆိုင်ရာတို့ ကို ပြန်လည်အသုံးချရန် ကျွမ်း ကျင်မှု အားနည်းလျက်ရှိကြောင်း သတင်းရရှိသည်။

လတ်တလောတွင် အလုပ်သင်ဝန်ထမ်းတစ်ဦးသည် တစ်လလျှင် ပျမ်းမျှအားဖြင့် ငွေကျပ်ရှစ်သောင်းနှင့်အထက်ရရှိလျက်ရှိကြောင်း သတင်းရရှိသည်။

Author:အေးမြတ်သူ
7Day Daily 

ဂင်းနစ် စံချိန်တင် ကမ္ဘာ့ အကြီးဆုံး ယုန်




ပုံမှာ မြင်တွေ့ နေရတာ ကတော့ ကမ္ဘာ့ အကြီးဆုံး ယုန် အဖြစ် ဂင်းနစ် စံချိန် တင်ထားတဲ့ Darius လို့ အမည်ရသော ယုန်လေး ဖြစ်ပါတယ်။

၎ ပေ ၄ လက် အရှည်ရှိပြီး ပေါင်ချိန်က ၃ စတုန်ခွဲ ရှိပါတယ်။ တစ်လကို မုန်လာဥနီ အခု ၃၆၀၊ ပန်းသီး အလုံး ၃၀ နဲ့ ဂေါ်ဖီထုပ် ၁၅ လုံး စား ပါတယ်။ သူ့ကို မွေးတဲ့ မိခင် ကလည်း အရွယ်ကြီးပြီး တစ်မျိုးလုံး အကောင်ကြီး ယုန် များ ဖြစ်ပါတယ်။ ယခု Darius ယုန်ကတော့ အကြီးဆုံး ဖြစ်ပြီး ဂင်းနစ် စံချိန် တင်သွား ပါတယ်။ ဗြိတိန်နိုင်ငံက အသက် ၆၂ နှစ်အရွယ် Annette Edwards ပိုင်ဆိုင်တဲ့ ယုန် ဖြစ်ပြီး ၆ နှစ် သမီးငယ်လေးနဲ့ ယခုလို ဓာတ်ပုံ တွဲရိုက် ထားပါတယ်။ တစ်နှစ်လုံးမှာ ယင်း ယုန် အတွက် အစားအသောက် ကုန်ကျစရိတ်က ဗြိတိန်ပေါင် ၂၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ယုန်ဆိုပေမယ့် ယုန်တွေလို မပြေးတော့ပဲ လူသားတွေနဲ့ အင်မတန် ရင်းနှီးပြီး တီဗီ အတူကြည့်ခြင်း၊ အတူ ဆော့ကစားခြင်း၊ လူတို့နှင့် အတူ နေထိုင် ခြင်းတို့ကို အိမ်မွေးခွေးတို့နဲ့ မခြား ပြုမူ နေထိုင်ကြောင်း သိရ ပါတယ်။
.
Ref: Dailymail
YoYarLay

ဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အန္တရာယ်ရှိ လွန်ကဲအဆင့် ကျော်လွန်ရောက်ရှိ




ရန်ကုန်၊ ဧပြီ ၂၀

မြန်မာနိုင်ငံတွင် နေ့အပူချိန်များ မြင့်တက်နေသည့်အတူ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းများမှာလည်း ဒေသအအချို့၌ ဧပြီလအတွင်း အန္တရာယ်ရှိအဆင့်ထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်မားလာနေသည့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများသည် အမြင့်ဆုံးတန်ဖိုး (အန္တရာယ်ရှိ လွန်ကဲအဆင့်) အထက် ရောက်ရှိနေပြီး ဆက်လက်၍လည်း အညွှန်းကိန်းများ မြင့်တက်နိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံး ကျရောက်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး (UV Index) ၁၃ မှ ၁၄ ဒသမ ၃ အဆင့်အထိ ရှိကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။

“မိုးရွာမယ် ဆိုရင်တော့ အညွှန်းကိန်း တန်ဖိုးတွေ ပြန်ကျသွားနိုင်ပေမယ့် မုတ်သုံလေဦး အားမကောင်းလို့ မရွာနိုင်သေးတဲ့အခါ လောလောဆယ်တော့ လွန်ကဲအဆင့်ထက် ကျော်လွန်နေဦးမှာပဲ” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

နေ့အပူချိန်များသည် ဂန့်ဂေါမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ကလေးဝမြို့၊ ချောက်မြို့နှင့် ပြည်မြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေပြီး ဧပြီလ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် နေ့အပူချိန်များ အနည်းငယ် တိုးလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ပြင်းအားမြင့် ခရမ်းလွန်ရောင်ခြည် အဆင့် ၈ အထက်ကို အချိန်ကြာမြင့်စွာ ကျရောက်ခံရပါက နေလောင်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်းနှင့် အရေပြားကင်ဆာ စသည့်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။
The Voice Weekly

ယုဇနဥယျာဉ်အိမ်ယာ ရေရရှိရေးအတွက် ငွေကြေးကျပ်နှစ်သိန်း၊ ပြည်သူများမပေးနိုင်



ရန်ကုန်၊ ဧပြီ ၂၁ ။

ပြည်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇနဥယျာဉ်အိမ်ယာ မှ ရေကောင်းရေသန့်ရရှိရန်အတွက် ပိုက်သွယ်တန်းရန်နှင့်ဖြန့်ဝေပေးရန် တိုက်ခန်းတစ်ခန်းလျှင်ငွေကျပ်နှစ်သိန်း တောင်းယူ မှုများရှိကြောင်း ဧပြီလ ၂၁ ရက်နေ့က သိရသည်။

ယုဇနဥယျာဉ်အိမ်ယာတွင် လူနေတိုက်ခန်းပေါင်း ၇၀၀၀ ကျော်ရှိပြီး တစ်ခန်းလျင် ၂ သိန်းဖြင့် အချိုးကျ တွက်ကြည့်လျှင် ကျပ် သိန်းပေါင်း သောင်းကျော်ရှိသောကြောင့် ယင်းအိမ်ယာနေ  ပြည်သူလူထုသည် ယုဇနကုမ္ပဏီဘက်မှ တောင်းသည့် ငွေကျပ် ၂ သိန်းအား မပေးနိုင်ကြောင်း ယမန်နေ့က ပြုလုပ်လိုက်သော ရပ်ကျေးပြည်သူလူထုနှင့် ရပ်ကျေးအထောက်ကူပြုကော်မတီတို့တွေဆုံပွဲတွင် ဆုံးဖြတ်လိုက်သည်။

“အမှန်ဆိုရင် ကုမ္ပဏီဘက်က အကုန်အကျခံပြီးတော့လုပ်ပေးသင့်တာပါ။ သူတို့က ကျွန်တော်တို့အတွက် ရေကိုလည်း ပြီးစလွယ်လုပ်ပေးထားတယ်။ အဲ့ဒီရေက လုံးဝကိုသုံးလို့မရဘူး အဲ့ဒီရေနဲ့ ထမင်းချက်ရင် ထမင်းက ချက်ချင်းသိုးတယ်။ အကျီ င်္ အဖြူလျှော်တယ်ဆိုရင်လဲ မဖြူဘဲနဲ့ မဲသွားတယ်။ အဲဒီရေကို    သောက်မိရင် ဝမ်းလျောတာတွေဖြစ်တယ်။ ဒါကို ကုမ္ပဏီက ၂ သိန်းတောင်းတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး ”ဟု ယုဇနအိမ်ယာနေ ကိုမင်းထွေးကပြောသည်။

ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇနဥယျာဉ်အိမ်ယာအား ရေကောင်းရေသန့်မရရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူလူထုမှ ကုမ္ပဏီအား ဆန္ဒပြမှုများပြုလုပ်ခဲ့သော်လည်း ကုမ္ပဏီက ဆောင်ရွက်ပေးခြင်းမရှိခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမှသာ ယခုခဲ့သို့ ပိုက်ဆံတောင်းခြင်းဖြစ်ကြောင်း ယုဇနဥယျာဉ်အိမ်ရာနေဒေါ်မြင့်သိန်းကပြောသည်။

“အရင်ထဲက အဒေါ်တို့ဒီပြဿနာကိုခံစားလာရတာ သူတို့က ရေကောင်းကိုမပေးဘူး။ ဘယ်လောက် တိုင်ကြားခဲ့ တိုင်ကြားခဲ့ သူတို့ကအရေးတောင်လုပ်ခဲ့တာမဟုတ်ဘူး  ရေကောင်းရဖို့အတွက်   ရေဝယ်သုံးရတာ တစ်နေ့ကို ၄၅၀၀ လောက် ကုန်တယ်။ ဒါသူတို့ကုမ္ပဏီမကောင်းလို့ အခု ဒီလိုထပ်လုပ်လာတဲ့တွက် လုံးဝလက်မခံဘူး” ဟု ဒေါ်မြင့်သိန်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယုဇနအိမ်ယာ မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာတွင်လဲ “အခုသူတို့က ချပြတဲ့အဆင့်ပဲရှိတယ်။ ဒါပေမဲ့ တောင်းတဲ့ပိုက်ဆံက အရမ်းများနေတယ် မပေးဘူးလို့တော့ မပြောဘူး ကျွန်တော်ကတော့ ပြည်သူဘက်ကဘဲရပ်မှာ”ဟု ယုဇနဥယျာဉ်အိမ်ယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဥက္ကဌ တစ်ဦးကဆိုသည်။

ယုဇနဥယျာဉ်အိမ်ရာရေကောင်းရေသန့်ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ဂျပန်မှ နည်းပညာပံ့ပိုးပေးခဲ့သည်။

နှင်းနွယ်

The Myanma Age

ကုန်တင်ယာဉ်ကို ထော်လာဂျီဖြင့် ဆွဲနှိုးရာမှ ကြားညှပ်သေဆုံး




တိုက်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး ယာဉ်နှစ်စီးကြား ညှပ်တိုက်မိသဖြင့် ဧပြီ ၁၉ ရက် နံနက် ၈ နာရီခန့် က ပွဲချင်းပြီး သေဆုံးခဲ့မှုကို မြို့နယ်ရဲစခန်းက ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်လိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ ဦးလှဝင်းနေ၏ နေအိမ်ရှေ့တွင် နံနက် ၇နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် FAW အမျိုးအစား အပြာရောင်ကုန်တင်ယာဉ်မှာ စက်နှိုးမရသဖြင့် ထော်လာဂျီအပြာရောင် ယာဉ်တစ်စီးဖြင့် ဆွဲပြီးနှိုးရန် စီစဉ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် FAW ယာဉ်မောင်းဖြစ်သူ ချစ်ကို (၂၅)နှစ်က ကားနှစ်စီးအတွင်း သံကြိုးချိတ်နေစဉ် ထော်လာ ဂျီယာဉ်မောင်းဖြစ်သူ သားထွေး (၃၀)နှစ်က ယာဉ်ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရာမှ အရှိန်လွန်ပြီးချစ်ကို အား ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ချစ်ကိုမှာ ယာဉ်နှစ်စီးကြား ညပ်မိကာ ၀ဲမျက်လုံးထွက်၊ ဦးခေါင်းကွဲကြေ၊ ဦးနှောက်ထွက်၊ အပေါ်အောက် သွားများကျိုးပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းဖြစ်စဉ်တွင် ထော်လာဂျီ ယာဉ်မောင်းကို တိုက်ကြီးမြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ က/၂၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုထားသည်။

Mizzima Burmese

အိမ်ထောင်ဟောင်းဖြင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဇနီးကို ကတ်ကြေးဖြင့် ထိုးသတ်



ရန်ကုန်၊ ဧပြီ ၂၀။ ။ အိမ်ထောင်ဟောင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဇနီးဖြစ်သူကို ခင်ပွန်းသည်က ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှု ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပေါ်ခဲ့ပြီး အမှုကို မြို့နယ်ရဲစခန်းက ဧပြီ ၁၉ ရက် တွင် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

တောင်ဥက္ကလာပမြို့နယ် ၁/၁၄ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဓားထိုးမှု ဖြစ်ပေါ်ခဲ့သည့် သတင်းအရ မြို့နယ်ရဲစခန်းမှ ဧပြီလ ၁၉ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထား သည်။

အခင်းဖြစ်နေအိမ်တွင် ဒေါ်စောကလျာ (၃၆)နှစ်သည် နေအိမ်နောက်ခန်းတွင် ၀ဲမျက်ခုံးအထက် ထိုးသွင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ဖ၀ါး ထိုးသွင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ၀ဲဘက် ရင်ညွန့်ထိုးသွင်း ဒဏ် ရာတစ်ချက်နှင့် ၀ဲဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံး လျက်တွေ့ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်များအရ သေဆုံးသူသည် ယခင် အိမ်ထောင်ဟောင်းဖြင့် ဆက်သွယ်သည်ဟု လက် ရှိခင်ပွန်းက စွပ်စွဲကာ စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးကာ တိမ်းရှောင်သွားသည်ဟု ရဲတပ်ဖွဲ့က ယူဆ ထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူဟု ယူဆထားသူ မောင်ချစ်ကို လိုက်လံဖမ်းဆီးရမိခဲ့ပြီး ဥပဒေဖြင့် ဆက်လက် အရေးယူပေးရန် ဒု-ရဲအုပ်တေဇာမင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို တောင်ဥက္ကလာပ ရဲစခန်းက (ပ)၁၇၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက လူသတ် မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုထားသည်။

Mizzima Burmese

ယူကရိန်း အရေးကြောင့် အာရှစတော့ဈေးကွက် ကျဆင်း



ဧပြီ ၂၁။

ယူကရိန်း အရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများမှ သတိထားစောင့်ကြည့်နေကြပြီး အီစတာပွဲတော် အားလပ်ရက်အတွက် အချို့သော ဈေးကွက်များကိုလည်း ဆက်လက်ပိတ်ထားစဉ်တွင် အာရှစတော့ဈေးများ ကျဆင်းခဲ့သည်။

