SoundCloud ကို ဝယ်ယူရန် Twitter စီစဉ်နေဟုဆို


နာမည်ကျော် microblogging ဆိုက်ဖြစ်သည့် Twitter သည် သီချင်းနှင့် အသံဖိုင်များကို ဝေမျှပေးသည့် SoundCloud ကို ဝယ်ယူရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို Recode က ဖော်ပြချက်အရ သိရသည်။

ဘာလင်အခြေစိုက် SoundCloud သည် သုံးစွဲသူများက ဝက်ဘ်ပေါ်တွင် အသံဖိုင်များကို တင်ကာ ဝေမျှပေးနိုင်သည့် အခမဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သန်း ၂၅၀ ရှိခဲ့သည်။

အကယ်၍ Twitter အနေဖြင့် SoundCloud ကို ဝယ်ယူဖြစ်ခဲ့ပါက အဆိုပါ ဝယ်ယူမှုသည် Twitter အတွက် အကြီးမားဆုံး ဝယ်ယူမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းက ကုမ္ပဏီ၏ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၆၀ ရှိပြီး ကုမ္ပဏီ၏ တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ရှိကြောင်း SoundCloud က ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း Twitter က အများပိုင်အဖြစ်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ချိန်တွင် MoPub မိုဘိုင်းကြော်ငြာ ကုမ္ပဏီကို ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့သည်။

SoundCloud ဝယ်ယူရန် ကြိုးပမ်းမှုသည် သုံးစွဲသူများအား သီချင်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဝေမျှခြင်းတို့ ပြုလုပ်နိုင်စေရန် Twitter ၏ ဒုတိယမြောက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Twitter သည် stand-alone Twitter Music app ကို ဖြန့်ချိခဲ့သော်လည်း မတ်လတွင် အဆိုပါ app အသုံးပြုခွင့်ကို Twitter က ရပ်ဆိုင်းခဲ့သည်။


-နောင်နောင်
Ref: re/code
Internet Journal

အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်းဦးရေ ၉၉ ရာခိုင်နှုန်းခန့်ထားမည်


ရန်ကုန်၊ ဇွန် ၁၀

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား ၀န်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အော်ရီဒူးကုမ္ပဏီတွင် မြန်မာဝန်ထမ်းဦးရေ အယောက် ၇၀၀ ကျော်ရှိပြီး ၀န်ထမ်းအားလုံး၏ ၇၆ ရာခိုင်နှုန်း ဖြစ်ကာ ကျန် ၂၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ၀န်ထမ်းများ ဖြစ်သည်။

““၀န်ထမ်းခန့်ထားရေးနဲ့ သင်ကြားရေးမှာ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားပါတယ်။ သုံးစွဲသူ ပရိသတ်တွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အင်မတန် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တဲ့ ၀န်ထမ်း အများကြီး ရှိနေပါပြီ။ ငါးနှစ်အတွင်းမှာ မြန်မာဝန်ထမ်း ဦးရေ ၉၉ ရာခိုင်နှုန်းခန့် ထားသွားပါမယ်””ဟု ဒေါ်သီရိကြာညိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ကာတာနိုင်ငံ အခြေစိုက်ဖြစ်ပြီး ပိုင်ရှင်မှာ ဘာသာခြားဖြစ် သောကြောင့်ဟု ဆိုကာ အော်ရီဒူးမှ ထွက်သော ကုန်ပစ္စည်းများ ၀ယ်ယူ မသုံးရန်နှင့် အော်ရီဒူးကုမ္ပဏီ၌ အလုပ်မလုပ်ရန် အသိပညာပေး ဟောပြောပွဲအား ဇွန်လ ၇ ရက်နေ့က မကွေးပရိယတ္တိ စာသင်တိုက်၌ ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့သေးသည်။

““ကာတာနိုင်ငံက OIC ပါတဲ့ ၅၇ နိုင်ငံထဲမှာ ပါနေတယ်။ OIC ကို ၀င်လို့မရလို့ အော်ရီဒူး (Ooredoo) ကနေ မြန်မာပြည်ကို ၀င်ရောက်လာတာ။ ဆက်သွယ်ရေး လမ်းကြောင်းဆိုတာ တိုင်းပြည်ရဲ့ ပဓာနကျတဲ့ နေရာကို ၀င်ယူလိုက်တယ်””ဟုဆရာတော် ဦးပါမောက္ခက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ၁၉၆၉ ခုနှစ်၌ အစ္စလာမ်မစ် ခေါင်းဆောင်များက ထိပ်သီး ကွန်ဖရင့် ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ ၅၆ နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ OIC ရုံးခန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့မှုများရှိပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၍ ရုပ်သိမ်းခဲ့ရသည်။

ယင်းကဲ့သို့ အော်ရီဒူး ထုတ်ကုန်များ မသုံးစွဲရန် ပြောဆိုနေမှုများနှင့် ပတ်သက်၍ ““တကယ်တော့ ကျွန်မတို့က နိုင်ငံတကာ တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲသူ ပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး မိုဘိုင်းပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ဒီတော့ ကျွန်မတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မိဘပြည်သူတွေဆီ ပျံ့နှံ့ပြီး ပြည်သူလူထုအတွက် ကောင်းကျိုး ဆောင်ရွက် တာတွေ တွေ့တဲ့ အခါမှာရှိနေတဲ့ သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်””ဟု ဒေါ်သီရိ ကြာညိုက ထွက်ပေါ်နေသော အော်ရီဒူးအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါကဲ့သို့ ဘာသာရေးအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ရောယှက်ခြင်းအား နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် စီးပွားရေး အသိုင်းအ၀ိုင်းမှ လည်း ဝေဖန် လျက်ရှိသည်။

““အန်တီက မြင်တာကတော့ စီးပွားရေး ကိစ္စတွေမှာ၊ နိုင်ငံရေး ကိစ္စတွေမှာ ဘာသာရေးတွေ ပါလာတာကို ဒီလို အချိန်မျိုးမှာ မဖြစ်စေချင်ဘူး””ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က သုံးသပ်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးအပေါ်၌ ဘာသာရေး လွှမ်းမိုးမှုများပါက တိုင်းပြည်အတွက် အန္တရာယ်ရှိပြီး တိုးတက်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း ““Business က Business ပဲလေ။ ဘာသာရေးဆိုတာ Power ရယ် အာဏာရယ်ပဲ မူတည်တယ်။ Business ကို Business လို့ပဲမြင်စမ်းပါ။ တိုင်းပြည်မှာ မရှုပ်စမ်းပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး လွှမ်းမိုးတာ သိပ်များရင် အဲဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူးဗျ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးရီးယား နိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည်တို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိခဲ့ကာ၂၀၁၂ ဒီဇင်ဘာအထိ သုံးစွဲသူ ၉၂ ဒသမ ၉ သန်းရှိသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်

တစ်နှစ်ကျော်ကြာသည့်တိုင် CNG ပြောင်းလဲတပ်ဆင်ခွင့် ချမပေးသဖြင့် ပဲခူးယာဉ်လိုင်း ပိုင်ရှင်များ ဆန္ဒထုတ်ဖော်


11ရန်ကုန်၊ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်းမှ အငှားယာဉ် (City Taxi)သို့ ပြောင်းလဲကာ CNG ပြောင်းလဲ တပ်ဆင်ခွင့် လျှောက် ထားသော်လည်း အချိန်(၁)နှစ်ကျော်ကြာ ကြန့်ကြာ နေသည့်အတွက် ပဲခူးတိုင်း ဒေသကြီးမှ လျှောက်ထားသည့် မော်တော်ယာဉ် ပိုင်ရှင်များက ဇွန် ၁၀ ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရုံးရှေ့တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်း စုစုပေါင်း အစီးရေ (၁၃၀) အနက် ရန်ကုန်တိုင်း ဒေသကြီးမှ လျှောက်ထားသည့် ၅၇ စီးကို ၂၀၁၄ ခုနှစ် မတ်လတွင် အငှားယာဉ်အတွက် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်းမှ ၇၃ စီးမှာ ၂၀၁၃ ခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်လျှောက်ထားခဲ့ရာ အချိန်တစ်နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးသောကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်။

““တက္ကစီ ၇၃ စီးကို CNG ချထားပေးဖို့ တောင်းတာ တစ်နှစ်ကျော် ကြာပြီပေါ့။ ပထမအသုတ် အနေနဲ့ ရန်ကုန်တိုင်းက လျှောက်တဲ့ လိုင်းကားတွေအတွက် ဆိုပြီး ၅၇ စီး ချပေးလိုက်တယ်။ ကျွန်တော်တို့ ပဲခူးကား ၇၃ စီးကိုတော့ ချန်လှပ် ထားတာပေါ့။ ဒီကြားထဲ တစ်နှစ်ကျော်တည်းက CNG လျှောက်ထားဆဲ ဖြစ်တဲ့ အတွက်ဖြစ်သလိုပဲ ဆီနဲ့ပဲ ဆွဲနေရတာပေါ့။ အခုက တက္ကစီတွေက များလာတဲ့အတွက် ဆီနဲ့ ဆွဲနေရတာ ဆိုတော့ ၀င်ငွေမကောင်းဘူး။ CNG ကျလာရင် ဆီိဖိုးလည်း သက်သာသွားတယ်။ မိသားစုတွေရဲ့ စားဝတ် နေရေးလည်း ပြေလည်လာမယ်။ CNG က လိုင်းကားတွေက လီတာ ၂၀၀ ပါ။ တက္ကစီကို ပြန်ယူတဲ့ အခါကျတော့ လီတာ ၇၀ ပဲ ပြန်ယူတဲ့အတွက် သူတို့အနေနဲ့ နစ်နာဆုံးရှုံးမှုလည်း မရှိပါဘူး။ ကားသေး ဖြစ်သွားတဲ့အတွက် CNG တွေလည်း အများကြီး သက်သာသွားပါတယ်””ဟုဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုဇော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူများ၊ သာကေတ မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံညှိနှိုင်းမှု များ ပြုလုပ်ခဲ့သော်လည်း ထပ်မံ၍ အချိန်၂ လ စောင့်ဆိုင်းရန်နှင့် အထက်အမိန့်အရ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြောဆိုမှုများကြောင့် ယင်းကဲ့သို့ ဆန္ဒဖော် ထုတ်ရခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ခရီးသည်တင် ယာဉ်လိုင်းမှ အငှားယာဉ်အတွက် CNG ပြောင်းလဲ တပ်ဆင်ခွင့် ကြန့်ကြာနေခြင်း အပေါ် မော်တော်ယာဉ် ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုမျိုးကျော်ကလည်း ““CNG အမြန် ချပေးရေးအတွက် ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကို တိုင်ဖို့ စီစဉ်ထားပါတယ်။ အချိန် တစ်နှစ်ကျော် ကြာနေတဲ့အတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တစ်ဆင့် သက်ဆိုင်ရာ လူကြီးတွေ သိအောင်ပေါ့။ မထသ ထောက်ခံစာ လိုတယ်ဆိုလို့ ပဲခူးတိုင်း မထသထောက်ခံစာ သွားယူတယ်။ ဒါမဟုတ်ဘူး။ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာနကို သွားဆိုတော့လည်း ဒါမင်းတို့ တောင်းလို့ရတာ မဟုတ်ဘူး။ ၀န်ကြီးဌာန အချင်းချင်း စာပို့ပြီး တောင်းရတဲ့ဟာ၊ ပေးလို့မရဘူးလို့ ပြောတယ်။ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့တယ်။ ကျွန်တော်တို့ဘက်က အချိန် ၂ ပတ် တောင်းတယ်။ သူတို့ကအချိန် ၂ လ စောင့်ခိုင်းတယ်။ လူကြီး တစ်ယောက်အနေနဲ့ တာဝန်ယူမှု ဘာရှိလဲဆိုတော့ ရေရောရာရာ ဘာမှ မပြောဘူး။ အထက် လူကြီးတွေ လုပ်တာလို့ပြောတယ်””ဟုပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ လျှောက်ထားသည့် မော်တော်ယာဉ် ပိုင်ရှင်များက ပဲခူး ခရီးသည်တင်ယာဉ်မှ Taxi သို့ တရားဝင် ပြောင်းလဲထားသော မော်တော်ယာဉ်များအား CNG ယာဉ် ပြုလုပ်ခွင့် အမြန်ချပေးရန်၊ ကျန်ရှိ ခရီးသည်တင်ယာဉ်လိုင်းမှ Taxi ၇၃ စီး တရားဝင်ဌာနတွင် တင်ထားပေးသော CNG အမြန်ချပေးရန်၊ လိုင်းကားမှ Taxi ၇၃ စီး အမြန်ချပေးရန်စသော စာသားများပါသည့် ဆိုင်းဘုတ်များကိုင်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်