ဂျပန်ပြင်ပရှိ အာရှ-ပစိဖိတ်ဒေသအတွက် MSCI အညွှန်းကိန်းမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယန်းငွေ တန်ဖိုး ကျဆင်းနေချိန်တွင် ဂျပန်၏ Nikkei စတော့ ပျမ်းမျှ အညွှန်းကိန်းမှာမူ ၀.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လန်ဒန်၊ ပဲရစ်နှင့် ဖရန့်ဖွတ် စတော့ဈေးကွက် များမှာ အီစတာ အားလပ်ရက်အတွက် ပိတ်သိမ်းထားခဲ့သည်။

ယူကရိန်းအရေး တင်းမာမှု၊ တရုတ်စီးပွားရေး နှေးကွေးလာမှု လက္ခဏာများနှင့် အမေရိကန် ဗဟို ငွေကြေးရန်ပုံငွေ အဖွဲ့မှ အတိုးနှုန်းများကို ပြင်ဆင်ရန် မသေချာမှုများသည် ကမ္ဘာ့စီးပွားရေး ဈေးကွက်သို့ ယခု ရက်သတ္တပတ်များအတွင်း ရိုက်ခတ်လျက်ရှိသည်။

တရုတ် စည်းမျဉ်းစည်းကမ်း စောင့်ကြည့်မှု အဖွဲ့မှ အများပိုင် ဖွဲ့စည်းရန် စာရင်း တင်သွင်းထားသည့် ကုမ္ပဏီများ စာရင်းကို ထုတ်ပြန်မှုပြီးနောက်တွင် တရုတ် စတော့ဈေးများမှာလည်း ကျဆင်းလာလျက် ရှိသည်။

“  အသစ်ထပ်ပြီး ဝင်လာတဲ့ စတော့ရှယ်ယာတွေဟာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေရဲ့ တန်ဖိုးကို ကျဆင်းစေတယ်လို့ ဈေးကွက်ထဲက မြင်ကြတယ်။ ပြီးတော့ အဲ့ဒီ စာရင်းတင်သွင်းမှုတွေကလည်း ရုတ်တရက်ကြီး ဖြစ်ပေါ်လာတယ်ဆိုတော့ စတော့ဈေးတွေ နည်းနည်း ကျသွားတာပေါ့ ” ဟု ဇိုင်ယန်မြို့ အခြေစိုက် ကိုင်ယွမ် ဘဏ္ဍာရေးဆောင်ရွက်မှု အဖွဲ့၏ သုတေသန တာဝန်ခံ တီယန်ဝေဒေါင်မှ ပြောကြားခဲ့သည်။

စွမ်းအင်တင်သွင်းမှုကြောင့် အကြီးမားဆုံး ကုန်သွယ်ရေး လိုငွေပြမှုစာရင်းကို ဂျပန်မှ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ဒေါ်လာတန်ဖိုးမှာ ယန်းငွေ တန်ဖိုးထက် ပိုမို မြင့်မားမှုကို နှစ်ပတ်အကြာထိ ရရှိလျက် ရှိသည်။ အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ယန်းငွေ ၁၀၂.၇၁ နှုန်း ဖြစ်ပေါ်လျက် ရှိသည်။

အမေရိကန် အစိုးရမှ ထုတ်ဝေသည့် ၁၀ နှစ်သက်တမ်းရှိ အစိုးရ စာချုပ်များမှ အမြတ်ငွေ ရရှိမှုန်းမှာ ၁၀ ရက်အတွင်း အမြင့်ဆုံးအဖြစ် ၂.၇၂၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်၊ ရုရှား ၊ ဥရောပ သမဂ္ဂနှင့် ယူကရိန်းမှ အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ချိန်တွင် ဈေးကွက်အတွင်း ခိုင်မာသော ငွေကြေးအဖြစ် သက်မှတ်ထားသည့် ဂျပန် ယန်းငွေ တန်ဖိုးမှာ ကျဆင်းခဲ့သည်။ ယူကရိန်းအရေး တင်းမာမှုမှာ ကာလတိုအတွင်း ယန်းငွေ တန်ဖိုးအပေါ် သက်ရောက်မှု ရှိနေမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများမှ ခန့်မှန်းခဲ့ကြသည်။

Ref: Reuters
The Myanma Age

လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု



ယနေ့ လူငယ်တွေဟာ ခေတ်ပညာ ပိုမို တတ်ကျွမ်း လာတဲ့ အလျောက် ဘာသာရေး လေ့လာ လိုက်စားမှု နည်းလာ ပါတယ်။ အထူးသဖြင့် ခေတ်သစ် သိပ္ပံ ပညာရပ်များကို လေ့လာမှု ပိုမို များပြားပြီး ဘာသာရေး ဟာ ခေတ်နောက်ပြန်စွဲ၊ စိတ်ဓာတ် နောက်ပြန်စွဲတဲ့ လုပ်ဆောင်ချက် တစ်ခုလို့တောင် ထင်မြင်လာကြ ပါတယ်။ ဒီတော့ ဘာသာရေး လုပ်တယ်ဆိုတာ အကြောက်တရားနဲ့ အသက်ရှင်သူများ လုပ်တယ်ဆိုပြီး ခံယူ ကြလို့ (Free Thinker) လို့ခေါ်တဲ့ ဘာသာမဲ့ များ ပေါ်ပေါက် လာပါတယ်။

လိုရင်းကို အဓိက မလေ့လာခြင်း

ဒီတော့ ပြန်လည် သုံးသပ်ကြည့်တဲ့ အခါ မြန်မာပြည်မှာက လူငယ် အချို့လည်း ဒီတိုင်း ပါပဲ။ ဘာသာရေး အပေါ် အယုံအကြည် မဲ့လာ ပါတယ်။ မေးလာတဲ့ မေးခွန်း များကလည်း ကမ္ဘာကြီး ဘယ်က စဖြစ်တာလဲ။ နေ ဘယ်လိုပေါ်လာသလဲ။ ဘယ်ဘာသာက အစောဆုံး ပေါ်ပေါက် သလဲ။ ဘုရားပွင့် ခဲ့ကြောင်း၊ ဘုရား သခင် ရှိခဲ့ ကြောင်း ဘာနဲ့ သက်သေ ပြမလဲ။ ဘယ် ဘာသာနဲ့ ဟောကြား ခဲ့ သလဲ။ နောင်ဘဝ ဆိုတာ ဘာလဲ။ ရှေးဘဝ ဆိုတာ ဘာလဲ။ ငရဲ ဆိုတာ တကယ်ကော ရှိရဲ့လား အစရှိသဖြင့် များစွာသော မေးခွန်း များနဲ့ စတင်ကြ ပါတယ်။ ဒီတော့ ယင်း မေးခွန်း များအတွက် ရလဒ် အဖြေကို မကျေနပ် နိုင်ကြတာ ကြောင့် ဘာသာရေး လေ့လာ လိုက်စားဖို့ကို ရပ်တန့် လိုက်ကြ ပါတယ်။

ဒီတော့ ပြန်လည် သုံးသပ် ကြည့်လိုက်တဲ့ အခါမှာ ကွဲပြားမှု ရှိပါတယ်။ ကျနော်တို့ IT Networking ပညာ လေ့လာမယ် သို့တည်း မဟုတ် Programming ပညာ တစ်ခု စတင် လေ့လာမယ် ဆိုရင် Protocol တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ Language တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း အစရှိသဖြင့် စတင် လေ့လာကြရ ပါတယ်။ ပိုပြီးတော့ အခြေခံ ကျတဲ့ အပေါင်း အနုတ် အမြောက် အစား အထိတောင် ပြန်လည် လေ့လာကြရ ပါတယ်။ တီထွင်သူ ပညာရှင်များရဲ့ သမိုင်းကိုပါ မြေလှန်ပြီးမှ ယင်း ပညာရပ်ကို စူးစူး စိုက်စိုက် လေ့လာ ကြပါ တော့တယ်။ ဒါဟာ မှန်ပါတယ်။ ဒါမှပဲ မိမိ သင်ယူနေတဲ့ ပညာရပ် အကြောင်းကို သေချာ သိမှာ မို့ပါ။ Motivation လည်း ဖြစ်ပါတယ်။ အခြားသော လုပ်ငန်းခွင်သုံး ပညာရပ်တွေ ကလည်း ဒီလိုပါပဲ။

သို့ပေမယ့် ဘာသာရေးနဲ့ ယှဉ်ထိုး နှိုင်းကြည့် လိုက်တဲ့ အခါမှာ မတူ ပါဘူး။ ဒီခေတ် လူငယ်တွေက ဘာသာရေး ကို အသက်မွေးဝမ်းကျောင်း ပညာ လေ့လာ သလိုပဲ သဘောထားမိကြ ပါတော့တယ်။ ဒီတော့ ဘာသာရေး တစ်ခုကို စတင် လေ့လာ လိုက်စားဖို့ အတွက် သမိုင်းတွေ စတင် မြေလှန် ပါတော့တယ်။ ဘယ်နှစ်ခုနှစ်က ဘယ်သူ ဘာပြောခဲ့လဲ။ ဘယ်မှာ မှတ်တမ်း တင်ထားလဲ။ သက်သေ အပြည့်အစုံပြ အစရှိသဖြင့် မေးခွန်း ထုတ်ကြ ပါတော့တယ်။ Seeing is Believing ဆိုတဲ့ နေရာမှာ အကောင်အထည် ဒြပ်ထုကို မြင်မှ Believe ဖြစ်မယ် ဆိုတဲ့ အယူအဆ ကိန်းအောင်း သွားခြင်းပါ။ တစ်ခါတစ်ရံ အကောင်အထည် မြင်ပေမယ့် မှားနေ တာတွေ ကိုတော့ သတိမထား မိလိုက်ကြ ပါဘူး။

ဥပမာ ပေးရရင် ပင်လယ်ထဲ ခရီးသွားမယ့် လူတစ်ယောက် အနေနဲ့ သူ မဖြစ်မနေ လေ့လာ ရမှာက ရေကူး သင်နည်း ဖြစ်ပါတယ်။ ရေမှ မကူးတတ်ရင် ပင်လယ်ထဲမှာ နှစ်ပါတယ်။ ဒီတော့ ရေကူးနည်းကို စာဖတ် သူတို့လည်း စတင် လေ့လာမိမှာပါ။ ရေကူးနည်း ဘယ်သူ အရင် စထွင်ခဲ့တယ်တို့၊ မိုက်ကယ်စကိုးဖီး သမိုင်း ကြောင်းတို့၊ ရေကူးနည်း ပေါင်း စုံ တို့၊ အရှေ့တောင် အာရှ ရေကူးမှာ ဘယ်သူ အတော်ဆုံး လဲ တို့ အစရှိသဖြင့် တို့ကို စတင် လေ့လာ မိပါ သလား၊ မိမိ ကူးတတ်ဖို့ကိုပဲ အဓိက ထားလို့ ရေကူးနည်း အရင် လေ့လာ ရပါ သလား။

ဘဝဟာလည်း ဒီလိုပါပဲ။ သမိုင်းကို ဦးစားပေးလို့ အရင် မြေလှန်လေ့လာ ရမယ့် ဘာသာရပ် ထဲမှာ ဘာသာရေး မပါ ပါဘူး။ ဘာသာရေးဟာ တတ်မြောက်ကျွမ်းကျင်မှု အပေါ်မှာ အခြေခံပြီးမှ သမိုင်း ဘက်ကို ဆက်သွား ရခြင်း ဖြစ်ပါတယ်။ ဥပမာ ဘုရားဟောကြား တရားတော် များကို အခြေအနေ တစ်ခု အထိ လေ့လာ ပြီးပြီ နားလည် တတ်မြောက် သွားပြီ ဆိုရင် သမိုင်းကြောင်းကို လေ့လာ နိုင်ပါပြီ။ အဲ့ဒီ အချိန်မှာ သံသယတွေ မရှိတော့ ပါဘူး။ ယခု ကျတော့ ဖြစ်နေတာက သမိုင်းကို အရင်လေ့လာ နေကြတော့ ဟိုဟာလည်း ငါ မယုံ၊ ဒီဟာလည်း ငါမယုံနဲ့ ခရီးတွေ ဝေးသထက် ဝေးသွား ပါတယ်။ ဒီတော့ လေ့လာမှု အဆင့်ဆင့် သွားပုံကို သေချာ မှန်ကန်ဖို့ လိုအပ် ပါတယ်။

ဘုရား ဟောခဲ့သလိုပဲ ပြန်မျှဝေရမယ် ဆိုရင် မြားဆိပ် ထိမှန်နေတဲ့ လူတစ်ယောက်ဟာ မြား ဘယ်ကလာတယ်။ ဘယ်သူ ပြစ်တဲ့ မြားဖြစ်တယ်။ ဘယ်လို အဆိပ် အမျိုးအစား အသုံးပြုထားတယ် အစရှိသဖြင့် တို့ကို လေ့လာ နေရမှာ မဟုတ်ပဲ ထိမှန် နေတဲ့ မြားကို အရင်ဆုံး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးမှ လေ့လာရန် လိုအပ်သည်ဟု မှားယွင်းစွာ ခံယူခြင်း

လူငယ်တွေဟာ ဘာသာရေး ဟာ အသက်ကြီးမှ အနီးကပ် လေ့လာရမယ့် ပညာရပ် တစ်ခုလို့ သဘောထား နေကြ ပါတယ်။ အမှန်တာ့ လောက အမှန်တရား ဆိုတာ စောစောစီးစီး သိနိုင်လေလေ ကောင်းလေလေ ဆိုတာကို သူတို့ သိမထားကြ ပါဘူး။ သိထားလဲ အခြားသော မကောင်းတဲ့ စိတ်များရဲ့ ခေါ်ဆောင်ရာ ကိုသာ လိုက်နေကြ ပါတော့တယ်။ ဘာသာရေး ဆိုတာ တောထွက်မှ၊ ဘုန်းကြီးဝတ်မှ လေ့လာရမယ်လို့လဲ ဆို မထား ပါဘူး။ လောကနီတိ တရားအရ လောကုတ္တရာ နဲ့ လောကီဟာ အပြန်အလှန် အမှီသဟဲ ပြု ပါတယ်။ လောကုတ္တရာ ဘောင်များ ရဟန်းများပဲ ရှိနေလို့လဲ ကမ္ဘာကြီး ဖြစ်မလာ နိုင်သလို၊ လောကီ လူသားတွေပဲ ရှိနေ ရင်လည်း ကမ္ဘာကြီး ကြိမ်းသေ ပျက်သွား နိုင်ပါတယ်။ ယင်း အဖွဲ့အစည်း နှစ်ခုက အပြန်အလှန် အမှီ သဟဲ မပြုပဲ သီးခြားစီ ရပ်တည်နေရင်လည်း ကမ္ဘာကြီး ပျက်သွား နိုင်ပါတယ်။ လူသားတို့ရဲ့ မကောင်းတဲ့ စိတ်များ၊ စေတသိတ် များကို ထိန်းချုပ်ထားပေးတာက ယင်း ဘာသာရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေးဟာ အသက်အရွယ် မရွေး ကြီးကြီး ငယ်ငယ် လေ့လာ ကျင့်သုံး ထားရမယ့် ပညာရပ် တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူ အားလုံး ဘာသာရေး လေ့လာမှု အမြင်နဲ့ ပက်သက်လို့ သေချာ သိရှိလို့ လေ့လာ နိုင်မယ်လို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

မြစ်ဆုံကိုလွမ်းတဲ့ ချစ်စိုးကိုရှက်ပါ

မြစ်ဆုံတစ်နေရာကို ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Written by - မောင်စံပေါ

(၁)

လွမ်းတယ်ဆိုတဲ့ စကားလုံးကို မြတ်နိုးတန်ဖိုးထား ချစ်ခင်လေးစားတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ အကြောင်းခြင်းရာ၊ နေရာဒေသတွေနဲ့ ပတ်သက်ပြီး သုံးလေ့ရှိပါတယ်။ ဆုံးရှုံးလက်လွှတ် လိုက်ရတာလည်း ဖြစ်နိုင်သလို ဝေးနေတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းတိုက်ဆိုင်မှု ရှိလာတဲ့အခါ လွမ်းတတ်ကြတာ ဓမ္မတာပါ။

အခု စာတစ်အုပ်ရဲ့ နာမည်တွေ့လိုက်တော့ ဘုရားတလိုက်မိတယ်။ အတိတ်နိမိတ် စနည်း တဘောင် ဘဝေါစတဲ့ အယူတော် မင်္ဂလာဦးနိုးရဲ့ ဆွေမျိုးသားချင်း တပည့်အတတ်ဟော ပညာရှိ သတိထား လေ့လာလေ့ ရှိတာတွေထဲမှာ ဒီစာအုပ်နာမည်ရဲ့ ရှေ့ပိုင်းမပါပါစေနဲ့ ဆုတောင်းမိတယ်။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ မဆုံးရှုံးပါရစေနဲ့။

တော်ပါသေးရဲ့ ဆရာက ခရီးသွားပြီး ပြန်အလာမှာ လွမ်းတာကိုစာစီသတာမို့ ဖြေစရာရလိုက်ပါတယ်။

(၂)

မိုင် ၁၃၅၀ ရှည်လျား၍ မြန်မာတစ်နိုင်ငံတွင်စ၊ မြန်မာတစ်နိုင်ငံတည်း တွင်ဆုံးပြီး တစ်နိုင်ငံလုံးကို လေးပေမျှ ရေဖုံးအောင် လုံလောက်သော ထူးခြားလှသည့် ဧရာဝတီမြစ်၏ အစ မေခ၊ မလိခမြစ်ဆုံကို လှမ်းမြင်လိုက်ရသောအခါ အံ့သြ၀မ်းသာ၊ တည်ငြိမ်တက်ကြွ၊ ရသစုံခံစားရပေသည်။ ကြည်လင်လှသော မြစ်ရေနှင့် နာမည်ကြီး မြစ်ဆုံကျောက်များ၏ လုံးဝန်းအေးမြသော အထိအတွေ့မှာ မမေ့နိုင်စရာ။ (စာ-၁၀)

စက်တပ်လှေတစ်စင်းငှား၍ မေခ၊ မလိခရေအလျဉ်ကို လှည့်ပတ်၊ ထိတွေ့ တစ်သားတည်း ညှိခဲ့ကြသည်။ အဖော်ပါသူ ဒေါက်တာလှိုင်မြ၀င်းမှာ ရေကြောက်တတ်သော်လည်း မြစ်ဆုံ၏ရသကိုမူ လက်မလွှတ်နိုင်သဖြင့် အရဲကိုးလိုက်ပါ လာပါသည်။ တိမ်တောင်တိမ်လိပ်များ လှပစွာ၊ ရေကြည်ရေနောက် ဆန်းပြားစွာ၊ စိမ်းစိုသော သစ်တောများ ဖုံးလွှမ်းသော ကမ်းပါးများစွာ၊ အမိနိုင်ငံ၏ ကြွယ်ဝမှုကို ၀မ်းမြောက်စွာ ကြည်နူးခဲ့ကြသည်။ လွမ်းစရာ။ ၀င်း-၀င်း အဖြေရအောင် စဉ်းစားကြည့်ရရင်ဖြင့် ဒီမြစ်ဆုံအလှ၊ သဘာဝကိုတော့ ဘယ်အကျိုး၊ တိုးတက်မှုနှင့်မျှ လဲနိုင်စရာမမြင်။ (စာ-၁၃)

(၃)

မြန်မာပြည်ဖွားမှန်ရင် မြန်မာပြည်သားမှန်ရင် ဧရာဝတီကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ယုံလည်း ယုံကြည်နေဆဲပါ။

ဒါပေမဲ့ ဒီအချက်ကို ရာနှုန်းမှ ပြည့်ပါလေတော့ရယ်လို့ သံသယပွားရလောက်အောင် ဧရာဝတီဟာ ကျန်းမာရေး ကျဆင်းခဲ့ပါပြီ။ စံချိန်ချိုးပြီး ရေလယ်မှာထွန်းလာတဲ့ သောင်ပြင်ကျယ် တစ်မျှော်တစ်ခေါ်ဟာ ကျွန်းဆိုတဲ့ နာမသညာတပ်လို့ မရတော့ပါဘူး။ နှစ်ဖက်ကမ်းပါးကို တိုင်မလို ပေါင်မပါ အခင်းမဲ့စွာနဲ့ နတ်ဖန်ဆင်းတဲ့ ကိုယ်ပျောက်တံတား ဖြစ်လုလုပါ။

အကျိုးတစ်ခုကို ဖြစ်ပေါ်စေတာ အရင်းခံအကြောင်းများပါတဲ့။ အကြောင်းတွေ သိနေပြီဆိုရင် ဘာဆက်လုပ်ကြမှာလဲ။ အတွေးထဲနစ် မွန်းနေဆဲခဏတာမှာ မြစ်ဆုံရဲ့ လှိုင်းငြိမ့်ငြိမ့် ရေကြည်ကြည် ဆောင်ပို့တာနဲ့ ပုဂံကိုရောက်ခဲ့ရတယ်။

ချစ်ရပါသော၊ မြတ်နိုးရပါသော၊ တန်ဖိုးထားရပါသော ပုဂံ။

(၄)

"ပုဂံခေတ် ပန်းချီကြောင့် ဗုဒ္ဓသာသနာ ခိုင်မြဲခဲ့သည်။ မင်းချီးမြှောက်ရုံ၊ ပိဋကတ်သင်ရုံဖြင့် လူထုသို့ အခြေခံဘာသာရေး နားလည်မှု ရောက်မည်ဟု မဆိုသာ။ ဗုဒ္ဓ၀င် အခန်းခန်းတို့ကို မျက်စိဖြင့်မြင်၍ အံ့သြဖွယ်၊ ထိတ်လန့်ဖွယ်၊ ရွှင်လန်းဖွယ်ဖြစ်အောင် ဖန်တီးမှလူထုအတွက် ဘာသာရေးစေတနာ ပွင့်လန်းနိုင်မည်။ ပုဂံပန်းချီသည် ထိုကိစ္စကို ဆောင်ရွက်ခဲ့သည်" ဟူသည့်သဘောကို ဆရာဇော်ဂျီ ဆိုခဲ့ဖူးသည်။ (စာ-၂၃)

ဗီယက်နမ်နိုင်ငံ၊ ဗူးသောင် (Vung Tau) က ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခုရဲ့ နံရံမှာ ရေးဆွဲထားတဲ့ ငရဲခန်းပန်းချီကားတွေကို သတိရမိတယ်။ အများကြီးမှ တကယ့်အများကြီးပါ။ ငရဲသားတွေ ငရဲမျိုးစုံ ခံနေကြရပုံတွေရဲ့အောက်မှာ ဘယ်လိုမကောင်းမှု အကုသိုလ်ကိုလုပ်ခဲ့လို့ အဲဒီငရဲရောက်ရသလဲဆိုတာ စာနဲ့ရှင်းပြထားတယ်။

ဒီမှာတော့ ငရဲကားတွေ တွေ့မြင်ရတာ နည်းသွားပြီ။ ရောက်လေရာ လျှောက်ရှာကြည့်ပေမယ့် မမြင်မိသလောက် ဖြစ်သွားပြီ။ ရှိလို့တွေ့ရင် မြင်ရင်တောင်မှ ကြောက်ကြပါဦးမလား စဉ်းစားမိတယ်။

(၅)

ကင်မရာခလုတ်နှိပ်တဲ့ စာရေးတဲ့လက်တွေက နားကြပ်ကိုင်ပြီး စာလည်းသင် ဆေးလည်းကုပါတယ်။ စာကိုမည်ကာမတ္တသင်တာ မဟုတ်ကြောင်း သိရတဲ့အခါ လေးစားမှုပိုခဲ့ရတယ်။ ဆရာ့လိုဆရာတွေ များလာစေချင်လိုက်တာ။

ဆေးကျောင်းသားများကို စာသင်ရာတွင်လည်း လူအများကို လေးစားရန်၊ ကုထုံးများကို လူနာများနှင့် တိုင်ပင်ရှင်းပြပြီးမှ ၀ိုင်းဝန်းဆုံးဖြတ်ကြရန်တို့ ပြောင်းလဲစေချင်ပါသည်။ (စာ-၂၃)

(၆)

အိန္ဒိယသတင်းစာများက အိန္ဒိယဆရာဝန်များသည် လာဘ်စား၍ ဆေးကုမ္ပဏီများကို ရွေးချယ်ဘက်လိုက် သုံးစွဲနေပါသည် စွပ်စွဲသောအခါ ဆရာဝန်များကလည်း "မှန်ပါပေသည်။ ဆရာဝန်များသည်လည်း ပြည်သူလူထုထဲမှ လူတန်းစားတစ်ရပ်ပင် ဖြစ်ပါသည်။ တရားစီရင်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်အားလုံးတွင် ဘက်လိုက်မှု မကင်းသေးသမျှ ဆရာဝန်လောက တစ်ခုတည်း ထီးထီးကြီး သန့်စင်နေရန် မျှော်လင့်၍မရနိုင်ပါ" ဟု ဆိုပါသည်။ (စာ-၇၆)

ဆရာက ဆရာဝန်ဆိုတော့ ဆရာဝန်တွေဘက်က ရှေ့နေလိုက်မှာပေါ့လို့ စနောက်ပြီး ထေ့တေ့တေ့ ပြောမယ့်သူတွေ ရှိမှာပါ။ အမှန်က သူတို့မသိကြလို့ပါ။ ဆရာက လူ့အဖွဲ့အစည်း တစ်ခုလုံး မကျန်းမမာ ဖြစ်နေကြောင်း ထောက်ပြခဲ့တာလေ။

(၇)

အဆင်မပြေတာတွေ အခြေခိုင်မာနေဆဲဆိုတဲ့ အကြောင်းတွေးရင်း သယ်ယူပို့ဆောင်ရေးအကြောင်း စိတ်ထဲရောက်လာပါတယ်။ တိုင်းဒေသကြီး မြို့တော်နဲ့ မဝေးလှတဲ့နေရာမှာ အလည်လာဘုရားဖူးသူတွေ အများကြီးခါးစည်းပြီး သည်းခံရတာ လမ်းပန်းဆက်သွယ်ရေးပါတဲ့။ သွားချင်ရာ ရောက်ဖို့ခက်တဲ့ အခြေအနေမှာ ရောက်နိုင်တဲ့နေရာဝင်ပြီး စိတ်ကျေနပ်မှုရအောင် ကြိုးစားရပါရော။ ရသေ့စိတ်ဖြေ ပြောရမယ့်ဘ၀ မဖြစ်ရလေအောင် ပီတိတွေဝေဖြာ ဂုဏ်ယူစရာတွေ မြင်တွေ့ရတဲ့ ဖိုဝင်တောင်ခရီးမှာ တွေးစရာတွေ တွေ့တဲ့နောက် လိုက်မိရာက ကိုယ့်ဘ၀ ကိုယ့်အခြေအနေ ဘ၀င်မကျစရာတွေ တွေ့ရပါရော။

ကျောက်တောင်နံရံတွေကို ထွင်းထားတဲ့ စို့ရာတွေနဲ့ ကျောက်ဂူဓမ္မာရုံ၊ ကျောက်တိုင် အမွမ်းအပြောက်တွေက ရှေးလူတွေရဲ့လုပ်အားနဲ့ ဇွဲလုံ့လကို အံ့မခန်းဖြစ်စေပါသည်။ နှစ်ပေါင်း ၉၀၀ ကျော် ပုဂံနဲ့ခေတ်ပြိုင် နားရွက်တော်ရှည်ရှည်၊ သင်္ကန်းတော်ပါးပါးနဲ့ ကျောက်ဆစ်ရုပ်ပွားတော်များကလည်း ဖူးမကုန်သပ္ပာယ်လှပါ၏။ ထွက်ပေါက်ဝ ကျောက်နံရံမှာ ထွင်းထားတဲ့ ဆင်ဖြူတော်ရုပ်ကြီးကလည်း နှစ်ထပ်တိုက် တစ်လုံးစာလောက်ရှိတော့ အင်္ဂလန်မှာ မြင်းဖြူရုပ်ဆိုပြီး ကြော်ငြာကောင်းလို့ သွားကြည့်ခဲ့ရသော ၁၅ ပေသာသာ အရုပ်လေးကို ပြန်သတိရမိပါသည်။ ကမ္ဘောဒီးယား၊ အန်ကောဝပ်နှင့်အပြိုင် ကြော်ငြာဆွဲဆောင်နိုင်သည့် အဆင့်မြင့်ကျောက် ဆစ်၊ ပန်းတော့၊ ပန်းတမော့ အနုပညာတွေဟာ ဟိုမှာ တစ်နေ့တစ်နေ့ ဒေါ်လာသိန်းနဲ့ချီပြီး ရှာပေးနေနိုင်တဲ့အချိန်မှာ လာကြည့်တဲ့ နိုင်ငံခြားသားတစ်ယောက်၊ နှစ်ယောက်လောက်ပဲ တွေ့ခဲ့ရတာကို ဆရာမကြီး ဒေါ်မြမြရီက တဖျစ်တောက်တောက် ဖြစ်နေပါသည်။