မဟာသန္တိသုခကျောင်း စီးနင်းဝင်ရောက်ခြင်း ဓမ္မစက်ထက် အာဏာစက် ရှေ့ရောက်မှု တိုင်းပြည်အတွက် မကောင်း – တင်ဇာအောင်


တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ည ၁၀ နာရီခန့်တွင် တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ

လူ ၁၀၀ မှာ ၉၃ ယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိ


ပုသိမ်၊ ဇွန် ၁၁

မြန်မာနိုင်ငံအတွင်းရှိ ဆန်္ဒမဲ ပေးသူ ၉၂.၄၈ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ်များ ကောက်ခံလျက် ရှိရာ အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လူ ၁၀၀လျှင် ၉၃ ယောက်မှာ မသိရှိဟု ဇွန်လ(၁၁) ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးတွဲ ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ တွင် (၈၈)မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဂျင်မီက ထည့် သွင်း ဟောပြောခဲ့သည်။

အဆိုပါ ကိုးသိန်းကွင်း၌ ပြု လုပ်သော လူထုဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နာယကကြီး သူရဦးတင်ဦး၊ ဥပဒေ အထောက်အကူပြုအဖွဲ့ (ဗဟို)မှ ဥပဒေပညာရှင် ဦးဌေးဦး၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ မမီးမီး၊ ကိုအောင်အောင်ကျော်တို့ လာ ရောက်ကြပြီး ပါတီဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားကြသူများ၊သာမန် စိတ်ဝင်စားသူအရပ်သားများဖြင့် လူ အင်အား (၁၅၀၀)ခန့် ပါဝင်တွေ့ ဆုံခဲ့ကြသည်။…

(၈၈)ခေါင်းဆောင် ကိုဂျင်မီက ““ ဘောလုံးကွင်းဆိုတာ ဘောလုံး ကန်မှုနဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်တဲ့ နေရာပါ။ အခုဒီနေရာမှာ တိုင်း ပြည်ရေးအတွက် ဆွေးမျိုးမိတ်ဆွေ အပေါင်းတို့ လာရောက်စုဝေးနေရ ကတည်းက တိုင်း ပြည်မှာ တစ်ခုခုလွဲမှားနေပြီ။ အခုကျွန်တော်တို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နဲ့ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်တွေသွားယူတဲ့နေရာမှာ ထူးဆန်းတာတစ်ခု တွေ့ရတယ်။ ရန်ကုန်နဲ့မနီးမဝေးက ဘကြီးတစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသိလား။ ပုဒ်မ ၄၃၆ကိုသိလားလို့မေးတော့ သိ တယ်။ ၁၅ မိနစ်တစ်ကြိမ်၊ ၁၅မိနစ် တစ်ကြိမ်၊ ၁၅မိနစ်လောက်အော် ခဲ့ရတော့ သိတာပေါ့။ သတင်းစာ တွေထဲမှာ၊ တီဗွီ တွေထဲမှာ ကြော် ငြာနေတာပဲ။ ဖွဲ့စည်းပုံစာအုပ်အ စိမ်းကိုသိလားမေးတော့ မသိဘူး။ မမြင်ဖူးဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတဲ့ ဝေါဟာရကိုပဲ ကြား ဖူးတာ။ နားရည်ဝနေတာ။ အထဲ မှာပါတာတွေလည်း မသိဘူးလို့ ပြောတယ်”” ဟုပြောသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဟော ပြောပွဲလာသူ ကိုစည်သူ ကလည်း လယ်လုပ်တဲ့ ““တောင်သူလယ် သမားဦးကြီးတွေ ပုဒ်မ၄၄၇/၄၂၇ တို့နဲ့ တရားစွဲဖမ်းဆီးထောင်ချ မခံ ရဖို့အရေး၊ မိခင် ဧရာဝတီမြစ်ကြီး တိုင်းတစ်ပါးအောက် မရောက် ရှိရေးအတွက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ်မနေ ပြင်ဆင်သင့် တယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါအခြေခံဥပဒေပြင်ဆင် ရေးအတွက် ဆန္ဒပြုလက်မှတ်များ အား မိုဘိုင်းကားများဖြင့် လိုက်လံ ကောက် ခံခြင်း၊ရပ်/ကျေး၊ မြို့နယ် ပါတီရုံးများတွင် ကောက်ခံခြင်း၊ ပါတီဝင်များ၏အိမ်များတွင် ကောက် ခံခြင်း၊(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးခန်းများ နှင့် အဖွဲ့ဝင်များထံတွင် လက်မှတ် ကောက်ခံ ခြင်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် (၈၈)မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း တို့ပူးတွဲ၍ မေလ(၂၇) ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိသည်။

ရဲရင့်ထွန်း (ပုသိမ်)
မြန်မာသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် တပ်မတော်၏ သစ္စာအဓိဋ္ဌာန် လေးချက်မှ ဒုတိယအချက်ကို ဖျောက်ဖျက်ပစ်ရန်လိုဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းပြော


တိုင်းရင်းသားတွေကိုတိုက်၊ နောက်ကျတော့ ဗိုလ်ချုပ်သန်းရွှေ တက်လာတော့လည်း နိုင်ငံခြားကနေ အကူအညီတွေယူ၊ အကြွေးတွေ တင်ပေါ့ . . .

8ရန်ကုန်၊ ဇွန် ၉

တပ်မတော်နှင့် တို်င်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ရရှိရေးအတွက် တပ်မတော် ဘက်မှ တပ်မတော်သား အဓိဋ္ဌာန် လေးချက်အနက် ဒုတိယအချက် ဖြစ်သည့် ““ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်”” ဆိုသည့်အချက် အား ဖျောက်ဖျက်ပစ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဇွန် ၇ ရက်က UMFCCI တွင် ပြုလုပ်သည့်   ““မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ အနာဂတ် မှန်းဆချက်များ””အမည်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့ တပ်မတော်က မနက်ဆိုရင် သစ္စာလေးရပ်ဆိုတယ်။ အဲဒီ သစ္စာလေးရပ်ထဲမှာ အဓိကအချက် တစ်ချက်ပါတယ်။ ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိပါမည်လို့ ဆိုတယ်။ အဲဒီလိုပဲ ကချင်တပ်မတော်ကလည်း ဆိုတယ်။ ငါတို့သည် ကျဆုံးလေပြီးသော ကချင်တပ်မတော်သားတို့ ၏သစ္စာကို စောင့်သိပါမည်လို့ ဆိုတယ်။ အဲဒီသစ္စာကို စောင့်သိတာနဲ့တင် တိုက်ပွဲက မပြီးတော့ဘူး။ ဒါတွေကို ဖျောက်ဖျက်ပစ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါမှာ သူသာတယ်၊ ကိုယ်သာတယ်လို့ မတွေးပါနဲ့။ သိက္ခာဆိုတဲ့ အရာတွေလည်း မတွေးပါနဲ့”” ဟု ၀န်ကြီး ဦးအောင်မင်းက အဆိုပါဆွေးနွေးပွဲ၌ ထည့်သွင်း ပြောဆိုခဲ့သည်။

ဝန်ကြီးဦးအောင်မင်းမှာ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုနိုင်ရန်အတွက် လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

တပ်မတော်ဘက်မှ ပြဋ္ဌာန်းထားသည့် သစ္စာအဓိဋ္ဌာန်လေးချက်မှာ ““(၁)ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်၊ (၂)ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင်သိရိုသေပါမည်၊ (၃) ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်၊ (၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏”” ဟူ၍ ဖြစ်သည်။

နှစ်ဖက် တိုက်ပွဲများအတွင်း ကျဆုံးသူများ စာရင်းအား ကိန်းဂဏန်းများဖြင့် ဖော်ပြပေးရန် တောင်းဆို အကြံပြုချက်များ ရှိနေပြီး အဆိုပါ စာရင်းအား ဖော်ပြပါက နှစ်ဖက်စလုံး၌ နာကြည်းမှုများ ဖြစ်ပေါ် လာနိုင်သည့်အတွက် မပြောချင်ကြောင်းကိုလည်း ““တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ တိုက်နေတာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်က ကျဆုံးတဲ့သူတွေ၊ ဒီဘက်က ကျဆုံးတဲ့သူတွေရဲ့ စာရင်းကို ကိန်းဂဏန်းနဲ့ ဖော်ပြပေးပါ။ ဒါမှတိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းလို့ရမယ်ဆိုတဲ့ တောင်းဆိုချက်၊ အကြံပြုချက် တွေလည်း ရှိတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဟိုဘက်က ဆိုတာလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေပဲ။ ကိန်းဂဏန်းပြရင် တစ်ယောက်နဲ့ တစ်ယောက် နာကြည်းမှုတွေ ထပ်ဖြစ်လာနိုင်တယ်။ အချင်းချင်းဖြစ်တဲ့ စစ်ပွဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဘယ်ဘက်ကတော့ ဘယ်လောက် သေတယ်ဆိုတာ မပြောချင်ပါဘူး”” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခပေါင်း ၁၀၁ ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း Myanmar Peace Monitor ၏ စစ်တမ်းများ၌ ဖော်ပြထားသည်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှု ၁၀ ကြိမ်ဖြင့် အနည်းဆုံးလမှာ မတ်လဖြစ်ပြီး အများဆုံးကာလမှာ မေလဖြစ်ပြီး စုစုပေါင်း ၃၅ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ လစဉ် အလိုက် လက်နက်ကိုင် ပဋိပက္ခဖြစ်မှုများမှာ ဇန်န၀ါရီလ ၁၂ ကြိမ်၊ ဖေဖော်ဝါရီလ ၂၁ ကြိမ်နှင့် ဧပြီလတွင် ၂၃ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အစိုးရတပ်နှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု အများဆုံး တိုင်းရင်းသားအဖွဲ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် တအာင်းဝ် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ဖြစ်သည်။

သို့သော် တိုင်းပြည် ငြိမ်းချမ်းရေး ဖြစ်ပေါ်ရန်အတွက် အဓိကမှာ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်လာရေးဖြစ်ပြီး သစ္စာအဓိဋ္ဌာန် ပြဋ္ဌာန်းချက်များမှာ အရေးမကြီးကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ သုံးသပ်လျက်ရှိသည်။

““အဲဒါက အဓိက မဟုတ်ပါဘူး။ အဓိကက ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားတွေ တောင်းဆို ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ပေါ်ပေါက်ရေးလေ။ ပြည်ထောင်စုဆိုတာ ဦးနုလက်ထက်ကတည်းက ပြည်ထောင်စု၊ ပြည်ထောင်စု ဆိုပြီးတော့ တစ်ပြည်ထောင်စနစ် လုပ်လာတာ။ လုပ်လာပြီးတော့ နိုင်ငံခြား အကူအညီတွေယူ၊ တိုင်းရင်းသားတွေကိုတိုက်၊ နောက်ကျတော့ ဗိုလ်ချုပ်သန်းရွှေ တက်လာတော့လည်း နိုင်ငံခြားကနေ အကူအညီတွေယူ၊ အကြွေးတွေတင်ပေါ့။ အဓိက ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးပေါ့ဗျာ။ နှစ်ဖက်စလုံးက အဲဒါတွေ လက်ခံပြီးတော့ လုပ်သွားဖို့ပဲ။ သူ့အကျိုး၊ ကိုယ့်အကျိုးပေါ့ဗျာ။ ကျွန်တော်တို့ ဖက်ဒရယ်သုံးရတာ တခြားမဟုတ်ပါဘူး။ ပြည်ထောင်စုလို့သုံးပြီး တစ်ပြည်ထောင်စနစ် ကျင့်သုံးတော့ ကြာလေကျပ်တည်းလာလေ၊ ကြာလေ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးလေ ဖြစ်လာတယ်။ အဲဒါတွေကြောင့်ပါ။ သစ္စာအဓိဋ္ဌာန်တွေက အရေးကြီးတယ်လို့ မထင်ဘူး။ နိုင်ငံတကာမှာလည်း ရွတ်နေကြတာပဲ””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