(စာ-၅၂၊ ၅၃)

မရှိမဲ့၊ ရှိမဲ့အလှကို မိတ်ကပ်ကောင်းကောင်းလိမ်းပြီး နဂိုထက်ပိုလို့ ရုပ်ထွက်ကောင်းအောင် ပြတတ်တဲ့ သူငယ်မ မယ်စကြ၀ဠာရတာ မဆန်းလှပေမယ့် သူ့ထက်ပိုလှသူခမျာ ပြတာမတတ်တော့ ရစရာအမှတ်တောင်မှ အဖြတ်ခံခဲ့ရရှာတယ်။ သြော် ဈေးရောင်းခြင်း အတတ်ပညာတဲ့လားကွယ်။

(၈)

ပညာရှိသူတော်ကောင်းတွေက စကားကို သင့်ရာသင့်သလောက်သာ ဆိုတတ်ကြတယ်။ အခါသင့် အခွင့်သာပဟရယ်လို့ ပြောချင်တာတွေ ကြွားချင်တာတွေကို ကရားရေလွှတ် တတွတ်တွတ် မဆိုကြဘူး။ ပြောမှသိမယ့် တရားတွေထက် မပြောရင်တောင်မှ ဦးနှောက်နဲ့စဉ်းစားပြီး နှလုံးသားနဲ့ ခံစားနားထောင် နိုင်ကြမယ့် စကားတွေထား ရစ်တတ်ကြတယ်။

(၉)

အပြန်ကျတော့ ကြေးနီတောင် အိမ်ရာဝင်းထဲက ဖြတ်ပြန်ကြပါသည်။ "၀န်ထမ်းတွေဟာ ၀င်ငွေကောင်းပြီး ဒီဒေသမှာ သီးခြားကမ္ဘာလေးတစ်ခုလို အိမ်တိုင်းဆိုင်ကယ်ကိုယ်စီ၊ ရေခဲသေတ္တာကိုယ်စီနဲ့ အ၀တ်အစား ခေတ်ဆန်လို့ ကျန်းမာရေး၊ အားကစား လိုက်စားနိုင်ကြတယ်" လို့ ကားဆရာကြီးက ပြောပါတယ်။ တောင်သုံးလုံးအနက် တစ်လုံးကတော့ ဖြိုပြီးသွားပါပြီ။ သတ္တုထုတ်ပြီး ပြန်စွန့်ပစ်ထားတဲ့ မြေမှုန့်တွေက မုန့်စိမ်းပေါင်းပုံကြီးလို ညီညီညာညာတွေ့ရပါ၏။ "သို့သော် စက်တွေက ထိုကြေးနီကို ကုန်အောင်မထုတ်နိုင်တော့ စီးလာတဲ့မိုးရေစီးကြောင်းတွေမှာ ကြေးနီညှိတွေပါလာပြီး ယာခင်းတွေကို ဖုံးသွားတတ်ပါသည်။ ဒေသခံတွေက ယာမလုပ်တော့ဘဲ အပေါ်ယံမြေကို ကန်သုံးဆင့်နဲ့ဖျော်ပြီး နောက်ဆုံးနို့ဆီခွက် သံဖြူနဲ့ စစ်ဖမ်းကြပါသည်။ "တစ်ပိဿာ ကျပ် ၉၀၀၀ နှုန်းနဲ့ ပြန်ရောင်းရလို့ တွက်ခြေကိုက်ကြတယ်" လို့ တစ်ယောက်က ရှင်းပြပါသည်။ (စာ-၅၅)

(၁၀)

ပျောက်သွားတဲ့ တောင်ကြီးကို မှန်းဆပြီး လွမ်းလို့ငိုနေကြတဲ့ ဒေသခံတွေကို ဆရာမမေ့ပါဘူး။ အဆင်ပြေနေသူတွေ၊ အဆင်မပြေသူတွေရဲ့ အကျိုးဆိုတာ သင်္ချာပညာရှင် မဟုတ်ပေမယ့် လွယ်လွယ်နဲ့ တွက်နိုင်တဲ့ပုစ္ဆာ။ ဘာအိုင်အေ၊ ညာအိုင်အေ သက်ရောက်မှု အစီရင်ခံစာတွေ ကတော့ ဆရာထုတ်ပြန် ပေးနိုင်တဲ့အရာတွေမှ မဟုတ်ဘဲ။

ဘာဖြစ်ဖြစ်ပါ ပညာရှိကကွက်လပ် ထားခဲ့ပေမယ့် ဒီကလူမိုက် ကြီးကတော့ ကြိုးစားပြီး ကွက်လပ်ဖြည့်နေမိတာပါ။ တချို့လူတွေက သံပရာလိုချင်နေရက်သားနဲ့ သကြားတောင်းချင် တောင်းတတ်တာကလား။

ဓာတ်ပုံအောက်မှာတော့ ဘိုလို ရေးထားပါတယ်။ Ugly copper production process destroying the environment eco system တဲ့။

(၁၁)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်သော အလေ့အကျင့်ရှိရန် ချိုချဉ်ခွံ၊ အအေးဘူးခွံ၊ ကြွပ်ကြွပ်အိတ် ဘာမှမကျန်ခဲ့စေရန် နားလည်အောင် ပြောထားသောအခါ အံ့အားသင့်ဖွယ်အားလုံးက ကိုယ်တိုင်တာဝန်ယူတတ်၊ ထိန်းသိမ်းတတ်ကြပါ၏။ တချို့က သူတစ်ပါးရှေ့အဖွဲ့များကကျန်ခဲ့သော အမှိုက်များကို ပင်ကောက်ထည့်လာသူများ၊ ရေအလွန်ရှားလာချိန်တွင် မိမိရေဘူးကို မသောက်ဘဲ အပေါင်းအသင်းများကို ခွဲဝေပေးနေသူများကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ (စာ-၁၁၀)

(၁၂)

မြေကမ္ဘာမှာ နေစရာဖွေရှာနေရသူတွေ ဖြစ်လေတော့ သဘာဝပတ်ဝန်းကျင် ဆိုတာက မေ့ထားလို့ မရတာအမှန်။ စိန်သေတ္တာပေါ်မှာထိုင် ဘဏ်စာအုပ်ထဲက ဂဏန်းတွေကြည့်ပြီး ကြည်နူးနေဖို့ဆိုတာ ပတ်ဝန်းကျင်ဆိုတာ လိုကိုလိုပါတယ်။

သဘာဝပတ်ဝန်းကျင်တွေ အကုန်ပျက်စီးပြီး အထီးကျန်ရင်တောင်မှ ဘာအရေးလဲ။ ဥစ္စာဓနတွေနဲ့ မွေ့လျော်ဖွယ်ကမ္ဘာအတု ဖန်ဆင်းပြီး ပျော်ပျော်ကြီးနေမဟဲ့လို့ ငွေဆိပ်ငယ်ထိပ်ရောက် မှောက်မှောက်မှားမှား စကားဆိုသူလည်း ရှိချင်ရှိမှာပါပဲ။

ဒါပေမဲ့ မေးစရာမေးခွန်းရှိပါတယ်။ တစ်ကမ္ဘာလုံးပျက်စီး တစ်စု၊ တစ်ဦးတည်း ကျန်ချိန်မှာ နေပျော်ပါ့မလား။ တစ္ဆေသရဲတွေကြားထဲ နေရဲရဲ့လား။ (၁၃)

'ဘုန်းတောင်ကြိုးဝိုင်း၊ ဧက ၂၄၀၇၀' ဆိုသော ဆိုင်းဘုတ်တွေ့ရသော်လည်း သစ်ပင်ကြီးကြီးမားမား မတွေ့ရသေးပါ။

"အရင်ခေတ်တုန်းကမှ သစ်ထုတ်ပေမယ့် အလှည့်ကျ ပြန်စိုက်သေးတယ်။ လုပ်တဲ့သူတွေ ကိုယ်တိုင်ကလည်း သစ်တောကို ချစ်တယ်။ နောက်ပိုင်းလုပ်နေကျ မဟုတ်တဲ့ ကန်ထရိုက်တွေကို ပေးလိုက်တော့ အမြတ်ရပြီးရောဆိုပြီး ပေါင်လုံးလောက် အပင်တောင် မချန်တော့ဘဲ အပြောင်ရှင်းကြတယ်ထင်တယ်။ တောင်တွေက ကတုံးချည်းပဲ။ အခုခေတ် ပြန်စိုက်ကြပေမယ့် နည်းနည်းနဲ့ အပင်သေးသေးလေးတွေပဲ ရှိသေးတယ်။"

ကိုအေးထွန်းက မြည်တမ်းပါသည်။ သစ်ပင်မှာ 'တောင်ယာမ ခုတ်ရ၊ ပုံ အစိုးရ' ဆိုတဲ့ ဆိုင်းဘုတ် တွေ့တော့ ဂျူးရဲ့ 'တိမ်ချည်တဲ့ကြိုး' စာအုပ်ကို သတိရပါသည်။

"ငါတို့တွေ တောင်ယာခုတ်လို့ ပြုန်းတာလား၊ ကားအစီးလိုက်သယ် သယ်သွားကြလို့ ကုန်တာလား၊ ဘာလို့ကတုံးဖြစ်လဲ ငါတို့သိပါတယ်" လို့ ပြောနေတဲ့ ချင်းအမျိုးသားကို မြင်ယောင်ပါသည်။ (စာ-၁၃၀)

(၁၄)

'၀ိသေသတိုင်း သမိုင်းအစ' လို့အမည်ရတဲ့ သိန်းဖေမြင့်ရဲ့ စာအုပ်ဖတ်ဖူးခဲ့တာ ကြာပါပြီ။ တောင်ဇလပ်ပန်းရနံ့ကို စာတွေကတစ်ဆင့် နမ်းရှိုက်ခံစား ခဲ့ရဖူးသလို အောက်ချင်းငှက်ဖို၊ ငှက်မ သစ္စာထားပုံကို ကြားရပြန်တော့ သနားခြင်းနဲ့အတူ လေးစားရပါတယ်။ အဟိတ် တိရ စ္ဆာန်တွေရဲ့ သစ္စာတရားကို အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းနဲ့အတူ အစစအရာရာ တိရစ္ဆာန်တွေထက် သာလွန်ပါတယ်ဆိုတဲ့ လူတချို့ရဲ့ သစ္စာမထား စကားမတည်ခြင်း အကြောင်း ပြန်စဉ်းစားမိပါတယ်။

တာဝန်ပြီးက၊ အစပထမ၊ လာခဲ့ကြသည့်၊ မူလနေရာ၊ ငါပြန်ပါမည်၊ စိတ်ကရည်လည်း၊ မတည်စကား၊ တပည့်သားက၊ မှောက်မှားဖောက်ပြန်၊ ဇောက်ထိုးလှန်၏၊ ပြောသည့်စကား၊ ထားမိကတိ၊ မှားသည့်အရာ၊ ငါ့ဝန်တာဟု၊ နှုတ်မှာဖွဖွ၊ ရွတ်ရင်းကလျှင်၊ နေလုံးဝင်သည်၊ အသင်ဝမ်းမြောက် ပါလေတော့။ (ကိုကျေး)

စစ်သားအိုကြီးရဲ့ နောင်တစကားတွေကို ကြားမိတဲ့ခဏမှာ ဖြူစင်တဲ့နှလုံးသားကို မြင်မိတယ်။ နှလုံးသားသဏ္ဌာန် ရိဒ်ရေကန်မှာ လရောင်ဖြာနေပါပေါ့။

နေချင်ရက်သား၊ မသွားမဖြစ်၊ ထားရစ်ရမှာ၊ မချိပါတည့်၊ နွမ်းသည့်ရင်နှင့်၊ အခွင့်မတောင်း၊ ပြန်ရကြောင်းကို။ (ကိုကျေး)

ကားလမ်းပဲရှိတဲ့နေရာမှာ ကားဆရာပြောတာ နားထောင်ပြီး ခရီးဆက်ခဲ့ရတယ်။

(၁၅)

"တရုတ်နယ်စပ်ကတော့ အရမ်းဖွံ့ဖြိုးပြီး အိန္ဒိယနယ်စပ် ကုန်သွယ်ရေးက နှေးတယ်နော်"

"ဒီမိုကရေစီပေါ့၊ တရုတ်က တစ်ပါတီတစ်အာဏာဆိုတော့ ညှိလို့လွယ်တယ်။ အိန္ဒိယက တစ်ခုခုဆို ပါလီမန်မှာဆွေးနွေးရ၊ ကျေနပ်အောင် လုပ်ပြရနဲ့ဆိုတော့ တော်တော်နဲ့ မပြောင်းနိုင်ဘူး။ ယန္တရားကြီးတော့ လာဘ်ပေးလာဘ်ယူလည်း အရမ်းဆိုးတယ်"

ကားဆရာကလည်း ခံစားချက်ကိုဖွင့်ဟ၏။ (စာ-၁၂၁)

နာလိုက်တာ ဒီမိုကရေစီရာ၊ ကားဆရာနဲ့တွေ့မှ နာမည်ပျက်ရလေခြင်း။ အမေးစကား၊ အရွေးမမှားသင့်ကြောင်း ဗဟုသုတပွားခဲ့ရပါရဲ့။ ဖြေတဲ့သူက သူ့ဥာဏ်ပညာအဆင့် အနိမ့်အမြင့်အလျောက် သိသလောက် အခြေခံစဉ်းစားပြီး ထင်ရာမြင်ရာတွေပဲ ဖြေမှာမဟုတ်လားဗျာ။

(၁၆)