MH-0025
မြန်မာသံတော်ဆင့်

မဟာသနိ္တသုခကျောင်းပိုင်ဆိုင်မှုအတွက် သာသနာ့အသက် ၀ိနည်းတရားတော်ကို ဖျက်ကြမည်လော – ဦးဓမ္မ


ဝိနည်းတော်ကို ဖောက်ဖျက်ခိုင်းလျှင် သာသနာတော်ကို ပျက်အောင်ပြုသည်နှင့် မခြားဖြစ်ကြပါမည်။ သာသနာ မပြုနိုင်စေကာမူ သာသနာဖျက်ရာရောက်လျှင် သံသရာ၌ အပြစ်ကြီးလေးလှပါသည်။

ရင်ကျပ်ရောဂါ ပျောက်ကင်းဖို့ ငါးအရှင်တွေမျိုချတဲ့ ကုထုံးနဲ့ ဆေးကုသမှုပြုလုပ်



အေသင်အောင်
                အိနိ္ဒယနိုင်ငံမှာ ရင်ကျပ်ရောဂါ ခံစားနေရတဲ့ သူတွေကို ငါးအရှင်တွေ မျိုချပြီး ကုသတဲ့နည်းနဲ့ ဆေးကုသမှုပေး နေကြောင်း သိရပါတယ်။ နှစ်စဉ် ဇွန်လကိုရောက်တဲ့ အခါမှာ ရင်ကျပ်ရောဂါ ခံစားနေရတဲ့ အိနိ္ဒယနိုင်ငံတစ်ဝန်းက လူတွေဟာ တောင်ပိုင်းမှာရှိတဲ့ ဟိုက်ဒါဘတ်မြို့ကို ရောက်ရှိ လာပြီး ဆေးကုသမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီကုသနည်းဟာ ဟိန္ဒူလူမျိုးတွေရဲ့ ရိုးရာ အစဉ်အလာ ဆေးကုသနည်း ဖြစ်ပြီး ဘာတီနီဂေါ့ မိသားစုက ရှေးနှစ်ပေါင်း များစွာ ကတည်းက လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကာ နှစ်ပေါင်း (၁၅၆) နှစ်တိုင် ရှိသွားပြီ ဖြစ်ပါတယ်။ ရင်ကျပ်ရောဂါ ရှိနေတဲ့သူကို အ၀ါရောင်ပတ် ထားတဲ့ အရာထဲကို ငါးစင်တီမီတာရှိတဲ့ ငါးတစ်ကောင်ထည့်ပြီး မျိုချစေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာအရာတွေ ပါဝင်သလဲဆိုတာ လျှို့ဝှက်မှု ပြုလုပ်ထားပါတယ်။ သုံးနှစ် ဆက်တိုက် ကုသမှုတွေ ခံယူပါက အသက်ရှုခြင်းဆိုင်ရာ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ ဆေးကုသမှု ခံယူ ထားတဲ့ သူဟာ (၄၅) ရက် အတွင်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို တိကျစွာ လိုက်နာသွားရမှာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော လူတွေဟာ ဟိုက်ဒါဘတ်မြို့ကို လာရောက်ပြီး ဆေးကုသမှုခံယူခဲ့ ကြပါတယ်။ ပွဲတော် ကာလအတွင်း နှစ်ရက်တာ အခမဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးပါတယ်။ ငါးအရှင်ကို မျိုချဖို့ ပါးစပ်ကို ကျယ်လောင်စွာ ဟထားရမှာဖြစ်ပြီး အချို့ကလေးငယ်တွေ ကတော့ ကြောက်ရွံ့ပြီး ငိုကြွေးကြပါတယ်။ ဆရာဝန်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ဒီကုထုံးကို ဝေဖန်နေကြပေမယ့် ယုံကြည် သက်ဝင်သူတွေ များပြားတာ မို့ အိနိ္ဒယအစိုးရ အနေနဲ့ သွားလာဖို့ မီးရထားတွေ စီစဉ်ပေးတဲ့ အပြင် လူအုပ်ကို ထိန်းနိုင်ဖို့ ရဲတပ်ဖွဲ့ ဝင်တွေ ချပေးလေ့ရှိတယ်လို့ သိရပါတယ်။

Messenger News Journal

ဂင်းနစ်စံချိန် (၂၁)ခု တင်ရှိထားတဲ့ ရေခဲလူသား



အေသင်အောင်
                 နယ်သာလန် နိုင်ငံသား အသက် (၅၅) နှစ် အရွယ်ရှိ ၀င်ဟော့ဖ်ဟာ ဂင်းနစ်စံချိန် (၂၁) ခု တင်ရှိထားပြီး ထူးခြားလှတဲ့ အံ့မခန်း စွမ်းဆောင်ရည် တွေကြောင့် ရေခဲလူသားအဖြစ် ခေါ်ဝေါ်ခြင်းခံခဲ့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟော့ဖ်ဟာ သာမန်လူတွေ မစွမ်းဆောင်နိုင်တာကို ပြုလုပ်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ရေခဲအမှတ် သုညဒီဂရီ ဖာရင်ဟိုက်အောက်အေးတဲ့ မြောက်ဝင်ရိုးစွန်းတန်းမှာ အ၀တ်အစားမပါဘဲ ဘောင်ဘီတို တစ်ထည်နဲ့ ပြေးပြခြင်း၊ ကမ္ဘာ့ အမြင့်ဆုံး ဧ၀ရတ်တောင်ကို အ၀တ်အစားမပါဘဲ ဘောင်းဘီတိုတစ်ထည် ၀တ်ဆင်ပြီး တက်နိုင်ရန် ကြိုးစားခဲ့ခြင်း တို့ကြောင့် ရေခဲလူသားအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကလေးငါးဦးဖခင်ဟော့ဖ်ဟာ ရေခဲကန်ထဲမှာ အချိန်အကြာဆုံးနေပြတဲ့ စံချိန်ကိုလည်း တင်ရှိထားပါတယ်။ လူရဲ့ ခန္ဓာကိုယ်မှာ အပူချိန်လျော့ကျ သွားပါက အန္တရာယ်ရှိပေမယ့် ဟော့ဖ်ကတော့ အပူချိန်ကို ဘယ်လို ထိန်းသိမ်း ရမလဲဆိုတာ သိရှိထားပါတယ်။

                ဟော့ဖ်က  ကျွန်တော်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အပူချိန်ကို ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။ ဧ၀ရတ်တောင်ကို ဘောင်းဘီတို နဲ့ တက်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ရေခဲတမျှ အေးတဲ့ ရေချိုးကန် ထဲကို ၀င်ရောက်ရာမှာလည်း အတွေ့အကြုံ အများကြီးရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်မှုကြောင့် လုပ်နိုင်တာ ဖြစ်ပါတယ်။ အဓိက ကတော့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းပဲ ဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ ပါတယ်။ ကျွမ်းကျင်သူတွေက ဟော့ဖ်ဟာ ခန္ဓာကိုယ်တွင်း အပူချိန်ကို ဦးနှောက်နဲ့ အသိပေး ထိန်းချုပ်နိုင်တာမို့ သာမန် လူတွေထက် အအေးဒဏ် ခံနိုင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဟော့ဖ်ဟာ သူ့ရဲ့နေအိမ် ပန်းခြံအတွင်းမှာ နေ့စဉ်လေ့ကျင့်ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အမြဲတမ်း ဂုဏ်ယူကြောင်း ဆိုခဲ့ပါတယ်။ ဧ၀ရတ်တောင်ကို တက်ရာမှာ ပေ (၅၀၀၀) အရောက်မှာ ခြေထောက် ဒဏ်ရာ ရရှိခဲ့လို့ လှည့်ပြန်ခဲ့ ရပေမယ့် နမီးဘီးယားမှာရှိတဲ့ သဲကန္တာရ ဖြတ်ပြေးပွဲ တစ်ခုမှာ ရေလုံးဝ မသောက်ဘဲ ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။
Messenger News Journal

ယနေ.သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်ရပ်ကွက်တွင် ရဲတပ်ဖွဲ.မှအင်အားသုံး ဖယ်ရှားမှုတစ်ခုဖြစ်ပွားရာ ပြည်သူများမှ ၀ိုင်းဝန်းတားဆီးကန်.ကွက်မှုဖြစ်ပွား။




ယနေ. သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်ရပ်ကွက်တွင် ဘာသာခြားလူမျိုးတစ်ဦး
တရားရုံးမှ အနိုင်ဒီဂရီရမှုအပေါ် နှစ်ပေါင်း(၆၀) ကျော်နေထိုင်လာခဲ့ကြသည့်
နေအိမ်(၆၂)လုံးအား ရဲတပ်ဖွဲ.၀င်များမှ အင်အားသုံးဖယ်ရှားရန် ရောက်ရှိ
လာသည့်အတွက် ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းကန်.ကွက်မှုဖြစ်ပွားခဲ့
ကြောင်းသတင်းရရှိပါသည်။

သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်ရပ်ကွက်အတွင်းမြေနေရာတစ်ခုတွင်
၁၉၆၂ ခုနှစ်ကဦးမိုဟာမက်ဟာရှင်အာရစ်(ခ) ဦးမာမွတ် ပိုင်ဆိုင်အမည်
ပေါက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းအဆိုပါ လူမျိုးခြားပုဂ္ဂိုလ်မှ နိုင်ငံခြား
သို.ပြန်သွားခဲ့ပြီး၊ အပိုင်ပေးခဲ့သည်ဆိုသောစာရွက်စာတမ်းများ
အဆင့်ဆင့်ဖြင့် နောက်ဆုံး ဒေါ်အုန်းခင်(ခ)ဒေါ်ချိုတီ ဆိုသူ၏ သားဖြစ်သူ
ဦးသန်.ဇင်ဆိုသူမှာ နှစ်ပေါင်း(၆၀)ကျော် နေထိုင်လာခဲ့ကြသူများအပေါ် တရားစွဲဆိုလျက်၁၉၉၆ ခုနှစ်တွင် တဖက်သတ်အနိုင်ဒီဂရီ ရရှိခဲ့ပြီး၊
ယခု ၂၀၁၄ ခုနှစ်အရောက်တွင်ကျူးးကျော်သူများအားဖယ်ရှားရန်ဟုဆိုကာ ရဲတပ်ဖွဲ.၀င်အင်အား ရာချီဖြင့် အကြိမ်ကြိမ်လာရောက် ဖယ်ရှားရန် ကြိုးစား
နေခဲ့ဖြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးမှပြောကြားခဲ့
ပါသည်။
သတင်းဓါတ်ပုံ- Linn Kon

ယနေ. (၁၃-၆-၂၀၁၄) နေ.လည် ၁၁ နာရီခန်.တွင်လည်း ရဲတပ်ဖွဲ.၀င်
အင်အား (၂၀၀)ခန်.သည် အပြန်အလှန်အမှုဖြစ်ပွားနေသောသင်္ဃန်းကျွန်း
မြို.နယ်၊ ဇ/မြောက်ရပ်ကွက်သို.ရောက်ရှိလာပြီး အတင်းဖယ်ရှားရန် ကြိုးစားခဲ့သည့်အပေါ် ရပ်ကွက်နေပြည်သူများမှမခံမရပ်နိုင်သဖြင့်
သင်္ဃန်းကျွန်းမြို.နယ်တရားရုံးသို. ဥပဒေနှင့်အညီ သွားရောက်တင်ပြ
လျှောက်ထားရာနေ.လည်(၁၂း၁၅)တွင် တရားရုံးမှ မူလအနိုင်ရ
အမိန်.ဒီဂရီက ပြန်လည်ဆိုင်းငံတားမြစ်ကြောင်း နှုတ်မိန်.ပေးလျက် (၂၆-၆-၂၀၁၄) နေ.တွင် တရားနိုင်-တရားရှူံးတို.မှရုံးတော်သို. အပြန်အလှန်
ပြန်လည် တင်ပြကြရန် အမိန်.ပေးခဲ့ကြောင်း သိရှိရပါသည်။

နေ.လည် (၁၂း၁၅ ) မိနစ်ခန်.တွင် အင်အားသုံးရောက်ရှိလာသော ရဲတပ်ဖွဲ.၀င်(၂၀၀)ခန်.ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။



Tomorrow news journal

ဂျော်ဒန်တွင် မိဘ ဆွေမျိုးများကို အရှက် ရအောင်လုပ်မှုဖြင့် အမျိုးသမီးများစွာ သတ်ဖြတ်ခံနေရ


                    ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများအား မိဘဆွေမျိုးများက အရှက်ရစေသည့် အတွက် သတ်ဖြတ်ခြင်း သို့မဟုတ် ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်ခြင်းများ နှင့် ပတ်သက်ပြီး ဆန့်ကျင်မှုများ ရှိနေသော်လည်း ဂျော်ဒန်နိုင်ငံတွင်မူ အမျိုးသမီးများ သည် ဂုဏ်သိက္ခာ အတွက် သတ်ဖြတ် ခံနေရကြောင်း သိရသည်။

                     ဂျော်ဒန် နိုင်ငံသား ကျောင်းသား အများစုသည် ဂုဏ်သိက္ခာ အတွက် အမျိုးသမီးများအား သတ်ဖြတ်ခြင်းမှာ မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ယူဆ နေသည်ဟု ဗြိတိန်ရှိ ကိမ်းဘရစ်ခ်ျ တက္ကသိုလ်၏ ၂၀၁၃ ခုနှစ် ဇွန်တွင် ထုတ်ဝေခဲ့သည့် စစ်တမ်း၌ ဖော်ပြထားသည်။

                     ဂျော်ဒန်တွင် အကြမ်းဖက် တိုက်ခိုက် ခံရခြင်းနှင့် ဂုဏ်သိက္ခာ အတွက် သတ်ဖြတ် ခံရခြင်းအစရှိ သည့် အန္တရာယ်များ ရှိနေသော အမျိုးသမီးများအား ခိုလှုံခွင့် ပေးထား သည့် တာဒါမန် ခိုလှုံရေးစခန်း ရှိနေသော်လည်း နိုင်ငံသား အများစုက ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်ခြင်းကို မှန်ကန်သည်ဟု ယူဆနေသော ကြောင့် ယင်းကဲ့သို့ သတ်ဖြတ်မှုများ အဆုံးသတ်ရေး လုပ်ဆောင်မှုများ အရာမထင်ဘဲ ရှိနေခဲ့သည်။

                     အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံအများစုတွင် အမျိုးသမီး များသည် မိဘဆွေမျိုးများက မလိုလားသည့် အမျိုးသားများ နှင့် ဆက်ဆံ ပြောဆိုခြင်း၊ မိဘဆွေမျိုးများက သဘောတူ ထားသည့် အမျိုးသားကို လက်မထပ်ဘဲ နှစ်သက်သူနှင့် ပေါင်းသင်း နေထိုင်ခြင်း တို့ကို ပြုမူခဲ့ပါက မိဘဆွေမျိုးများ အထူးသဖြင့် အမျိုးသား ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းကို ခံရလေ့ ရှိသည်။ မိဘဆွေမျိုးများ၏ သတ်ဖြတ်မှုကြောင့် မသေဆုံး ခဲ့ပါကလည်း ၄င်းအမျိုးသမီးများသည် ဆွေခန်းမျိုးခန်း ပြတ်စဲ ခံရလေ့ရှိသည်။

                     ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်ခံရခြင်းနှင့် တိုက်ခိုက် ခံရခြင်း အစရှိသည့် ဒုက္ခများကို ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများ သည် လွန်စွာ သနားစရာ ကောင်းလှကြောင်း၊ နိုင်ငံတကာ၏ တားဆီး ပိတ်ပင်မှုများ ရှိနေခဲ့သော် လည်း ဂျော်ဒန်တွင် ၄င်းအမျိုးသမီးများ အတွက် မလုံခြုံလှကြောင်း တာဒါမန်ခို လှုံရေးစခန်း မှ အဲနမ်အလာရှာက ပြောဆိုခဲ့သည်။

                     ဂျော်ဒန်၌ နှစ်စဉ်နှစ်တိုင်း အမျိုးသမီး၂၅ ဦးခန့် ဂုဏ်သိက္ခာအတွက် သတ်ဖြတ် ခံနေခဲ့ရသည်။ ဂျော်ဒန်  အမျိုးသမီးများ အတွက် အမျိုးသား ကော်မရှင်သည် လည်း ယင်းကဲ့သို့ သတ်ဖြတ်မှုများ မရှိစေရန် အားထုတ် ကြိုးပမ်းနေ ပြီဖြစ်သည်။ ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်မှုအား ရာဇ၀တ်မှု အဖြစ် သတ်မှတ် နိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သော်လည်း ယင်းကဲ့သို့ ပြုမူများသည် ယဉ်ကျေးမှု၊ အစဉ်အလာ နှင့် အမျိုးသားများ ကြီးစိုးသော စနစ်တို့ကြောင့် အချိန်များစွာ ယူရမည် ဖြစ်ကြောင်း ကော်မရှင်မှ အက်စ်မာ အာခါဒါက ပြောဆိုခဲ့သည်။

                     ကိမ်းဘရစ်ခ်ျ တက္ကသိုလ်၏ လေ့လာချက်တွင် အမ္မန်ရှိ အထက်တန်း ကျောင်းသား ၈၅၆ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ ၄င်းတို့ထဲမှ သုံးပုံတစ်ပုံက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုသည် မှန်ကန်ကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

                     နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် များတွင် အမျိုးသမီးငယ် များသည် ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်ခြင်း ကို ဆန့်ကျင်ကြောင်း ပြောဆိုနေကြ ပြီဖြစ်သောကြောင့် ဂျော်ဒန်တွင် ယင်းကဲ့သို့ သတ်ဖြတ်ခြင်းသည် မကြာသေးမီတွင် ပျောက်ကွယ်သွား ရန်မဖြစ်နိုင် သော်လည်း အချိန် ကာလကြာမြင့်လာသည် နှင့်အမျှ အောင်မြင်မှု ရရှိရန် နီးစပ်လာမည် ဖြစ်သည်။    

Source:AFP
messenger news

တပ်မတော်သား ကိုယ်စားလှယ်ကို ရုပ်သိမ်းနိုင်မည့်အချက် ပြင်ဆင်ဖြည့်စွက်ရန် လိုဟုဆို




နေပြည်တော်၊ ဇွန် ၁၂

လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်သူ တစ်ဦးတစ်ယောက်၏ တိုင်ကြားချက်ဖြင့် စစ်ဆေးအရေးယူရန် လုပ်ဆောင်နိုင်သည့် အချက်ကို ပြင်ဆင် ဖြည့်စွက်ရန်လိုကြောင်း အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက အမျိုးသားလွှတ်တော်၌ တင်ပြဆွေးနွေးသည်။

ဇွန် ၁၂ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းသည့်အခါတွင် ပြည်သူတစ်ဦးဖြင့် တိုင်ကြားရန် လွယ်ကူနေသဖြင့် ခိုင်လုံသော အကြောင်းပြချက် ရှိသည့် လူပုဂ္ဂိုလ် အနည်းဆုံးဆယ်ဦး၏ လက်မှတ် ရေးထိုးချက်များကိုပါ တင်သွင်းရမည်ဟု ပြင်ဆင်လိုကြောင်း ၎င်းက တင်ပြ ပြောဆိုခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူတစ်ဦး၏ တိုင်ကြားချက်သည် မှန်ကန်မှု မရှိပါက လက်မှတ်ရေးထိုး ထောက်ခံထားသော ၁၀ ဦးကိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်သည်ဟု ပြင်ဆင်ပေးရန် လိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ရွေးကောက်ခံ ကိုယ်စားလှယ်ကို ၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူ တစ်ရာခိုင်နှုန်းကသော် လည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကို ပြည်သူ တစ်ဦးတစ်ယောက်ကသော် လည်းကောင်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှု မရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တိုင်ကြားနိုင်သည့် အချက်ကို ပြည်သူ့လွှတ်တော်က မတ်လ ၁၈ ရက်နေ့ (နဝမအကြိမ်) တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ထိုအချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက သဘောတူညီထားသော်လည်း အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက တပ်မတော်သား ကိုယ်စားလှယ်များ ကိုယ်စား ပြင်ဆင်လိုကြောင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တင်ပြခဲ့သည့် အချက်အလက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ စိစစ်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။

The Voice Weekly

ထင်ရှားတဲ့ ရှပ်နီခေါင်းဆောင် ဆွန်ဘတ်ကို ဖမ်းဆီး စွဲချက်တင်


ထိုင်းနိုင်ငံမှာ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ ရှပ်နီတဦးကို ဇွန် ၁၂ ရက်နေ့က တရားရုံးထုတ်ခဲ့ပြီး နိုင်ငံ ဆူပူအောင် သွေးထိုးလှုံဆော်မှုစွဲချက်တွေနဲ့ စွဲချက်တင် ခံထားရပါတယ်။

စစ်အုပ်ချုပ်ရေးဥပဒေ ချိုးဖောက်မှုတွေအတွက် ထောင်ဒဏ် ၁၄ နှစ်အထိ ချခံရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုကြပါတယ်။

ရုံးတင်ခံခဲ့ရတဲ့ ဆွန်ဘတ်ဟာ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်နဲ့ မစ္စစ် ယင်းလပ် ရှင်နာဝတ်ကို ထောက်ခံသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက ဆင့်ခေါ်ခံခဲ့ရပေမယ့် သွားရောက်ခဲ့ခြင်း မရှိပဲ “ဖမ်းနိုင်ရင် လိုက်ဖမ်း” ဆိုတဲ့ စာတမ်းကို သူ့ရဲ့ ဖေဘွတ်စ် လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

ဆွန်ဘတ်ကို ဘန်ကောက်မြို့အရှေ့ပိုင်းက ချွန်ဘူရီခရိုင်မှာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ဆင့်ခေါ်တာကို တိမ်းရှောင်ခဲ့မှုအတွက်လည်း စွဲချက်တင်ခံရတာ ဖြစ်တယ်လို့ ရာဇ၀တ်မှုနှိမ်နင်းရေးဌာန ဒုတိယအကြီးအကဲ ရဲမှူးကြီး ပရာ့ဆွတ်ချောကီ (Prasobchoke)က ပြောဆိုခဲ့ပါတယ်။

ထိုင်းထောက်လှမ်းရေးတွေက ဆွန်ဘတ် တင်ခဲ့တဲ့ အင်တာနက်စာမျက်နှာတွေကနေ ခြေရာခံလိုက်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်ခုံရုံးတင်ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းတရားရုံးက ဆွန်ဘတ်ကို နောက်ထပ် မေးမြန်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဇွန် ၁၂ ရက်နေ့က ထိုင်းရဲဌာနကို နောက်ထပ် ၁၂ ရက် ခွင့်ပေးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဆန္ဒပြသူ ၉၀ ကျော် သေဆုံးခဲ့တဲ့ ရှပ်နီနဲ့ ရှပ်ဝါ ဆန္ဒပြပွဲမျိုးတွေကို ပြန်လည် ဖော်ဆောင်ဖို့ ဆွန်ဘတ်က ပုံမှန် စည်းရုံးလှုံဆော်မှုတွေ လုပ်ခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