"ပျူတွေအကြောင်း ပြောပြပါဦး"

"သိချင်လို့မေးတာလား"

"ဘာရယ်"

"ဒီလိုလေ၊ သိချင်လို့မေးတာ ဆိုရင်ပြောပြမယ်။ ညှိချင်လို့မေးတာ ဆိုရင်တော့ ကျွန်တော်သိတာတွေကလည်း ညှိရလောက်အောင် အခြေမခိုင်ဘူး။ တစ်ဆင့်ကြား သဘောမျိုးပဲ။ နည်းနည်းသိပြီးသားဆိုရင် မပြောတော့ဘူး" ဆိုတော့ ဒီမိုကရေစီခေတ် အစပိုင်းတွင် ရိုးရိုးသားသား မေးခွန်းတစ်ခုကို 'သိ' ချင်၍မေးခြင်း၊ 'ညှိ' ချင်၍မေးခြင်း၊ 'ရိ' ချင်၍မေးခြင်း၊ 'ကလိ' ချင်၍မေးခြင်း၊ 'ရှိ (သိရှိ)' တာတွေကို ကိုယ်တိုင်ကြွားပြောချင်၍ သူများမသိလောက်သည့် မေးခွန်းကို မေးခြင်းဟု ပုဒ်မတပ်ခံနေရမည်စိုး၍ အစည်းအဝေးများ၌ မျိုချဆိတ်ဆိတ် ထိုင်နေခဲ့ကြရသည်ကို ရည်ရွယ်ကြောင်း သဘောပေါက်သော ကိုကိုနှင့် သင်းသင်းနွဲ့တို့က ကားပေါ်တွင်မို့ လွတ်လွတ်လပ်လပ် ရယ်နိုင်ကြပါသည်။ (စာ-၇၇)

(၁၇)

မြန်မာပြည်မှာ သဘာဝအလှ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၊ သမိုင်းဆိုင်ရာ အထောက်အထားများ ကြွယ်ဝပီသလှသည်။ ဖော်ထုတ်မှု အားနည်းနေမှုကြောင့်သာ ကမ္ဘာ့အလယ်တွင် လူသိနည်း၊ ကိုယ့်နိုင်ငံသားများ အလယ်တွင်လည်း ဂုဏ်ယူရမှန်းမသိ ဖြစ်နေကြသေးသည်။ (စာ-၅)

(၁၈)

ဂုဏ်ယူရလောက်မှန်း အသိတွေ ရှိနေကြတောင်မှ ကိုယ်တိုင်သွားရောက် တွေ့မြင်ခံစားဖို့ဆန္ဒတွေ ပြည့်နေကြတောင်မှ သွားလာရေးက မလွယ်သေးတာအမှန်။ အခြေခံလိုအပ်ချက်တွေ မပြည့်စုံသေးတာ ရှက်ရှက်နဲ့ ၀န်ခံရမှာပါပဲ။

ရှက်တဲ့အကြောင်းပြောရင်းနဲ့ 'ငြိမ်းကိုရှက်ပါ' ဆိုတဲ့ ခေါင်းစဉ်ကလေး သတိရမိရဲ့။ ရှက်နေပေမယ့် မိတ္တူပွားစပယ်ရှယ်လစ် အမှန်အကန်ဖြစ်ကြောင်း ပြချင်တာနဲ့ ချရေးလိုက်မိတယ်။

"ချစ်စိုးကိုရှက်ပါ"

ဟုတ်တယ်လေ။ ကိုယ်ကချစ်ခင်မြတ်နိုး တန်ဖိုးထားလှချည်ရဲ့ တဖွဖွပါးစပ်ကသာ ပြောနေတာ၊ ခြေကမြေမကြွတော့ မရောက်ဖြစ်သေးချိန်မှာ ဆရာက မြန်မာပြည်အနှံ့ ခရီးဆန့်ခဲ့ပြီ။ ဗမာကြီးတွေနေထိုင်တဲ့ အနောက်တံခါးပေါက် ရခိုင်ပြည်နယ်ကစပြီး ချင်း၊ ကချင်၊ ရှမ်း ကနေ မွန်တို့ဌာနီရာမညကို ခေါ်သွားတယ်။ တနင်္သာရီလည်း မကျန်ရဘူး။ ပဲခူးရိုးမကိုဆန်ပြီး တမာနံ့ မွှေးတဲ့အညာကို ပို့ပေးရဲ့။ ဓာတ်ပုံလှလှတွေနဲ့ ခံစားမှုစာစုတွေတောင် လက်ဆောင်ပေးခဲ့တယ်။

ပိုတိုအက်ဆေးဆိုရင် အမှတ်ပြည့် ပေးမိမှာအမှန်။

(၁၉)

ရိုးရှင်းတဲ့မျက်နှာနဲ့ မာန်မတက် ဟန်မဖက်တဲ့ဆရာ။ ရောင်စုံဓာတ်ပုံလေးတွေက ရသပေါင်းစုံပေးတယ်။ ဟိုတစ်တို့ ဒီတစ်စက်နဲ့ ခရီးသွားဒိုင်ယာရီထဲမှာ ဆရာရေးတဲ့စာတွေက သုတရဲ့အကြား ရသတွေပါ ပွားစေတယ်။ ခံစားမှုနဲ့အတူ အတွေးသံသရာမှာပါ လည်စေတယ်။

မကြည့်တော့ မမြင်၊ မမြင်တော့ မသိ၊ မသိတော့ မချစ်ခင်၊ မချစ်ခင်တော့ တန်ဖိုးမထားကြပါဘူး။ ကိုယ်တိုင် မရောက်ဖူးတောင်မှ ကိုယ်တိုင်မသွားနိုင်တောင်မှ ဓာတ်ပုံလေးတွေကတစ်ဆင့် ကိုယ့်တိုင်းပြည် ကိုယ့်ဒေသရဲ့အလှ၊ ကြွယ်ဝတဲ့ သဘာဝသယံဇာတနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တွေ့မြင်ရတယ်။ တို့တို့ထိထိ စာကလေးတွေက အသိတရား ပွားများစေကြောင်း နှိုးဆော်ပေးတယ်။

ချစ်ခင်ရာက လေးစား၊ လေးစားရာက တန်ဖိုးထား၊ တန်ဖိုးထားရာက ထိန်းသိမ်းစောင့်ရှောက် ကြတဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ကြ စေချင်ပါတယ်။

လှပကောင်းမွန် အဓိပ္ပာယ်ပြည့် တန်ဖိုးရှိတဲ့ စကားလုံးတွေ စာသားတွေဟာ သီချင်းထဲမှာ အိပ်ပျော်နေဖို့ မဟုတ်ပါဘူး။ ဟန်လုပ်မာန်တင်းပြီး လူမြင်ကောင်းရုံ ဌာန်အပြည့်ဆိုနေဖို့ သက်သက်ထက်ကို အများကြီးပို လေးနက်တဲ့ အနှစ်သာရတွေ ရှိပါတယ်။

လှပတဲ့စာတစ်အုပ် မွေးထုတ်ပေးခဲ့တဲ့ ဆရာ့ကို အထူးကျေးဇူး တင်ပါတယ်။

(ညွှန်း-ရတနာသိုက် စာပေတိုက်က ၂၀၁၄ မတ်လမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ချစ်စိုးရဲ့ မြစ်ဆုံအလွမ်းနှင့် ခရီးသွားဒိုင်ယာရီ)

Eleven Media Group

အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်းသောကြောင့် အဘိုးအိုတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်


 တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင်  အိမ်ငှားနေထိုင် သည့် အဘိုးအိုတစ်ဦးသည် အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်း သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၁၀၆ ရပ်ကွက် မြိုင်တန်းသာ(၁) လမ်းရှိ အိမ်တစ်အိမ်တွင် ဧပြီ

၁၈ ရက်က ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အသက်(၇၂)နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ကြောင်း တောင်ဒဂုံရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘သေသွားတဲ့ အဘက တစ် ယောက်တည်း အိမ်ငှားနေတာ။ စစ်ဆေးမှုတွေအရ အိမ်ရှင်က အိမ်လခလာတောင်းပြီး မပေးနိုင်ရင် အိမ်ကဆင်းရမယ်လို့ပြောပြီး နောက်နေ့ အိမ်ထုပ်တန်းမှာ ဆွဲကြိုးချသေသွားတာ။ အသေးစိတ်တော့ စစ်နေတုန်းပဲ’’ ဟု အဆိုပါရဲအရာရှိက ပြောသည်။

အိမ်ရှင်ဖြစ်သူသည် ဧပြီ ၁ ရက်တွင် ရောက်လာပြီး ဧပြီ ၁၈ ရက်တွင် ပေးရမည့် အိမ်လခ မပေးနိုင်ပါက ဆင်းပေးရန်ပြော ဆိုသွားပြီးနောက် အဘိုးအိုမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လို သည့် အိမ်နီးချင်း အမျိုးသားတစ် ဦးက ပြောသည်။

သေဆုံးသူ အဘိုးအိုမှာ ဆွေ မျိုးသားချင်းမရှိဘဲ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး အဆိုပါ အိမ် တွင်ငှားနေသည်မှာ ငါးလခန့်ရှိပြီ ဖြစ်ကြောင်း တောင်ဒဂုံရဲစခန်းမှ သတင်းရရှိသည်။ ထို့အပြင် ဆေး စစ်ချက်များအရ မသေမီ အရက် သောက်ထားသည်ကို တွေ့ရပြီး အဆိုပါ အမှုကို သေမှုသေခင်း ဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက လည်း သာကေတမြို့နယ်တွင် အိမ်ငှားနေထိုင်သည့် အဘိုးအို တစ်ဦး အိမ်လခမပေးနိုင်သော ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ် သေမှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ် စဉ်များမှာ အိမ်ငှားခများ မြင့်တက်နေသောကြောင့် အိမ်ငှားနေထိုင်သူများ ဒုက္ခရောက်နေခြင်း ၏ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း တောင်ဒဂုံ မြို့နယ် ၁၀၆ ရပ်ကွက်တွင် အိမ်ငှားနေ ထိုင်သူ ဦးမျိုးလှိုင်က ပြောသည်။

7 Day Daily

အိုဘားမား ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်


အမေရိကန်သမ္မတ အိုဘားမားသည် ယခုနှစ် နိုဝင်ဘာလမကုန်မီ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ရန်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား လိုက်သည်။

အမေရိကန်သမ္မတအနေဖြင့် ယခုနှစ်ကုန်တွင် မြန်မာ၊ တရုတ်နှင့် ဩစတြေးလျနိုင်ငံများသို့ ဆွေးနွေးပွဲများတက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း ဧပြီ ၈ ရက်က နယူးရောက်မြို့ Asia Society Policy Institute ဖွင့်လှစ်သည့်အခမ်းအနား၌ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William J.Burns က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲများသို့ ပုံမှန်အားဖြင့်  တက်ရောက်ရန် စီစဉ်ထားသည်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ပြောသည်။

သို့သော် သီးခြားအတည်ပြု ချက်မရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်အာဆီယံခေါင်းဆောင်များဆွေးနွေးပွဲများသို့ အမေရိကန်သမ္မတ ပုံမှန်တက်ရောက်လေ့ရှိပြီး အရေးကြီးသော အကြောင်းအရာများပေါ်မှသာလျှင် တက်ရောက်ခြင်းမရှိပေ။ ၂၀၁၃ နိုဝင်ဘာတွင် ဘရူနိုင်း နိုင်ငံတွင် ကျင်းပသော ဆွေးနွေးပွဲသို့ အိုဘားမားတက်ရောက်ရန် စီစဉ်ပြီးမှ ဆီးရီးယားနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မတက်ရောက်ဖြစ်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသာ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲများတွင် လုံခြုံရေးကဏ္ဍ၊ ချမ်းသာကြွယ်ဝ မှု၊ လူ့ဂုဏ်သိက္ခာ စသည်တို့ကို အလေးထားဆွေးနွေးသွားမည်ဟုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဌာန William J.Burns က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သော အမေရိကန်သမ္မတအဖြစ် သမိုင်းဝင်ခဲ့ပြီး ယခုခရီးစဉ်သည် ၂ နှစ်အတွင်း ၎င်း၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

7 Day Daily

အဖြစ်ဆိုးအလွန် ခရီးသည်တင်ယာဉ်လိုင်းအချို့ အပြောင်းအလဲစတင်


တောင်ပြာတန်းခရီးသည်တင် ယာဉ်ပေါ်တွင်ခရီးသည်များ  မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းက  အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်  ခရီးသည်များအားအရေးပေါ်ထွက်ပေါက်နှင့်ပတ်သက်၍ အသိပညာပေးမှုပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။   ကားအတွင်း လူခြောက်ဦးမီးလောင်သေဆုံးမှုဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များ သိရှိမှုနည်းပါးခြင်းကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာ သော အဝေးပြေးခရီးသည်တင် ယာဉ်များသည် အခြားနိုင်ငံများ တွင် ပြေးဆွဲနေသော ယာဉ်များ နည်းတူ အရေးပေါ်ထွက်ပေါက် များ၊ အရေးပေါ်  အသုံးပြုရန် ပစ္စည်းများပါလေ့ရှိသော်လည်း ယာဉ်မောင်းများက အသုံးပြုရမှန်းမသိကြပေ။ အရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ပစ္စည်းများနှင့်ပတ်သက်၍ လိုက်ပါစီးနင်းမည့် ခရီးသည်များအပေါ် ရှင်းပြလေ့မရှိသည်ကိုလည်း အဝေးပြေးယာဉ်လိုင်းများက၀န်ခံကြသည်။ ထို့ကြောင့်တောင်ပြာတန်းခရီးသည်တင်ကားဖြစ်စဉ်က အဝေးပြေးခရီးသည်တင်လုပ်ငန်းများ အပေါ် အရေးပေါ်ထွက်ပေါက်များနှင့်ပတ်သက်၍ သတိပေးခေါင်း လောင်းသံသာဖြစ်သည်။

‘‘လက်ရှိသုံးနေတဲ့ ကားတိုင်း မှာ အရေးပေါ်ထွက်ပေါက်တွေ ပါတယ်။ မှန်ခွဲရမယ့် တူတွေပါ တယ်။ အဲဒါတွေကို ရှင်းမပြကြ ဘူး။ ခုရှင်းပြဖို့လိုနေပြီ’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးအ ကြံပေးဦးမြင့်ဦးကအကြံပြုပြောကြားသည်။