DVB Burmese

သရုပ်ဆောင် လောကမှာ အလှအပ တစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူးဆိုသူ သက်မွန်မြင့်



အကယ်ဒမီ သက်မွန်မြင့်က သရုပ်ဆောင်လောက မှာ အလှအပ တစ်ခု တည်းနှင့် ရပ် တည်လို့ မရတဲ့ အကြောင်း ခက်ခဲမှုတွေ ရင်ဆိုင်လာ ရရင် နောက်မဆုတ် တဲ့စိတ်၊ မပျော့ညံ့တဲ့ စိတ်ကိုတင်းပြီး ကြိုးစား သင့် ကြောင်း ယခု ကဲ့သို့ ပြောပြခဲ့သည်။

သရုပ်ဆောင်ဆိုတာ အလှအပတစ်ခုတည်းနဲ့ မရဘူး။

အောင်မြင်ဖို့ ဆိုတာ အများကြီး လုပ်စရာ မလိုပါဘူး။ စိတ်နှစ်ပြီးတော့ လုပ်ဖို့ပဲ လိုတယ်။ ကိုယ်တကယ် စိတ်နှစ်ပြီး ကြိုးစား လုပ်ရင် မဖြစ်ဘူးဆိုတာ မရှိပါ ဘူး။ တချို့ ဆို တွေ့တယ်။ အပေါ်ယံလေးပဲ စဉ်းစားတယ်။ လှချင်ပချင်တာပဲ ရှိတယ်။ သရုပ်ဆောင်က အဲဒါ တစ်ခု တည်းနဲ့ မရဘူး။ သရုပ်ဆောင် ဆိုတာက ဇာတ်ကား တစ်ကား ရိုက်ရင် ဘဝတစ်ခုကို ဖန်တီးရ၊ ပုံဖော်ရတာ ဖြစ်တဲ့ အတွက် ပြင်ဆင် ရတာတွေက အများကြီးရှိသလို ကြိုးစား ရတာလည်း အများကြီး ရှိတယ်။ အဲဒီအပေါ်မှာ ကိုယ်က စိတ်နှစ်ပြီးတော့ လုပ်ဖို့ပဲလိုတယ်။

ခက်ခဲမှုကြောင့် နောက်မဆုတ်ဘဲ ကြိုးစားပါ။

အနုပညာလောက ထဲရောက်လာပြီး တကယ် ဝါသနာပါတယ်။ ဘဝလို့ သတ်မှတ် လိုက်ရင်တော့ အခက်အခဲတွေ၊ အတားအဆီးတွေ ဖြစ်လာရင်၊ ကြုံလာ ခဲ့ရင် နောက် မဆုတ်ဘဲ ရှေ့ဆက်နိုင်ဖို့ လိုတယ်။ သက်မွန်မြင့် ကိုယ်တိုင် အနုပညာကို စလုပ်တုန်းက ဆိုရင် လုံးဝ အစိမ်း သက်သက်ဖြစ်တယ်။ ဆွေမျိုး အသိ မရှိဘဲ ဝင်လာခဲ့တယ်။ အခု ဆိုရင် သင်တန်းတွေ ရှိနေပြီ။ လေ့လာစရာတွေ အများကြီး ရှိတယ်။ သိချင် ရင် ပြောပြတဲ့လူလည်း အများကြီး ရှိတယ်။ နောက် မဆုတ်ဘဲ ကြိုးစားကြပါ။

ပျော့ညံ့လို့ မရဘူး၊ စိတ်မာနေရမယ်။

သက်မွန် တို့နောက်မှာ အငယ်တွေ တက်လာ တော့မယ်။ သက်မွန်တို့ ထက်စာ ရင် ကလေးတွေက ကံကောင်းတယ်။ သက်မွန်တို့ ဆိုရင် သင်တန်း၊ လေ့လာ စရာတွေ မရင်းနှီးခဲ့ ဘူး။ ကိုယ့်ဟာကိုယ် ရုန်းကန်ခဲ့ရ တယ်။ သက်မွန် ဒီနေရာ ကို ရောက်အောင် ကြိုးစားတဲ့ အခါ စိတ်မာရတယ်။ ပျော့ညံ့လို့ မရဘူး ဆိုတာ သိတယ်။ ညီငယ် ညီမငယ်တွေ အားလုံးကိုလည်း စစ်မှန်တဲ့ ဝါသနာ တစ်ခုမှာ စစ်မှန်တဲ့ ကြိုးစားမှုနဲ့ စစ်မှန်တဲ့ အောင်မြင်မှု ရအောင် လုပ်စေချင်တယ်။ အခက်အခဲ တစ် ခုကြောင့် နောက်ဆုတ် ရှောင်ထွက် သွားတာကို မလိုချင်ဘူး။ အနုပညာ ဆိုတာ တအားခက်ခဲပြီး ကြိုးစားမှ ရတဲ့အရာပါ။

Popular Journal

ဇွန်လ ၁၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်


ဇွန်လ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာ ကတော့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေ မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်အနေနဲ့တော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၃ ပေမှ ၅ ပေလောက်ရှိနိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၆ ပေ ကနေ ၁၂ ပေလောက် အထိမြင့်တက်နိုင်ပါတယ်။

weather14062014အပူရှိန်မြင့်တက်နိုင်မှု အနေနဲ့ကတော့ တနိုင်ငံလုံးနီးပါမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တွေဟာ သိသိသာသာကျဆင်းလာနိုင်ပါတယ်။ လွန်ကဲ အဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ ကျော်နိုင်တဲ့ မြို့တွေကတော့ ဟားခါးမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့တွေပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင် တာကတော့ မြိတ်မြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၂ ဒသမ ၉ ကျရောက်နိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ လွန်ကဲ အဆင့်အောက်ကို ကျဆင်းနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ ဟဲဟိုးမြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၄ ဒသမ ၂ သာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းမှာမိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာ ကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

DVB Burmese

တိုးတက်လာသည့် အင်္ဂလန်ကို သတိထားရင်ဆိုင်ရမည်ဟု ပီယာလို ပြော


ဝေဘုန်းလူ
ဘရာဇီး၊ ဇွန် ၁၂

ကွင်းလယ်ကစားသမား ပီယာလိုက ကမ္ဘာ့ဖလားတွင်ရင်ဆိုင်ရမည့် အင်္ဂလန်အသင်းမှာ ယခင်နှင့် မတူတော့ဘဲ ယူရို ၂၀၁၂ ပြိုင်ပွဲတွင် မိမိတို့အနိုင်ရခဲ့သည့် အသင်းထက် တိုးတက်လာခဲ့ပြီဖြစ်ကြောင်း အီတလီအသင်းဖော်များကို သတိပေးပြောကြားလိုက်သည်။
ယူရို ၂၀၁၂ ကွာတားတွင် အီတလီက ပင်နယ်တီဖြင့်အနိုင်ရခဲ့ပြီး ယခုအခါယင်းနှစ်သင်းမှာ စနေည တွင် က္ဘာ့ဖလားအဖွင့်ပွဲစသ်အဖြစ်ရင်ဆိုင်ရမည်ဖြစ်သည်။ အင်္ဂလန်အသင်းမှ လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာသည့်တိုင် အီတလီအသင်း အုပ်စုပထမရမည်ဟုလည်း ပီယာလိုက ယုံကြည်နေသည်။
"တိုးတက်မှုတွေနဲ့အတူ အင်္ဂလန်က အသင်းကောင်းတစ်သင်းဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ သူတို့မှာ မျက်နှာသစ်လူငယ်ကစားသမားတွေရှိပြီး လျှင်မြန်ကြတယ်။ ကျွန်တော်တို့ သတိထားဖို့လိုတယ်။ ဒါပေမယ့်လည်း သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်တော်တို့သိတယ်။ အင်္ဂလန်နဲ့တွေ့တိုင်း ကျွန်တော်တို့ ပွဲ ကောင်းကြုံပြီး ကျွန်တော်တို့အတွက် အခွင့်ရေးရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပြိုင်ပွဲ ပြီးတဲ့အထိ အနိုင်ရဖို့ပါပဲ" ဟု ပီယာလိုကပြောသည်။
ချယ်လ်ဆီးနှင့် အီတလီကစားသမားဟောင်း ဗီယာလီကလည်း ကမ္ဘာ့ဖလားဖိအားကို အင်္ဂလန်ထက် အီတလီက ပိုမိုခံနိုင်ရည်ရှိသည်ဟု ပြောသည်။ ၎င်းက "အင်္ဂလန်အသင်းအကြောင်း စဉ်းစားရတာ အတော်လေးတော့ ရယ်စရာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့လေးနှစ်က ပြိုင်ပွဲမှာရှုံးလို့ အင်္ဂလန် ပရိသတ်တွေရော ကစားသမားတွေ အကြီးအကျယ်စိတ်ပျက်ကြတယ်။ ဒီနှစ်ပြိုင်ပွဲ တစ်လအလိုလည်း ရောက်ရော သူတို့ဗိုလ်စွဲမယ်လို့ မြင်လာကြပြန်ပြီး လူတိုင်းက အတိုင်းထက်လွန် ယုံကြည်မငတွေ ရှိနေကြပြန် ရော။ အင်္ဂလန် ပရိသတ်တွေအနေနဲ့ မျှမျှတတမြင်တတ်ဖို့လိုတယ်လို့ ထင်ပါတယ်။ အင်္ဂလန်ကစားသမားတွေ ကမ္ဘာ့ဖလားကစားတဲ့အခါ အခက်ခဲကြုံနိုင်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ ဖိအားတွေနဲ့ ယဉ်ပါးသူတွေ မဟုတ်လို့ပါပဲ။ ပရီးမီးယားလိဂ်မှာ ကစားတဲ့အခါ ဖိအားမရှိပါဘူး။ အီတလီကစားသမားတွေနဲ့ အင်္ဂလန်ကစား သမားတွေကြားမှာလည်း ကွာခြားမှုရှိပါတယ်။ အီတလီကစားသမားတွေကတော့ ဖိအားတွေနဲ့ ကြီးပြင်းလာရတော့ သူတို့အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ နားလည်နေကြပါပြီ" ဟု ပြောသည်။

ရည်ညွှန်း goal.com
Mizzima Sport News

ကမ္ဘာ့ဖလားပြိုင်ကွင်းများ စိတ်ချရသည့် အနေအထားမရှိသေး


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၂

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်ကျင်းပနေပြီ ဖြစ်သော်လည်း ဘရာဇီးနိုင်ငံရှိ အားကစားပြိုင်ကွင်းအချို့မှာ ယခုအချိန်အထိ စိတ်ချရ သည့်အနေအထားတွင် မရှိသေးကြောင်း ဂိုးဒေါ့ကွန်းက ဖော်ပြခဲ့သည်။

နေမာ၊ အော်စကာတို့၏ သွင်းဂိုးများဖြင့် အဖွင့်ပွဲကို ဘရာဇီး အနိုင်ရ


ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် ဘရာဇီး အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အဖွင့်ပွဲတွင် ပြိုင်ဘက် ခရိုအေးရှားကို

အုပ်စုပထမနေရာအတွက် နယ်သာလန်ကို အနိုင်ကစားမယ့် စပိန်


စပိန် - နယ်သာလန်
Arena Fonte Nova
(စနေ နံနက် ၁း၃၀)

စပိန်အသင်း၏ နောက်ဆုံး သုံးပွဲရလဒ်
စပိန် ၁ - ၀ အီတလီ
စပိန် ၂ - ၀ ဘိုလီးဗီးယား
အယ်လ်ဆာဗေးဒိုး ၀ - ၂ စပိန်