အဖြစ်ဆိုးကြုံတွေ့ခဲ့ရသော တောင်ပြာတန်းအဝေးပြေးယာဉ် လိုင်း၏ ကားတွင်လည်းအရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ်အသုံးပြုရန်ပစ္စည်များ၊ မှန်ခွဲရန်အတွက် တူများပါရှိသည့် တရုတ်နိုင်ငံထုတ် Higer အမျိုးအစားယာဉ်ဖြစ်သည်။

‘‘အဲဒီနေ့ကဖြစ်တဲ့ ယာဉ်က Higer အမျိုးအစားယာဉ်ပါ။ အ ရေးပေါ်ထွက်ပေါက်တွေပါပါ တယ်’’ဟု တောင်ပြာတန်းခရီး သည်တင်ယာဉ်လိုင်း တောင်ကြီး  ဂိတ်မှူးမချိုက ပြောသည်။ အရေး ပေါ်ထွက်ပေါက်များပါသော် လည်း ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ယာဉ်မယ်များကိုယ်တိုင်  အရေးပေါ်ထွက်ပေါက်များအ ကြောင်းမသိသလို ခရီးသည်များ ကို ရှင်းမပြနိုင်ခြင်းက လူခြောက် ဦး၏ တန်ဖိုးရှိလှသော အသက် များဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်ဆိုးနှင့် အမြန်လမ်း ပေါ်တွင် မကြာခဏကြုံတွေ့နေရ သော ယာဉ်မတော်တဆမှုများ ကြောင့် ယခုအခါခရီးသွားအချို့ ခရီးသည်တင်ဘတ်စ်ကားစီးရန် စိုးရိမ်နေကြသည်။

‘‘ဒရိုင်ဘာတွေကို လိုင်စင်ရှိ ရုံနဲ့ မပြီးစေချင်ပါ။ လိုင်စင် သက်တမ်းဘယ်လောက်ရှိပါစေ။ လေယာဉ်တွေလို Flight Hours (မောင်းနှင်ချိန်သက်တမ်း)ရှိစေ ချင်ပါတယ်။ ခြောက်လတစ်ခါ ကျန်းမာရေးစစ်ဆေးစေလိုပါ တယ်။ ဥပမာ စိတ်ကျရောဂါ၊ သွေးတိုး၊ နှလုံး၊ စိတ်ဖိစီးမှုအစစ အရာရာပေါ့။နောက်ပြီး ကားတွေ မှာ အရေးပေါ်ထွက်ပေါက်အ ကြောင်းယာဉ်မယ်၊ ယာဉ်မောင် တွေက ကားမထွက်မီရှင်းပြ၊ သရုပ်ပြစေချင်တယ်။ ဘယ်ဂိတ်မှတစ် ခါမှ ရှင်းမပြဘူးပါ’’ဟု 7Day Daily  သတင်းစာတွင်ဖော်ပြခဲ့ သော ‘တောင်ပြာတန်းနှင့် သေရွာ ပြန်ည’ သတင်းဆောင်ပါးကို ဖေ့စ်ဘွတ်ခ်တွင်ဖတ်ရှုပြီးနောက်ကို အောင်ကျော်ဆန်းက အထက်ပါ အတိုင်းအကြံပြုသည်။

‘‘ခရီးကမသွားလို့လည်း မရ ဘူး။ ဒီအမြန်လမ်းက ကားတွေစီး ရမှာ နည်းနည်းကြောက်တယ်။ ရောက်ချင်တဲ့ အချိန်ရောက် ဖြည်းဖြည်းမောင်းဖို့ အဓိကပဲ။ အန္တရာယ် ကင်းဖို့ပဲအရေးကြီးတယ်’’ဟုဧပြီ ၂၀ရက်တွင် မိတ္ထီလာမြို့သို့ အ ဝေးပြေးခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါသွားသည့် အသက်(၃၀) အရွယ် ကိုကျော်စိုးက သူ၏ခံစား ချက်ကိုပြောသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေ သော အဝေးပြေးယာဉ်လိုင်းများ ၌ အရေးပေါ်ထွက်ပေါက်အဖြစ် နောက်ဆုံးခုံတန်းအနီး ယာဉ်၏ ညာဘက်တွင် အရေးပေါ်ထွက် ပေါက်အပေါက်ကြီးတစ်ပေါက် ပါရှိပြီး ဘယ်ဘက်တွင် ဘေးတွန်း အပေါက်တစ်ပေါက်ပါရှိသည်။ ထို့အပြင် ကားအမိုးပေါ်တွင် ဆွဲတွန်း၍ရသော အရေးပေါ်ထွက်ပေါက်နှစ်ပေါက်ရှိပြီး မှန်များကို ရိုက်ခွဲရန်အတွက် ကားဘေးတစ်ဖက်စီတွင် စိန်သွားပါ တူသုံးလက်စုစုပေါင်း တူခြောက်လက်ပါရှိသည်။

အရေးပေါ်မှန်ခွဲရန်အတွက် ထားရှိသော တူများကို ယာဉ်လိုင်း များက ခရီးသည်များမြင်သာထင် သာအောင်ထားရှိခြင်းမရှိသလို၊ အချို့ယာဉ်လိုင်းများတွင် ထိုတူ များကို ဖြုတ်ထားလေ့ရှိသည်။

‘‘ကားတွေမှာ မှန်ခွဲရမယ့်တူ ပါတယ်ဆိုတာ တစ်ခါမှမမြင်ဖူး ဘူး။ အရေးပေါ်ထွက်ပေါက်တွေ ဘယ်နေရာမှာပါတယ်။ဘယ်လို လုပ်ရမယ်ဆိုတာ ယာဉ်မယ်တွေ ကပြောပြရမယ်။ဒါမှ တစ်ခုခုဖြစ် လာရင် ဘယ်လိုလုပ်ရမယ်ဆို တာသိမှာ။မနေ့က မန္တလေးကို အဝေးပြေးကားနဲ့သွားတာ ဘုရားစာရွတ်နေရတယ်’’ဟု ဧပြီ ၁၉ ရက်တွင် ရန်ကုန်မှ မန္တလေးမြို့သို့ အဝေးပြေးကားဖြင့် သွားရောက် သူ ကိုသန့်ဇင်ကသူ၏ခံစားချက်      ကို ပြောသည်။

‘‘တူတွေကို ခရီးသည်တွေ မြင်အောင် မထားကြဘူး။ ရှင်းပြ တာတွေမလုပ်ခဲ့ကြဘူး။ အဝေး ပြေးကားတွေအပေါ် ခရီးသည် တွေ ယုံကြည်မှုရအောင်လုပ်ရ မယ်။ ခရီးဆိုတာကလည်း မသွား လို့မရဘူး။ ယာဉ်မထွက်ခင်ဂိတ် တွေမှာ အသိပညာပေးတာတွေ၊ စာရွက်တွေဝေတာတွေ၊ ရှင်းပြ တာတွေလုပ်ရမယ်’’ဟု မန္တလာ မင်းအဆင့်မြင့်ခရီးသည်ပို့ဆောင် ရေးဥက္ကဋ္ဌဒေါ်လဲ့လဲ့အေးကပြော သည်။

အထက်ပါ အဖြစ်ဆိုး၏ သတိပေးမှုကြောင့် ယခုအခါအ ဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်း အချို့မှာ အပြောင်းအလဲများပြု လုပ်ရန် စီစဉ်နေသည်။ဂျေဂျေ၊ အီလိုက်၊မန္တလာမင်း၊ မြတ်မန္တလာထွန်းအစရှိသည့် အဝေးပြေးယာဉ်လိုင်းကြီးများသည် ယာဉ်မောင်းများနှင့် ခရီးသည်များအား အသိပညာပေးဝန်ဆောင်မှုအသစ်များ  စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျေဂျေအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသည် ၎င်းတို့၏ ယာဉ်လိုင်းများတွင် မောင်းနှင်နေသော ယာဉ်မောင်း ငါးဆယ်ဦးအားခေါ်ယူ၍ ယာဉ် မောင်းစည်းကမ်းချက်များ၊ အရေး ပေါ်အခြေအနေကြုံတွေ့လာပါ ကလုပ်ဆောင်ရန်များကို ဧပြီ ၁၈ရက်မှစတင်၍ သင်တန်းပေးမှုများပြုလုပ်ခဲ့သည်။

‘‘အရက်မသောက်ဖို့၊ ထွက် မပြေးဖို့၊ တစ်စုံတစ်ရာဖြစ်ရင် လုပ်ဆောင်ဖို့သူတို့ကိုယ်တိုင် ကတိပေးပြီးလုပ်နေပါတယ်။ နောက်ယာဉ်မောင်းတွေကို သူတို့ ရဲ့နောက်ကြောင်း အကုန်ပြန် လိုက်နေပါတယ်။ ဒါမှ ခရီးသွား တဲ့သူတွေ စိတ်ချရမှာပါ’’ဟု ဦး မြင့်ဦးကပြောသည်။

ထို့အပြင် မန္တလာမင်းခရီး သည်တင်ယာဉ်သည် ယာဉ်ပေါ် တွင်လိုက်ပါမည့် ခရီးသည်များ အား အရေးပေါ်ထွက်ပေါက်များ ရှိသည့်နေရာများ၊ မှန်ခွဲရန်အ တွက်ထားရှိသည့်နေရာများ၊ ထို အရာများမည်သို့ လုပ်ဆောင်ရ မည်ကို ဧပြီ ၁၈ရက်မှစတင်ကာ ၎င်းတို့ကား၏ ယာဉ်မယ်များက ခရီးသွားများအား အသိပေးပြော ကြားမှုများ စတင်ပြုလုပ်နေသည် ဟုဆိုသည်။

သို့သော် မထသအဝေးပြေး က အထက်ပါ ယာဉ်တိုက်မှုဖြစ် ပွားပြီးနောက် ယာဉ်လိုင်းများသို့  မည်သည့်ညွှန်ကြားချက်မျှ မညွှန် ကြားသေးကြောင်း ယာဉ်လိုင်း များကပြောသည်။ မထသအဝေး ပြေးမှ တာဝန်ရှိသူများအား ယခု ဆောင်းပါးအတွက် ဆက်သွယ် မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။

ထို့အပြင် ယာဉ်မတော်တဆ မှုများဖြစ်ပွားလျှင် ခရီးသွားများ အတွက် အဓိကကြုံတွေ့နေရ သည့် ပြဿနာတစ်ခုဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားပါက ယာဉ်မောင်းထွက်ပြေးသည်မှာ ယခု နောက်ပိုင်း ပိုများလာသည်။အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများသည် အရည်အချင်းပြည့်မီသော ယာဉ်မောင်းများကို ခန့်အပ်ထားရန်မှာ အရေးကြီးကြောင်းအဝေးပြေးခရီးသည်တင်ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အဝေးပြေးယာဉ်လိုင်းအ များစုသည် ယာဉ်မောင်းနှစ်ဦး ထားရှိလေ့ရှိကြသော်လည်းစည်း ကမ်းလိုက်နာမှုမရှိသော ယာဉ် မောင်းများကြောင့် အမြန်လမ်းမ ပေါ်တွင် ယာဉ်မတော်တဆမှုများ မှာ မြင့်တက်နေဆဲပင်။

‘‘နှစ်ယောက်ထားပေမယ့် တချို့ဒရိုင်ဘာတွေဆိုရင် ၁၁၅မိုင် ရောက်ရင် ရှုံးတဲ့သူမောင်းကြေး ဆိုပြီး ဖဲရိုက်တယ်။ စည်းကမ်း ပျက်ဒရိုင်ဘာကို ထုတ်လိုက်ပေ မယ့် နောက်နေ့မှာ အဲဒီဒရိုင်ဘာ ကို ခေါ်မယ့်ဂိတ်ကရှိပြီးသား။ ဂိတ်တစ်ဂိတ်တည်းက စည်းကမ်း တွေလုပ်နေလို့မရဘူး။ အားလုံး ပူးပေါင်းပါဝင်မှ ခရီးသည်တွေအ တွက် လုံခြုံစိတ်ချရမှာ’’ဟု ဦးမြင့် ဦးက စိတ်ပျက်သည့်အမူအရာ ဖြင့်ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် ပြဿနာတစ်စုံတစ်ရာဖြစ် ပွားပါက ကျန်ခရီးသည်တင်ကား များက ကူညီပေးမှုသည် ခရီး သည်များအား ကူညီပေးမှုပင်ဖြစ် သည်။ တောင်ပြာတန်းလိုင်းမှ ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ် တွင် ထိုနေရာအနီးသို့ ရောက်ရှိလာသောအခြားအဝေးပြေးယာဉ် လိုင်းများအား ဒုက္ခရောက်သော ခရီးသည်များကအကူအညီ တောင်းခံသော်လည်း တစ်စုံတစ်ရာကူညီမှုမပေးခဲ့ကြောင်း ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ မသန်းသန်းဝင်းက ပြော သည်။

‘‘ကျွန်မတို့ ဒုက္ခရောက်တော့ တခြားကားတွေကို အကူအညီ တောင်းတာ ဘယ်ကားမှမပေး ဘူး။ လူတွေကလည်း သွေးတွေ ပေနေလို့ မကူညီတာလားမသိ ဘူး’’ဟု မသန်းသန်းဝင်းက သူ့အ တွေ့အကြုံကိုပြောသည်။

အဝေးပြေးကားများတွင် ကီ လိုမီတာ ၁၀၀ထက်ပိုမောင်း၍ မ ရအောင် ပြုလုပ်ထားသင့်ကြောင်း ၊ရန်ကုန်-မန္တလေးခရီးစဉ်အား ရှစ်နာရီမောင်းရန် အချိန်သည် သင့်လျော်သည့်  အချိန်ဖြစ် ကြောင်း ဒေါ်လဲ့လဲ့အေးက အကြံ ပြုသည်။ ခရီးစဉ်အချိန်စောဆိုက် ရောက်မှုထက် ခရီးသည်များဘေး ကင်းစွာရောက်ရှိရန် ပို၍အရေး ကြီးသည်မှာ ယာဉ်မောင်းများ သတိပြုရမည့်အချက်ဖြစ်သည်။