နယ်သာလန်အသင်း၏ နောက်ဆုံး သုံးပွဲရလဒ်
နယ်သာလန် ၁ - ၁ အီကွေဒေါ
နယ်သာလန် ၁ - ၀ ဂါနာ
နယ်သာလန် ၂ - ၀ ဝေးလ်

(ဟန်စိုးသွေး)
ဇွန်လ ၁၃ ရက်တွင် အုပ်စု(က)မှ ပွဲစဉ် ၁ ပွဲနှင့် အုပ်စု(ခ)မှ ပွဲစဉ် ၂ ပွဲတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ စပိန်နှင့် နယ်သာလန်တို့ပွဲစဉ်ကတော့ အဖွင့်ပွဲဖြစ်သော်ငြား လည်း အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်တိုက်ပွဲဟု ပြောနိုင်ပြီး မက္ကဆီကိုနှင့် ကင်မရွန်း၊ ချီလီနှင့် သြစတြေးလျပွဲတွေကလည်း အကြိတ်အနယ် ပွဲကောင်းတွေဖြစ် လာဖို့ သေချာနေသည်။

အုပ်စု(ခ)မှ ဒုတိယရသောအသင်းမှာ အုပ်စု(က)တွင် ပထမရနိုင်သော အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်မို့ စပိန်နှင့် နယ်သာလန်ပွဲက အရှုံး၊ အနိုင်ကွဲပြားအောင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကျမည့် ပွဲမျိုးဖြစ်လာမည်ဖြစ်ပြီး ဘောလုံးရသ ပေးစွမ်းနိုင်မယ့် ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် စပိန် နှင့် နယ်သာလန်တို့ပဲ ရွေးချယ်ထားလိုက်ပြီး မည်သည်အသင်း အောင်ပွဲခံသွားမည် လဲဆိုတာ ကြိုတင်ခံစားကြည့်ထားပါသည်။

စပိန်
စပိန်အသင်း ဥရောပအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီး ၃ ရပ်တွင် ၃ ကြိမ်ဆက် ဗိုလ်စွဲ ခဲ့ရာတွင် ယူရိုချန်ပီယံစပိန်အသင်းကို အာရာဂိုးနက်က ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ ဖလားချန်ပီယံ၊ ၂၀၁၂ ယူရိုချန်ပီယံစပိန်အသင်းကြီးကိုမူ ဒယ်ဘော့စကေးက ကိုင် တွယ်ခဲ့သည်။ ပြီးခဲ့သော ယူရိုပြိုင်ပွဲတွင် စပိန်ဗိုလ်စွဲခဲ့ခြင်းမှာ နည်းပြကြီး ဒယ်ဘော့စ ကေး ကြောင့် ဟု ဆိုနိုင်သည်။

စပိန်နည်းပြ ဒယ်ဘော့စကေးသည် အဓိက ဗဟို နောက်ခံလူ ပူယိုးလ် မပါဝင်နိုင်သည့် လစ်ဟာမှုနှင့် အဓိက တိုက်စစ်မှူး ဒေးဗစ်ဗီ လာ မပါဘဲ တောရက်စ် ရုန်းကန်နေရသည့် လစ်ဟာမှုတို့ကို အကောင်းဆုံးဖာထေး ပေးနိုင်မည့် နည်းလမ်း ရှာဖွေတွေ့ရှိခဲ့သည်။

နည်းလမ်းကတော့ စပိန်ကွင်းလယ်ကို ပင်မထားပြီး ဘာစီလိုနာ၏ ဘောလုံးဖြတ်ဟန်နှင့် ခံစစ်ကို အားဖြည့်စေသည်။ တိုက် စစ်ကိုလည်း ကွင်းလယ်ကစားကွက်တွေနှင့် ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ဖာဘရီဂတ်စ်၊ အလွန်ဆို၊ ဘက်စ်စကွက် ၊ အင်နီယေစတာ၊ ပက်ဒရို၊ ဆေးလ်ဗားတို့မှာ တိုက်စစ်မှူး များလို စွမ်းရည်တွေ ရှိနေသည်ဆိုတာကို စပိန်အသင်းနှင့် တစ်သားတည်းဖြစ်နေ သော ဒယ်ဘော့စကေးက ကောင်းကောင်းသိထားပြီး ရဲရဲရင့်ရင့် ဆုံးဖြတ်လုပ်ကိုင်ခဲ့ ၍ စပိန်အားသာချက်ဘာလဲဆိုတာ ဝေဖန်သူများေ၀၀ါးသွားခဲ့ရသည်။

၎-၃-၃ ကစားကွက်ပုံစံအရ စပိန်အသင်းထံ၌ နေရာလိုက်ကစားသမား စုဖွဲ့မှုအားက လိုအပ်တာထက် ပိုလျှံနေသည်ဟု ဆိုနိုင်သည်။ ၀ါရင့် ခံစစ်မှူး ပူယိုးလ် အနားယူ သွားပြီဖြစ်သော်လည်း ဂျူအန်ဖရန်၊ ရာမို့စ်၊ ပီကေး၊ အဲလ်ဘာတို့နှင့် ကာရံမည့် ခံစစ် ကြောင်းက ပို၍ပင် လုံခြုံလာလိမ့်ဦးမည်ဖြစ်သည်။ ကွင်းလယ် ၃ ယောက်တန်းတွင် အမြဲတွဲကစားနေကြ ဘက်စကွက်ဇ်၊ အလွန်ဆို၊ ဇာဗီတို့အပြင် မာတာ၊ အယ်လန်မူ ရာ၊ ဖာဘရီဂတ်စ်၊ ကာဇိုလာတို့လို ကစားသမားကောင်းတွေ ရှိနေသည်။ အထောင် တိုက်စစ်မှူးအဖြစ် ဗီလာ၊ တောရက်၊ ကော်စတာတို့ရှိနေပြီး ဆေးလ်ဗား၊ အင်နီယေ စတာ၊ ပီဒရိုတို့လို ထက်မြက်သည့် တောင်ပံတိုက်စစ်သမားတွေလည်း ရှိနေ၍ စပိန် အသင်းကစားကွက်နှင့် ကစားသမားအခင်းအကျင်းက ပြေပြစ်မျှတ လွန်းနေသည်။

ထို့အပြင် စပိန်အသင်း၏ ခံစစ်ကစားဟန်ကလည်း ပရိသတ်များ သိနှင့်ပြီးသိအတိုင်း တွဲလုံးများဖြင့် ဘောလုံးပိုင်ဆိုင်မှုအသားပေး ပုံစံမျိုးရှိနေ၍ မည်သည့်ပြိုင်ဘက်များ နှင့် တွေ့တွေ့ စပိန်တို့ ကစားကွက်အသာစီးဖြင့် ဖိကစားနိုင်မှာ သေချာသည်။ ယခုပွဲ တွင် အနိုင်ရပြီး အုပ်စုပထမနေရာရမှ အိမ်ရှင်ဘရာဇီးနှင့် ရှောင်လွဲနိုင်မည်မို့ စပိန်တို့ သရေရအောင် ထိန်းကစားနေမည်မဟုတ်ဘဲ လူစုံထုတ်၊ တိုက်စစ်ဖွင့်ပြီး အနိုင် ၃ မှတ်ရအောင် ကြိုးစားလိမ့်မည်ဖြစ်သည်။

နယ်သာလန်
နယ်သာလန်သည်လည်း ဥရောပ ထိပ်သီးအသင်းတစ်သင်းဟု ပြောနိုင်ပြီး သူတို့ စွမ်းဆောင်နိုင်ခဲ့သော ရလဒ်များကို ကြည့်လျှင် လွန်စွာမှ အထင်ကြီးစရာ ကောင်းခဲ့ သည်။ အထူးသဖြင့် ခြေစစ်ပွဲများတွင် အထူးခြေစွမ်း ပြတတ်သော အသင်းမျိုးဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယူရို ၂၀၁၂ ခြေစစ်ပွဲကစားတော့လည်း နိုင်ပွဲတွေ ဆက်တိုက် ရယူခဲ့ပြီး ပထမဆုံးခြေစစ်ပွဲအောင် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ခြေစစ်ပွဲများ၌ နယ်သာလန်အသင်း တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နည်းပြ ဗန်ဟား လက်ထက် နယ်သာလန်လူစာရင်းကတော့ ယခင်ကလောက် တောင့်တင်းမှု မရှိတော့ပေ။ မာမာထန်ထန် ကစားတတ်သည့် ဘွန်မဲလ် အနားယူ သွားသလို ရှနိုက်ဒါ၊ ဒီဂျောင်တို့ကလည်း အသက်အရွယ်ကြောင့် အကျဘက် ရောက်သွားခဲ့ကြပြီဖြစ်သည်။ သို့ရာတွင် ဗန်ပါစီနှင့် ရော်ဘင်တို့မှာ ထိပ်တန်းအဆင့် ခြေစွမ်းမျိုး ထိန်းထားနိုင်ဆဲဖြစ်သည်။

စထရွတ်မန်း၊ ဂွဇ်မန်း၊ လန်းစ်၊ တို့လို ခြေစွမ်းထက် လူငယ်များ ပေါ်ထွက်ခဲ့၍လည်း နယ်သာလန်အသင်း စွမ်းဆောင်ရည် က ဆက်ပြီး ကောင်းမွန်ခဲ့သည်။ ထို့ပြင် မန်ယူနည်းပြ ဗန်ဟားကလည်း ပြိုင်ဘက် ကို ရင်ဆိုင်ရမည့် နည်းလမ်းကောင်းများ ကျွမ်းကျင်သူဖြစ်သည့် အချက်ကလည်း နယ်သာလန်၏ စွမ်းဆောင်ရည်ကို ပိုပြီး ကောင်းမွန်သွားစေခဲ့သည်။ ယခုပွဲတွင် လည်း နည်းပြဗန်ဟားလ်မှာ စပိန်ကို ရင်ဆိုင်ဖို့ ၅-၃-၂ ကစားကွက်ဖြင့် ခံစစ်မှူး ၅ ဦး အသုံးပြုမည်ဟု ဆိုထားသည်။ ဗန်ဟားလ် အသုံးပြုမည့် ၅-၃-၂ ကစားကွက်ပုံစံဖြင့် စပိန်ကို သရေခံကစားနိုင်မလားဆိုတာ စောင့်ကြည့်ရဦး မည်ဖြစ်သည်။

ကောက်ချက်
စပိန်နှင့် နယ်သာလန်မှာ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး တောရက် ၏ တစ်ဂိုးတည်းသောဂိုးဖြင့် ဗိုလ်စွဲခဲ့သည်။ လက်ရှိအချိန်တွင် စပိန်အသင်း၏ လက်ရှိလူစာရင်းက ပိုပြီး တောင့်တင်းလာသည်ဟု ပြောနိုင်ပြီး နယ်သာလန် လူစာ ရင်းကတော့ တော်တော်များများ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ဗန်ပါစီ၊ ရော်ဘင်၊ ရှနိုက်ဒါ၊ ဒီဂျောင်တို့မှ လွဲ၍ ကျန်ကစားသမားများက လူငယ်များနှင့် အတွေ့အကြုံ နည်းပါးသူတွေဖြစ်နေသည်။ နယ်သာလန် ခံစစ်အားပြု ကစားလိမ့်မည်ဖြစ် သော်လည်း စပိန် ထိုးစစ်ကို ပွဲချိန်ပြည့် ထိန်းချုပ်နိုင်မည်ဟု မထင်မိသည့်အတွက် အနိုင်ရရုံမျှဖြင့် အပြည့်နီးပါး ပျော်ရွှင်ခွင့်ရဦးမည့်  စပိန်ကို ရဲဝံ့ယုံကြည်စွာ ရွေးချယ် လိုက်သင့်သည်။

Mizzima Sport News

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး အသုံးပြုမယ့် ဂိုးလိုင်းနည်းပညာ