ခရီးသည်များ ထမင်းစားရန် ကားရပ်နားချိန်တွင် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ အား ထမင်းဆိုင်များက အရက် ဘီယာများနှင့် ဧည့်ဝတ်ပြုခြင်း သည် ခရီးသည်များ၏အသက်အ န္တရာယ်ကို ဖိတ်ခေါ်နေသယောင် ဖြစ်သည်။

‘‘ခရီးသည်တွေ အဆင်ပြေစွာရောက်ရှိဖို့က ယာဉ်မောင်းသမားတွေရဲ့ တာဝန်ပါ။ လမ်းမှာ အရက်သောက်တာမျိုးတွေဘယ် လိုမှ မလုပ်သင့်ပါဘူး’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသွားပို့ဆောင်ရေး မှ လုပ်သက် ၁၅နှစ်ရှိယာဉ်မောင်းဦးဝင်းကျော်အောင်ကပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် အဆင့်မြင့်ယာဉ်များအသုံးပြုပါက ခရီးသည်များအတွက် ပိုမိုလုံခြုံမှုပေးနိုင်ကြောင်း အီလိုက်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး အထွေထွေမန်နေဂျာ  ကိုတေဇာ ထက်ကဆိုသည်။



အဝေးပြေးယာဉ်လိုင်းများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်မယ်များ ဆောင်ရန်ရှောင်ရန်အချက်များ

-ယာဉ်မထွက်မီ ဂိတ်တွင် ခရီးသည်များအား အသိပညာပေးစာရွက်

များဝေငှရန်။

-ယာဉ်ပေါ်တွင် အရေးပေါ်ထွက်ပေါက်များ၊ မှန်ခွဲရန်အတွက် တူများ ထားရှိသည့်နေရာများကို ခရီးသည်များအားပြောပြရန်။ ပြုလုပ်ရ

မည့်ပုံစံများ သင်ပြရန်။

-အဝေးပြေးလမ်းနှင့်ပတ်သက်ပြီး အရေးကြီးသည့်ဖုန်းနံပါတ်များကို

ခရီးသည်များအားပြောပြရန်။

-ကျွမ်းကျင်သည့် ယာဉ်မောင်းနှစ်ဦးထားရှိရန်။

-ယာဉ်မောင်းများ၏ ကျန်းမာရေးစစ်ဆေးရန်။ အိပ်ရေး၀၀အိပ်ရန်။

-အရက်၊ ဘီယာသောက်ပြီး ယာဉ်မမောင်းရန်။

-အိပ်ငိုက်ပြီး ယာဉ်မမောင်းရန်။

-တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် ပိုမမောင်းရန်။

7 Day Daily

ဘုန်းကြီးကျောင်းဝင်းအတွင်း တရားမဝင် ပစ္စည်းများ သိုလှောင်ထားရှိမှု တိုင်ကြားပါက စစ်ဆေးအရေးယူမည်



မန္တလေး၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းဝင်းများတွင် သာသနာနှင့် မသက်ဆိုင်သည့် တရားမဝင် ပစ္စည်းများ သိုလှောင် ထားရှိသည်ဟု သတင်းပေး တိုင်ကြားပါက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် တရားမဝင်သစ်များ သိုလှောင် ထားရှိပါက သွားရောက် စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်များ၊ အတွင်းရေးမှူး ဆရာတော်များ၊ မြို့နယ် သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့က ဧပြီလ ၁၂ ရက်နေ့ပိုင်း အချိန်တွင် တရားမဝင်သစ်များ သိုလှောင် ထားရှိသည်ဟု သတင်းအရ ဝင်ရောက် ရှာဖွေရာ ဘုန်းကြီးကျောင်း ရှစ်ကျောင်းအတွင်းမှ တရားမဝင် တမလန်းသစ် ၁၄၃ တန်ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

“ရဟန်းဆိုတာ လူ့စီးပွားရေး မလုပ်ဆောင်ကောင်းဘူး၊ တရားမဝင်သစ်ကို သိုလှောင် ထားရှိတယ်ဆိုရင် သစ်တောဥပဒေနဲ့ အရေးယူသလို၊ သာသနာ ညှိုးနွမ်းစေမှု ၂၉၅-ကနဲ့လည်း အရေးယူတယ်” ဟု အောင်မြေသာစံမြို့နယ် ဂွေးချိုကျောင်းတိုက် မအူပင် အုတ်ကျောင်းမှ တိုက်အုပ် ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

ရှာဖွေတွေ့ရှိသော တရားမဝင် သစ်များကို သစ်တောဦးစီးဌာန အစီအစဉ်ဖြင့် ခရိုင်သစ်တော ဦးစီးဌာနရုံးဝင်း အတွင်းသို့ သယ်ဆောင်ပြီး တရားမဝင်သစ် တွေ့ရှိသည့် ကျောင်းတိုက် အနီးဝန်းကျင်းတွင် တရားမဝင်သစ်များ သိုလှောင်ထားရှိမှု ရှိ မရှိ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။

The Voice Weekly

ပညာရေးမတိုးတက်မှတော့ ဆိုင်းဘုတ်တွေကိုဖြုတ်ချလိုက်ပါတော့


ဧပြီလ (၁၈)ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ ထိုင်းတက္က သိုလ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ ပထမဆုံးအကြိမ်လာရောက်လည် ပတ်ခွင့်ရခဲ့သော်လည်း မြန်မာ နိုင်ငံတက္ကသိုလ် ဆရာ၊ ဆရာမ များအသင်းမှ လက်ခံတွေ့ဆုံရာ တွင် အသင်းရုံးခန်းမရှိသဖြင့် လမ်းပေါ်၌သာ ဧည့်ခံလိုက်ရ ကြောင်း ဒဂုံတက်္ကသိုလ်ဆရာ၊ ဆရာမများအသင်းအတွင်းရေးမှူး လက်ထောက်ကထိက ဦးဇော်မျိုး လှိုင်ကHot News သို့ပြောကြား သည်။

““အရှေ့ပိုင်းတက်္ကသိုလ်မှာUTA  ရုံးခန်းရှိတယ်။ ရန်ကုန် တက်္ကသိုလ်မှာလည်း တစ်ချိန်ကUTA  ရုံးခန်းရှိခဲ့ဖူးပါတယ်။ အဲဒီ နေရာကိုလည်း ကျွန်တော်တို့ ပြန်တောင်းပေမဲ့မရခဲ့ဘူး။ မရ တော့ အခုလာတဲ့ထိုင်းက ဧည့် သည်တွေကို လမ်းပေါ်မှာပဲ ဧည့်ခံလိုက်ရတယ်။ လွတ်လပ်ရေး သမိုင်းမှာရှိခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့်တို့ကို ရန်ကုန်တက္ကသိုလ် ကနေ မွေးထုတ်ပေးခဲ့တဲ့အတွက် ထိုင်းဆရာ၊ ဆရာမတွေကသူတို့ မြန်မာနိုင်ငံရောက်တုန်းလာလည် ကြတာပေါ့””ဟု ဦးဇော်မျိုးလှိုင်က ဆိုသည်။

ဆရာဦးဇော်မျိုးလှိုင်က ဆက်လက်၍ ““တက္ကသိုလ်ဆရာ တွေရဲ့ ဂုဏ်သိက်္ခာနဲ့အညီ ဧည့်ခံ နိုင်စွမ်းမရှိဘဲနဲ့ ကျောင်းဝင်းထဲမှာ တွေ့တာတောင် ကျောင်းအာဏာ ပိုင်များက တားဆီးနှောင့်ယှက် မလားဆိုတာကို ပူနေရတယ်။ သူတို့မှာနိုင်ငံခြားသားကြောက် ရောဂါရှိတယ်။ ထိုင်းဆရာ၊ဆရာမ တွေကို လမ်းပေါ်မှာဧည့်ခံလိုက် ရတာဟာ တိုင်းပြည်ရဲ့အနာဂတ် ကိုတိုးတက်အောင်လုပ်နေပါတယ် လို့ပြောနေတဲ့ သူတွေရဲ့လုပ်ရပ် ကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက် တွဲရလဒ်ဖြစ်တယ်။ ကျောင်းတွေ မှာUTA ရုံးခန်းလေးတစ်ခန်း လုပ်မပေးနိုင်တာဟာ နိုင်ငံတကာ အလယ်မှာ လက်ရှိအစိုးရနဲ့ ပညာရေးဝန်ကြီးဌာနပဲအရှက်ရမှာ ဖြစ်တယ်။ ဆရာသမဂ္ဂတွေကို နှိပ်ကွပ်ဖို့ပဲကြိုးစားနေသရွေ့ တိုင်းပြည်ပညာရေးဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး””ဟု ပြော သည်။

““တိုင်းပြည်ပညာရေးတကယ် တိုးတက်စေချင်ရင် တကယ်လုပ် ကြပါ။ ဆရာသမဂ္ဂတွေကို နှိပ် ကွပ်ဖို့ကြိုးစားနေသရွေ့ တိုင်း ပြည်ပညာရေးဘယ်တော့မှ တိုး တက်မှာမဟုတ်ဘူး။ တိုင်းပြည် ပညာရေးမတိုးတက်မှတော့ ““ပညာရေးစနစ်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ကြီး တည်ဆောက်မည်”” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုဖြုတ်ချပစ်လိုက် ပါတော့””ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထိုင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံခြင်းသည် နောင်အနာဂတ်ပညာရေးဆွေးနွေး ဖလှယ်ပွဲများကျင်းပနိုင်ရန်နှင့် နိုင်ငံတကာမှလက်ရှိမြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှန်အား သိရှိရန် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။      



အာကာဗိုလ်
BY HOTNEWS

နွားထိုးကြီးဈေးမီးအန္တရာယ်ရှိနေ


အညာမြို့တိုင်းမှာ စည် ပင်ဈေးကြီးများ၏မီးအန္တရာယ် ကာကွယ်ရေးကိုဂရုစိုက်နေကြ သည်။ စည်ပင်ဈေးထဲ မီးသုံး စွဲမှု၊ လျှပ်စစ်မီးကာကွယ်မှုကို ညွှန်ကြားချက်နှင့်အညီစစ်ကြ ဆေးကြသည်။

နွားထိုးကြီးဈေးကြီးကမူ ဈေးအတွင်းဆိုင်ခန်းအချို့မှာ  ယိုယွင်းပျက်စီးနေပြီး ပြိုကျမှာ စိုးရိမ်နေရသည်၊ မီးလောင်စာ ဖြစ်နေသည်။ ဈေးအပြင်ဘက် တွင်လည်း ဆိုင်ခန်းအချို့ပျက် စီးနေပြီးလောင်စာဖြစ်နေသည်၊ မီးအန္တရာယ်ဒေသခံဈေးသည် တွေစိုးရိမ်နေကြသည်။

ဈေးတွင်းမီးမသုံးစွဲရဆို သော်လည်းဈေးအတွင်းချက် ပြုတ်စားသောက်သူ၊ ထမင်း ဆိုင်အချို့မှာထင်းမီးကိုကြိုက် သလိုသုံးနေကြသည်၊ ဈေး၏ မီးလောင်မှုအန္တရာယ်ကိုဖိတ် ခေါ်နေသည်။

တာဝန်ရှိသူတာဝန်မဲ့မှု ကြောင့် နွားထိုးကြီးဈေးကြီး အန်္တရာယ်နီးနေပုံကိုတင်ပြ ကြောင်းမီဒီယာကိုမြို့ခံဈေးသည် တို့ကပြောနေသည်။

ဌေးမြင့်မောင်
BY HOTNEWS

ဘဘ တဲ့ ဟံသာဝတီ ဟံသာဝတီ တဲ့ ဦးဝင်းတင်‌ (ရေးဖွဲ့ သူ-အဆိုတော်သျှီ)


ဘဘ တဲ့ ဟံသာဝတီ
ဟံသာဝတီ တဲ့ ဦးဝင်းတင်‌
(ရေးဖွဲ့ သူ-အဆိုတော်သျှီ)
___________________

အပြင်းဆုံး အား
အမှန်‌ဆုံး စိတ်‌ထား
တပြားမှ မ‌လျော့တဲ့ ယုံကြည်‌ခြင်း‌တွေ
တသက်‌တာ
မယုတ်‌မ‌လျော့
တည်‌‌ထောင်‌ရင်း ရှင်‌သန်‌သွားခဲ့

ကိုယ့်‌ဘ၀ထက်‌
ပြည်‌သူ့‌ ဘ၀ ကို သာ သူတွက်

အမြတ်‌ဆုံး နှလုံးသားနဲ့
တဘ၀တာ
ဖြတ်သန်းခဲ့သူ

သူမတူ နှလုံးသား
ရဲရင့်စွာ ‌နေ‌‌ထိုင်‌သွားခဲ့

သူရဲ‌ကောင်း ... ဆိုတာ ...
ဒီ လို လူ ‌တွေ ‌ပေါ့

အပြုံး မပျက်
အမုန်းလည်းမဖက်‌
ခရီးကြမ်း ကို ဆက်‌ခဲ့တယ်‌

သူပိုင်‌တာဘာမှမရှိ
တာဝန် ယူခြင်းသာ အပိုင်‌ယူထား
ခရီး တ‌ထောက်‌‌တောင်‌ မနားခဲ့ပါဘု
‌နောက်‌ဆုံး ‌နေ့တိုင်‌

ဘဘ တဲ့ ဟံသာဝတီ
ဟံသာဝတီ တဲ့ ဦးဝင်းတင်‌

သတ်‌သူ‌တွေ အခါခါသတ်
‌သမေင်း‌တောင် မသတ်နိုင်‌‌‌‌
သူ မ‌သေနိုင်‌ပါဘူး
သူ မ ‌သေ ပါ ဘူး ....

ပြည်‌သူ‌တွေ နှလုံးအိမ်‌မှာ
ဘုန်းအရှိန် အဟုန်မြင့်လို့
မြတ်‌နိုးစွာ အ‌လေးအမြတ်‌ထားတယ်

သူ အ သက်‌ ရှင်‌ ဆဲ .........‌‌

သူရဲကောင်း ကြီး ဘဘ အား
ဦးညွတ်‌လျက်‌ ......