အောင်ငြိမ်းသွေး
ဇွန် ၁၃

ယနေ့ညမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခက်အခဲတွေအများကြီး ကြားထဲကနေပဲ ပြိုင်ပွဲကြီး စတင် ကျင်းပတော့မှာပါ။ ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးတွေကထက် ပိုမိုစိတ်ဝင်စားစရာကောင်းတာကတော့ အမှန်ပါပဲ။ အဖက်ဖက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားကြလို့ အောင်မြင်တဲ့ ပြိုင်ပွဲကြီးတစ်ခု ဖြစ်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒီနှစ်ပြိုင်ပွဲကြီးမှာ ပထမဆုံး အသုံးပြုမယ့် အရာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေကတော့ မှုတ်ဆေးဗူးနဲ့ ဂိုးလိုင်းနည်းပညာ ဖြစ်ပါတယ်။ မှုတ်ဆေးဗူး အကြောင်းကို မဇ္ဈိမ သတင်းစာမှာ ဖော်ပြခဲ့ပြီး ဖြစ်လို့ အခု ဂိုးလိုင်းနည်းပညာအကြောင်းကို ဆက်လက် မိတ်ဆက်ပေးချင်ပါတယ်။

ဂိုးလိုင်းနည်းပညာနဲ့ မိတ်ဆက်မပေးခင် ပထမဆုံးအနေနဲ့ ဂိုးလိုင်းနည်းပညာ ပေါ်ပေါက်လာရတဲ့ အကြောင်းကို ရှင်းပြချင်ပါတယ်။
ဘောလုံးလောကမှာခေတ်မီနည်းပညာတွေကို မိတ်ဆက်သင့်ပြီလို့ စတင်အသံထွက်လာခဲ့တာက ၂၀၀၀ ပြည့် နှစ်က ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲစဉ်မှာ ဖြစ်ပါတယ်။



ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ အိမ်ရှင်နိုက်ဂျီးရီးယားကစားသမား အိုင်ပီဘာရဲ့ကန်ချက် ဘားတန်းနဲ့ထိ၊ ဂိုးထဲဝင်ပြီး ပြန်ထွက်လာတာကို ဒိုင်လူကြီးက မဂိုးဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ရုပ်သံအနှေးပြကွက်မှာ ပြန်ကြည့်တဲ့အခါမှာတော့ ဂိုးဝင်ခဲ့ပါတယ်။ ဒါနဲ့ပဲ နိုက်ဂျီးရီးယားအသင်းလည်း ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံဆုဖလားကြီးကို လက်လွှတ်လိုက်ရပါတယ်။ အာဖရိကနိုင်ငံတွေရဲ့ မီဒီယာအင်အားနည်းပါးမှုနဲ့ ပရိသတ် စိတ်ဝင်စားမှုနည်းတဲ့ အာဖရိကဖလားပြိုင်ပွဲကြောင့် တိုးတိုးတိတ်တိတ်နဲ့ပဲ ဒီကိစ္စ အဆုံးသတ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၀၅ ခုနှစ်မှာ ဂိုးလိုင်းနည်းပညာနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ မန်ယူနဲ့ စပါးတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာပါ။ စပါးကစားသမား မန်ဒက်စ်ရဲ့ ၅၅ ကိုက်အကွာက ကန်သွင်းချက် ဂိုးစည်းကျော်သွား ချိန်မှာ မန်ယူဂိုးသမား ကာရိုးလ်က ပုတ်ထုတ်ကာကွယ်သွားခဲ့တာ ရှင်းရှင်းလင်းလင်းကြီးဖြစ်ပေမယ့် ဒိုင်လူကြီးနဲ့ စည်းကြပ်ဒိုင်နှစ်ဦးစလုံးက ဂိုးမပေးခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလန်လို မီဒီယာအင်အားကောင်းတဲ့ နိုင်ငံမှာ ဖြစ်ပျက် ခဲ့လို့ ဟိုးလေးတကျော် ဖြစ်ခဲ့ရပေမယ့် အဲ့ဒီအချိန်အထိ ပြုပြင် ပြောင်းလဲဖို့ ပြင်းပြတဲ့ စိတ်ဝင်စားမှုမျိုး မဖြစ်ပျက်ခဲ့သေးပါဘူး။

ဘောလုံးလောကတစ်ခုလုံးကို ပြောင်းလဲစေမယ့် အဖြစ်အပျက်ကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီတို့ တွေ့ဆုံခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်ကစားသမား လမ်းပတ်ရဲ့ကန်ချက် ဂိုးဝင်သွားခဲ့ပေမယ့် ဒိုင်လူကြီးက မဂိုးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော့ ဘောလုံးလောကအတွင်း ကျင်လည်နေသူ အများစုက ဘောလုံးပြိုင်ပွဲတွေမှာ နည်းပညာလိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့ကြပြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖီဖာဥက္ကဋ္ဌဘလတ္တာလည်း လမ်းပတ်ရဲ့ ဂိုးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ဂိုးလိုင်းနည်းပညာအသုံးပြုဖို့ လုံးဝ စိတ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ဒါကို သူကိုယ်တိုင်လည်း ၀န်ခံခဲ့ပါတယ်။ ဘလတ္တာ က“လမ်းပတ်ရဲ့ ဂိုးက ကျွန်တော့ရဲ့စိတ်ကို အလုံးစုံ ပြောင်းလဲပေးခဲ့ပါတယ်။ လမ်းပတ်ကို ကျေးဇူးတင်ပါတယ်။ ဒီဖြစ်ရပ်ကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းကို တုန်လှုပ်သွားခဲ့တာပါ။ ဒါကြောင့် ဂိုးလိုင်းနည်းပညာကို ထပ်မံ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဖီဖာက ဂိုးလိုင်းနည်းပညာအတွက် တင်ဒါခေါ်ယူခဲ့ပါတယ်။ နည်းပညာပေါင်း ၉ ခု စမ်းသပ်အသုံးပြုခဲ့ပေမယ့် ၂ ခုကိုသာရွေးချယ်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်မှာ ဂျာမန်ကုမ္ပဏီ GoalControl က ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
GoalControl ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူက Dirk Broichhausen ဆိုသူဖြစ်ပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အငြင်းပွားမှုတွေကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်တစ်ရက်မှာပဲ သူ့ရဲ့တီထွင်မှုကို စတင်ခဲ့တာ ဖြစ် ပါတယ်။ သူ့ရဲ့တီထွင်မှုကနေစတင်ပြီး အခြားအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းကာ ယခုဂိုးလိုင်းနည်းပညာကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

Broichhausen ကတော့ သူ့ရဲ့နည်းပညာဟာ ဘောလုံးလောကရဲ့အနာဂတ်လို့ ရည်ညွှန်းခဲ့ပါတယ်။ သူ့ရဲ့နည်းပညာက ရိုးရှင်းပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ အနှောက်ပေးခြင်းမရှိဘဲ အကူအညီသာ ပေးလိမ့်မယ်လို့ ဆိုထားပါ တယ်။ ဘရာဇီးက ကွင်း ၁၂ ကွင်းမှာ ဂိုးလိုင်းနည်းပညာအသုံးပြုဖို့အတွက် ကုန်ကျစရိတ်က ကန်ဒေါ်လာ ၃.၅ သန်းသာ ရှိခဲ့ပါတယ်။

ဂိုးလိုင်းနည်းပညာဆိုတာဘာလဲ။ ရှင်းပါတယ်။ ဂိုးစည်းကို ဘောလုံးကျော်၊ မကျော် ဆုံးဖြတ်ပေးတဲ့ ပစ္စည်း ကိရိယာဖြစ်ပါတယ်။ ဒါကအလွယ်ပြောတာပါ။ GoalControl ကမိတ်ဆက်လာတဲ့ နောက်ဆုံးပေါ်ဂိုးလိုင်းနည်းပညာမှာ အခြေခံအကျဆုံးနဲ့ အဓိက မဖြစ်မနေပါဝင်ရမယ့်အရာတွေက မြန်နှုန်းမြင့် အဆင့်မြင့် ကင်မရာ ၁၄ လုံး၊ ဘောလုံးတစ်လုံးဂိုးစည်းကို ကျော်မကျော် ပုံရိပ်ဖမ်းယူမယ့် ကိရိယာ ၁၄ ခု(ဂိုးတိုင်တစ်တိုင် ၇ ခုစီ)၊ ထိုအရာတွေနဲ့ ချိတ်ဆက်ထားမယ့် ကွန်ပျူတာ တစ်လုံး၊ ဒိုင်လူကြီးသုံးဦးအတွက် ဂိုးမဂိုး အချက်ပြမယ့် နာရီသုံးလုံးတို့ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရဲ့အားသာချက်က တိကျ၊ မြန်ဆန်၊ မှန်ကန်မှုနဲ့ ကုန်ကျစရိတ်သက်သာမှုပဲဖြစ်ပါတယ်။

ကင်မရာ ၁၄ လုံးဟာ တစ်စက္ကန့်အတွင်းမှာ ပုံရိပ်ပေါင်း ၅၀၀ ကို ဖမ်းယူထားနိုင်ပါတယ်။ ဂိုးစည်းကျော်၊ မကျော် ဆုံးဖြတ်ပေးမယ့် ကိရိယာလေးတွေကလည်း အလွန်ကို တိကျပါတယ်။ ဂိုးစည်းထဲဘောလုံးကိုယ်ထည်တစ်ခုလုံး ၀င်သွားမှ အချက်ပြမှာ ဖြစ်ပါတယ်။ ဘောလုံးက စည်းပေါ်မှာ ၀.၅ စင်တီမီတာ၊ လက်မရဲ့ လေးပုံတစ်ပုံလောက်ရှိနေရင်တောင် လုံးဝ အချက်ပြမှာ မဟုတ်ပါဘူး။ ဘောလုံးဂိုးစည်းကျော်သွားပြီဆိုတာရင်တော့ တစ်စက္ကန့်အတွင်းမှာပဲ ဒိုင်လူကြီးတွေရဲ့ လက်ပေါ်ကနာရီမှာ Goal ဆိုတဲ့ စာတန်းနဲ့အတူ တုန်ခါမှုကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးမစတင်မီ အကြိမ်ပေါင်း ၂၄၀၀ လောက်စမ်းသပ်ခဲ့ရာ မှာ တစ်ကြိမ်မှ အမှားအယွင်းမရှိခဲ့ပါဘူး။ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့ရာမှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘရာဇီးက ဘောလုံးပြိုင်ကွင်း ၁၂ ကွင်းစလုံးမှာ ကိရိယာတွေ အစုံအလင် တပ်ဆင်ထားပြီးပါပြီ။

Mizzima Sport News

ကျပ်ငွေ ၁၂ ဘီလီယံကျော် အသုံးပြုခဲ့သော်လည်း ရန်ကုန်တွင်ရေလျှံ


ရန်ကုန်မြို့ပြည်လမ်းမတွင် ကားလမ်းပိတ်ဆို့နေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)


ရန်ကုန်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကျပ်ငွေ ၁၂ ဘီလီယံကျော် အကုန်အကျ ခံ ဆောင်ရွက်နေကြောင်း အစိုးရ က ကြေညာထားသော်လည်း ဇွန် လ ၁၂ ရက် နံနက်က ရွာသွန်းခဲ့ သည့် မိုးကြောင့် ရန်ကုန်မြို့အနှံ့ ရေနစ်မြုပ်ခဲ့သည်။
ရေကြီးရေမြုပ်မှုများကြောင့် လမ်းများပိတ်ဆို့ခြင်း၊ လူနေရပ် ကွက်အချို့တွင် ရေများလွှမ်းသွား ခြင်း၊ စာသင်ကျောင်းအချို့ ပိတ် ခဲ့ရခြင်း၊ ဘတ်စ်ကား၊ မီးရထား ကဲ့သို့သော သယ်ယူပို့ဆောင်ရေး စနစ်များ နှောင့်နှေးရပ်တန့်သွား ခြင်းတို့ ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၂ ရက် နံနက်အစောပိုင်းကတည်းက သဲသဲမဲမဲ ရွာသွန်းခဲ့သော မိုးသည် ရုံးတက် ချိန် နံနက် ၈ နာရီခန့်အထိ ဆက် လက် ရွာသွန်းနေသောကြောင့် ရန်ကုန်မြို့လူနေရပ်ကွက်များ၊ လမ်းမများပေါ်တွင် ရေများဖုံး လွှမ်းနေခဲ့သည်။