သမီး ... သျှီ
၂၁.၄.၂၀၁၄
တနင်္လာနေ့

Popular Journal

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ကြေငြာချက် ၄/၂၀၁၄


"သတင်းစာဆရာကြီးဦးဝင်းတင်ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြေကွဲခြင်း"

Popular Myanmar News Journal

တောင်ကိုရီးယား နစ်မြုပ်သင်္ဘော၊ သေဆုံးသူ ၆၄ ဦး ရှိပြီ


တောင်ကိုရီးယား နစ်မြုပ်သင်္ဘောကနေ အလောင်းတွေကို ဒီနေ့မနက်မှာ ထပ်ရခဲ့လို့ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးထိ ရှိပြီလို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

ဂျင်းဒိုမြို့က ပင်းမို့ဆိပ်ကမ်း ကို ဒေသစံတော်ချိန် မနက် ၉ နာရီခွဲက အမျိုးသမီးအလောင်း ၂ လောင်းရောက်လာတယ်လို့ ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်။

အဲဒီနေရာမှာ စောင့်နေတဲ့ မိသားစုဝင် အယောက် ၂၀ လောက်ကိုလည်း ဆယ်ယူရရှိတဲ့ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖို့ ပြသနေပါတယ်။

သင်္ဘောဟာ ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ကို တင်ဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ရေငြိမ်နေတုန်း အင်ချုံမြို့ကနေ ဂျဲဂျုကျွန်းကို မောင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောမမှောက်ခင်က သင်္ဘောကပ္ပတိန်ဟာ တခါမှ သင်္ဘောမမောင်းဖူးသေးတဲ့ တတိယအဆင့် ၀န်ထမ်းတယောက်ကို ပဲ့ကိုင်ခိုင်းခဲ့လို့ သင်္ဘောက နဂိုလမ်းကြောင်းကနေ ကွေ့ခဲ့တယ်လို့ သင်္ဘောသားတွေက ဆိုပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ အခင်းဖြစ်ချိန်မှာ ခရီးသည်တွေ အားလုံးအတွက် အသက်ကယ်လှေ မလုံလောက်ခဲ့လို့ သင်္ဘောပေါ်က ၀န်ထမ်းတွေက စိုးရိမ်ခဲ့ကြောင်း သိရပါတယ်။

မျက်မြင်သက်သေတွေကတော့ သင်္ဘောကပ္ပတိန်နဲ့ တချို့သင်္ဘောသားတွေက ခရီးသည်တွေအရင် အသက်ကယ်လှေတွေကို ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ချိန် မနက် ၉ နာရီမခွဲခင်က ထိန်းချုပ်ခန်းက လူတွေဟာ ခရီးသည်တွေကို ဘယ်လို အကောင်းဆုံးကယ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ အသက် ၆၉ နှစ်အရွယ်ရှိ သင်္ဘောကပ္ပတိန် လီဂျွန်ဆွခ်ကို ပြောခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။

သင်္ဘောကပ္ပတိန်ကတော့ ခရီးသည်တွေ ပင်လယ်ထဲ ခုန်ချခဲ့ရင် ပြင်းထန်တဲ့လှိုင်းတွေက အဝေးကို သယ်သွားမှာ စိုးရိမ်တယ်လို့ အစောပိုင်းက ပြောခဲ့ပေမယ့် သူ ဘာကြောင့် သင်္ဘောကို စွန့်ခွာတယ်ဆိုတာကိုတော့ မရှင်းပြခဲ့ပါဘူး။

တောင်ကိုရီးယား တရားသူကြီးတွေကတော့  လူအယောက် ၃၀၀ ကျော် သေဆုံးနိုင်ချေရှိတဲ့ ဒီမတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် သူတို့က သင်္ဘောကပ္ပတိန်နဲ့ တခြားသင်္ဘောသား ၂ ယောက်ကို အချုပ်ခန်းထဲမှာ ဆက်ပြီး ထိန်းသိမ်းထားချင်ကြပါတယ်။

အခု လက်ရှိမှာတော့ ခရီးသည် အယောက် ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ကတော့ နစ်မြုပ်သင်္ဘောထဲက အလောင်းတွေကိုရှာဖို့ အမေရိကန်မောင်းသူမဲ့ ရေအောက်သွားယာဉ် ၂ စီးကို သုံးမယ်လို့ ဒီနေ့ ပြောပါတယ်။

ပြင်းထန်တဲ့ ဒီရေကြောင့် ရှာဖွေမှုတွေကို ပြီးခဲ့တဲ့ညက မလုပ်နိုင်ခဲ့ပါဘူး။ တောင်ကိုရီးယား အစိုးရကတော့ ထောက်ပံ့မှုတွေ ပိုအရှိန်မြှင့်နိုင်အောင် နစ်မြုပ်သင်္ဘောရှိရာ နေရာနဲ့ဆက်စပ်တဲ့ ဂျင်းဒိုနဲ့ အန်ဆန် ၂ နေရာကို အထူးကပ်ဘေးဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။

တောင်ကိုရီးယား ပင်လယ်နဲ့ ငါးလုပ်ငန်းဝန်ကြီးဌာန ပြောခွင့်ရက လိုအပ်ချက်တွေ အတွက် အသုံးစရိတ်တွေကို ထုတ်သုံးမယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ အသုံးစရိတ် ထပ်တောင်းမယ်လို့ ပြောပါတယ်။

သင်္ဘောပေါ်မှာ ပါသူ ခရီးသည် ၃၃၉ ယောက်ကတော့ လေ့လာရေးခရီး ထွက်လာတဲ့ အထက်တန်းကျောင်းက ကလေးတွေနဲ့ ဆရာတွေ ဖြစ်ပါတယ်။

DVB Burmese 

အကောက်ခွန်လွတ် အရောင်းဆိုင်များ ပြန်လျှောက်ထားရမည်

yangon airport

အရင် စစ်အစိုးရခေတ်က ခွင့်ပြုချက် ရခဲ့ပြီး လက်ရှိအချိန်ထိ ဖွင့်လှစ် ရောင်းချ လုပ်ကိုင်နေတဲ့ လေဆိပ်အကောက်ခွန်လွတ် အရောင်းဆိုင်တွေ အပါအ၀င် အကောက်ခွန်လွတ် အရောင်းဆိုင် အားလုံး လာမယ့် ဧပြီလ မကုန်ခင် ပြန်ပြီး လျှောက်ထားကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ပြန်ပြီး လျှောက်ထားရမယ့် အကောက်ခွန်လွတ် အရောင်းဆိုင်ပိုင်ရှင်တွေ အနေနဲ့ ဗဟိုဘဏ် က ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်၊ ဆိုင်ဖွင့်လှစ်မယ့် နေရာ၊ ပို့ဆောင်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ဆိုင်ခန်း ဖွင့်ခွင့်ပြုကြောင်း ထောက်ခံစာ၊ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်လက်မှတ်နဲ့ တခြား အထောက်အထားတွေ လိုအပ်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

ဆက်ပြီး လျှောက်ထားခြင်း မပြုတဲ့ ဆိုင်တွေဟာ ဧပြီလ ကုန်ပြီးတာနဲ့ ပိတ်သိမ်းရမယ်လို့လည်း သူက ရှင်းပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်း လိုင်စင်ရှိသူနဲ့ အကောက်ခွန်လွတ် အရောင်းဆိုင် လိုင်စင်ရှိသူ ၂ မျိုးသာ ပြည်ပကနေ အရက်တင်သွင်းခွင့် ရရှိသူတွေ ဖြစ်ကြပါတယ်။
DVB Burmese

မလေးရှား ပျောက်ဆုံးလေယာဉ်၏ သေဆုံးစာရင်း ထုတ်ပြန်ရန် ဆွေးနွေး


မလေးရှားအစိုးရ အကြီးတန်းအရာရှိတွေနဲ့  ပျောက်ဆုံးလေယာဉ် MH370 ပိုင် လေကြောင်းလိုင်း အရာရှိတွေ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ခရီးသည်တွေအတွက် သေစာရင်းထုတ်ပေးဖို့နဲ့ ကျန်ရစ်သူမိသားစုအတွက် ဘဏ္ဍာရေး ထောက်ပံ့ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပျောက်ဆုံးလေယာဉ်ပေါ်က ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ ရှင်သန် ကျန်ရစ်သူတွေကို မျှော်လင့်နေကြဆဲပါ။

အစည်းအဝေးအပြီးမှာတော့ မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီး ဟမ်ဇာ ဇိုင်နူဒင်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ခရီးသည်အားလုံးကို တန်းတူ ဆက်ဆံမယ့်အကြောင်း၊ ဘဏ္ဍာရေးအထောက်အပံ့ ပမာဏကိုတော့ မဆုံးဖြတ် ရသေးကြောင်းနဲ့ သေစာရင်း ထုတ်ပေးဖို့ ကိစ္စကတော့ ဆက်လုပ်နေဆဲပဲလို့ ပြောပါတယ်။

“ကြေညာရမယ့်ရက်ကို ကြည့်နေတယ်။ ဒီလိုမျိုး ကျနော်တို့ ကြေညာလိုက်တာနဲ့ တပြိုင်နက် တချို့ကိစ္စတွေကို တကယ် အတည်ပြုလိုက်ချင်တယ်။ သေချာတဲ့ သက်သေ ဒါမှမဟုတ် တခုခုပေါ့” လို့ သူက ဆက်ပြောပါတယ်။

ခရီးသည် ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ မတ် ၈ ရက်နေ့က ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို သွားဖို့ ပျံတက်ပြီး ၁ နာရီလောက်အကြာမှာ ရေဒါစက်ကွင်းကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်တော့ အချက်ပြမှု ၄ ခုထဲက ဧပြီ ၈ ရက်နေ့က ရခဲ့တဲ့ အချက်ပြမှုတခုဟာ ပျောက်ဆုံးလေယာဉ်ရဲ့ သေတ္တာနက်မှတ်တမ်းက အချက်ပြမှုနဲ့ ဆင်တူနေလို့ အချက်ပြသံ ထွက်ပေါ်ရာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ရှာဖွေရေးအဖွဲ့တွေက ဝေဟင်ကရော ပင်လယ်ကြမ်းပြင်မှာပါ ရှာဖွေနေပြီး မောင်းသူမဲ့ ရေအောက် ရှာဖွေရေးယာဉ်နဲ့ ရှာဖွေမှုက ဒီ တပတ်အတွင်း ပြီးဆုံးသင့်တယ်လို့ ဆိုပါတယ်။


ခုချိန်ထိ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်သမျှ ဘာမှ ရှာမတွေ့သေးပေမယ့် မိသားစုဝင်တွေကတော့ ရှင်သန်ကျန်ရစ်သူ ရှိမယ်လို့ မျှော်လင့်နေဆဲပါ။

ဧပြီ ၂၀ ရက်နေ့ကတော့ စစ်လေယာဉ် ၁၁ စီးနဲ့ သင်္ဘော ၁၂ စီးက ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်သမျှကို ရှာနေခဲ့တယ်လို့ သြစတြေးလျ အနောက်ပိုင်းပြည်နယ် မြို့တော် ပါ့သ်မှာ အခြေစိုက်တဲ့ ပူးတွဲ ရှာဖွေရေးစခန်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

DVB Burmese 

ထိုင်းနိုင်ငံတွင်း ခိုးဝင်သည့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်အလုပ်သမားတွေ တင်လာမယ်လို့ ကြိုသတင်းရထားချက်အရ အမှတ်  ၄ အဝေးပြေးလမ်း လုံခြုံရေးရဲတပ်ဖွဲ့က ယာဉ်တွေကို စောင့်ကြပ်စစ်ဆေးရာမှာ ဧပြီ ၁၉ ရက်နေ့က ဟိုထရိုင်းမြို့နယ်တွင်း ဖြတ်သွားတဲ့ မသင်္ကာဖွယ် အနက်ရောင် တိုယိုတာ ကားတစီးကို တားဆီးခဲ့ကြောင်း၊ ကားက ရပ်မပေးဘဲ မောင်းပြီး ထွက်ပြေးသွားတဲ့အတွက် ကားဘီးကို သေနတ်နဲ့ ပစ်ဖောက် ဖမ်းဆီးခဲ့ရတယ်လို့ တာဝန်ကျရဲအရာရှိ နရ၀ပ်ဖုတ်ထ၀ိလိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဘီးပေါက်လို့ လမ်းဘေးထိုးကျသွားတဲ့ ကားထဲမှာ တရားမ၀င်တင်ဆောင်လာတဲ့ လူ ၁၅ ဦး ပါဝင်ကြောင်း၊ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ပါဝင်ကာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကော့သောင်း – ရနောင်းဘက်ကနေ ၁ ဦးကို ထိုင်းဘတ်ငွေ ၃ ထောင်နှုန်းနဲ့ ဆဒေါင်းမြို့နယ် ဆုန်ခလာခရိုင်ထိ ပို့ပေးဖို့ ဖြစ်ကြောင်း၊ အဲဒီကနေ မလေးရှားနိုင်ငံထဲ ဆက်ပြီး ခိုးဝင်ဖို့ ဖြစ်တယ်လို့ အသက် ၃၂ နှစ်အရွယ်ရှိ ဒရိုင်ဘာဖြစ်တဲ့ ထိုင်းအမျိုးသားက ရဲတွေကို ထွက်ဆိုပါတယ်။

သူတို့တတွေ ထွက်လာတုန်းက ကား ၂ စီး ဖြစ်ပြီး ကျန်တဲ့တစီးက ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ သူ့အနေနဲ့ တရားမ၀င် အလုပ်သမား ငှားရမ်း တင်ဆောင်လာတာ ဒါနဲ့ပါဆို ၃ ကြိမ်ရှိပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ သစ္စာဖောက်မှုကြောင့် အဖမ်းခံရတာလို့ ကားမောင်းသမားက ရဲတွေကို ပြောပါတယ်။

ကားမောင်းသမားနဲ့ တရားမ၀င်ခိုးဝင်လာသူအားလုံးကို ဆက်လက် စစ်ဆေးအရေးယူဖို့ နခွန်းဆီထမရတ်ခရိုင် ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ရဲအရာရှိအပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းမှာ ဖော်ပြသွားပါတယ်။

DVB Burmese