အမှိုက်သရိုက်များနှင့် မိုးရေ များ ဖုံးလွှမ်းနေသည့် ရန်ကုန်မြို့ ၏ လမ်းမများထက်တွင် ထောင် နှင့်ချီသည့် မော်တော်ယာဉ်များ  ပိတ်မိခဲ့ရသည်။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် တက္ကစီများနှင့် ဘတ်စ်ကားလိုင်းအချို့ ပြေးဆွဲမှု ကို ရပ်တန့်လိုက်၍မြို့တွင်းခရီး သွားများ အခက်အခဲကြုံတွေ့ခဲ့ရ သည်။

‘‘ခဝဲခြံမှတ်တိုင်ကနေ စပိတ် တာ မြို့ထဲ စံပြရောက်မှပဲ ကား လမ်းက ပွင့်တော့တယ်။ အရင် နာရီဝက်လောက်သွားရတဲ့ ခရီးက အခုသုံးနာရီလောက်ကြာတယ်’’ဟု ဗိုလ်တထောင်စေတီတော်မှ လှိုင်သာယာနှင့် ရွှေပြည်သာတို့သို့ပြေးဆွဲနေသည့် ၁၂၄ ယာဉ်လိုင်းမှယာဉ်မောင်းတစ်ဦးက ပြောသည်။

ရုံးတက်ချိန်၌ လမ်းမများ ပေါ် တွင် ဘတ်စ်ကားများလည်း ပိတ်မိနေသည့်အပြင် တက္ကစီများနှင့် ဘတ်စ်ကားလိုင်းအချို့ ပြေးဆွဲ မှု ရပ်တန့်လိုက်သောကြောင့် မှတ် တိုင်များတွင် လူများပြည့်နှက်လျက်ရှိသည်။

ယခင်နေ့များက ကားများ တိုးမပေါက်အောင် ပိတ်ဆို့နေ သည့် ရန်ကုန်မြို့တွင်း ဆူးလေနှင့် အနီးတစ်ဝိုက်တွင်မူ ကားများ ရှင်းလင်းလျက်ရှိပြီး အငှားယာဉ် နှင့် ဘတ်စ်ကားများ နည်းပါးမှု ကြောင့် ရုံးဆင်း၊ ရုံးတက်သူများ သွားလာရေး အခက်အခဲဖြစ် လျက်ရှိသည်။

‘‘လိုင်းကားကရှားလွန်းလို့ တက္ကစီငှားတာတောင် တောင် ဥက္ကလာဘက်ဆို ဘယ်သူမှ မလိုက်ကြဘူး’’ဟု ဆူးလေမှတ် တိုင်မှ တောင်ဥက္ကလာပသို့ သွားမည့် ကုမ္ပဏီဝန်ထမ်း ဒေါ်အေး အေးမော်က ပြောသည်။

အလားတူ မြို့ပတ်ရထားလမ်းနေရာအချို့တွင်  ရေကျော် ခဲ့ခြင်းကြောင့် ရထားအချိန်များသည်လည်း သတ်မှတ်ချိန်ထက် အနည်းငယ် နောက်ကျ ပြေးဆွဲခဲ့ရကြောင်း ရထားစီးခရီးသည်များက ပြောသည်။ ရထားလမ်းများတွင် ရေကျော်မှုများ ဖြစ်ပွားနေသော်လည်းရထားခရီးစဉ်များကို ပုံမှန် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ကျ အရာရှိကပြောသည်။

မိုးရေနစ်မြုပ်မှုကြောင့် စာ သင်ကျောင်းအချို့လည်း ယာယီ ပိတ်ခဲ့ရပြီး ကျောင်းသားများကို သတ်မှတ်ချိန်ထက် စောကာ ကျောင်းဆင်းပေးခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လှိုင်မြို့နယ် အလက(၇)ကျောင်းများအတွင်း ရေကြီးရေ လျှံခဲ့ပြီး ရေဝင်သော အခန်းများ မှ ကျောင်းသူ၊ ကျောင်းသားများ ကို နေအိမ်သို့ ပြန်လွှတ်ခဲ့ရကာ နေ့တစ်ဝက်လာတက်မည့် သူငယ်တန်းမှ ဒုတိယတန်းအထိကျောင်း ပိတ်လိုက်ရကြောင်း တာဝန်ကျ ဆရာမတစ်ဦးက ပြောသည်။

‘‘အခန်းထဲအထိ ရေတွေဝင် လာတယ်။ နှစ်တိုင်း ရေကြီးပေ မယ့် အဲဒီလောက်မဆိုးဘူး။ အ ခန်းတံခါးတွေ ပိတ်ပြီး စာသင်နေ တာတောင် ရေတွေက အပေါက် ကနေ တိုးဝင်လာတာ။ မြွေပါး ကင်းပါးလည်းစိုးရိမ်တယ်။ မနက် က နေ့လယ် ၁၂ နာရီအထိ ကျောင်းတက်တဲ့ ငါးတန်း၊ ခြောက်တန်း ကျောင်းသူ၊ ကျောင်းသားတွေကို စာမသင်နိုင်ဘဲ ထားလိုက်ရ တယ်။ နေ့ခင်းလာတက်မယ့် သူ ငယ်တန်းက နှစ်တန်းကိုတော့ ပိတ်လိုက်ရတယ်’’ဟု အလက(၇)ကျောင်းမှ တာဝန်ကျဆရာမတစ် ဦးက ပြောသည်။

အလားတူ သာကေတမြို့ နယ် ၁/အနော်မာရပ်ကွက်ရှိ အမက(၁၇)ကျောင်း၊ ၃/ရန်ပြေ ရပ်ကွက်ရှိ အမက(၃၉)ကျောင်း၊ လှိုင်သာယာမြို့နယ် (၂၀)ရပ် ကွက်ရှိ အလက(၈)ကျောင်းနှင့် အမှတ်(၁၈)ရပ်ကွက်ရှိ အလက (၁၂)ကျောင်းများတွင် စာသင်ခန်းများအတွင်းသို့ ရေအနည်းငယ် ဝင်ရောက်ခဲ့သဖြင့် စာသင်ချိန် နေ့တစ်ဝက်ခန့် သင်ကြားခဲ့ပြီး အချိန် စော၍ ကျောင်းဆင်းပေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။ အလားတူ မြို့နယ် ရှစ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း ၃၂ ကျောင်းအား ယာယီပိတ်လိုက်ရကြောင်း သိရ သည်။

မိုးမကျမီ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်ခဲ့သော် လည်း အမှန်တကယ် မိုးရွာသွန်း သောအခါ လူနေရပ်ကွက်အချို့ တွင် ရေများနစ်မြုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ (၁၀၆)ရပ်ကွက်တွင် ရေအ နက်လေးပေခန့်အထိ မြင့်တက်ခဲ့ ရာ ယင်းရပ်ကွက်ရှိ နေအိမ် (၅၀) လုံးမှာ ကြမ်းခင်းများ နစ်မြုပ်ခဲ့ ကြောင်း၊ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်တွင် ရေအမြင့်နှစ်ပေခန့် အထိ မြင့်တက်ခဲ့ရာ အိမ်ခြေ  ၁၈၀မှာ ရေဝင်ပြီး နစ်မြုပ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အထပ်မြင့်အဆောက်အအုံ အများအပြားတည်ရှိရာ တာမွေမြို့နယ်တွင်လည်း မြေညီထပ်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။ တာမွေနှင့် မြို့တွင်းဆက်သွယ်ထားသည့် အဓိက လမ်းများပေါ်တွင် ရေများဝင်ရောက်နေမှု ကြောင့် လမ်းများပိတ်ဆို့လျက်ရှိ သည်။

‘‘မြေညီထပ်တွေက ရေတွေ ဝင်လို့ အရေးပေါ်ကာတာတွေ လုပ်နေရတယ်။ အဓိက,ကတော့ လမ်းတွေကို ရေဝင်ရေထွက် ပေါက်မပေးဘဲ ကွန်ကရစ်ခင်း လိုက်လို့ ထင်တယ်။ လမ်းက ကောင်းသွားပေမယ့် ရေက မဆင်းတော့ဘူး’’ဟု တာမွေကျောက် မြောင်းကျားကွက်သစ်ရပ်ကွက် နေ ဦးအောင်ကျော်ကျော်က ပြောသည်။

တာမွေမြို့နယ်အတွင်း အ ချက်အချာကျသည့် သမိန်ဗရမ်း လမ်းမပေါ်နှင့် တာမွေအဝိုင်းထိပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာအနီးတွင်လည်း ရေများ ခါးလယ်ခန့်အထိ ရောက်ရှိခဲ့ သည်။ရန်ကုန်မြို့တွင်း လမ်းမများ သာမက မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့နယ်များတွင်လည်း လူနေရပ်ကွက်များ၊ လမ်းမများပေါ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။

‘‘မြောက်ဥက္ကလာကို သွား တဲ့လမ်းတစ်လျှောက် ကားတန်း က ပိတ်နေတာ အောင်မင်္ဂလာ အဝေးပြေးကနေ ခရီးသွားမယ့်သူ တွေ ဘယ်လိုမှအဆင်မပြေဘူး။ ကားလွတ်သွားတဲ့သူတွေလည်း ရှိတယ်’’ဟု အငှားယာဉ်မောင်း ဦး မျိုးအောင်က ပြောသည်။

ရန်ကုန်-ပြည်လမ်းမ တစ် လျှောက်တွင်လည်း ရှစ်မိုင်လမ်း ဆုံမှ မြို့တွင်းအထိ ရာနှင့်ချီသော ကားများ လမ်းမများပေါ်တွင် ပိတ်ဆို့နေခဲ့သည်။ မော်တော်ယာဉ် များသည် ပြည်လမ်းမပေါ်တွင် ရှစ်မိုင်မီးပွိုင့်၊ အေဒီလမ်းမီးပွိုင့် တစ်လျှောက်ကားများသွား မရ အောင် ပိတ်ဆို့နေခဲ့သည်။ အ သစ် တည်ဆောက်ထားသည့် လှည်းတန်းခုံးကျော်တံတားပေါ် တွင်လည်း ယာဉ်ပိတ်ဆို့မှုများ ဖြစ် ပွားခဲ့ပြီး ယင်းနေရာမှ ဗိုလ်ချုပ် လမ်းနှင့် ပြည်လမ်းထောင့်အထိ သုံးမိုင်ခန့် လမ်းများပိတ်ဆို့နေခဲ့ သည်။

ရန်ကုန်-အင်းစိန်လမ်းမ တစ်လျှောက်တွင်လည်း ကားများ ပိတ်ဆို့ခဲ့သည်။ အထူးသဖြင့် သမိုင်းလမ်းဆုံတွင် ရေကြီးနေမှု ကြောင့် ခဝဲခြံမှတ်တိုင်မှ သမိုင်း လမ်းစုံအလွန်အထိ ၁၀ မိနစ်ခန့် ခရီးကို တစ်နာရီခွဲခန့်ကြာသည် အထိ ကားများပိတ်ဆို့နေကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သည့် 7Day သတင်းထောက်က သတင်း ပေးပို့သည်။

သမိုင်းလမ်းဆုံမီးပွိုင့်အနီးရှိ မြေနိမ့်ရပ်ကွက်များတွင် ရေ မြောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းပိတ်၍ ယာဉ်ကြောကျပ် တည်းမှုများ ကြုံခဲ့ရသည်။ မြို့ထဲ မှ အင်းစိန်မြို့နယ်သို့ ထွက်ခွာ မည့် အငှားယာဉ်လိုင်းများနှင့် ခရီးသည်တင်ယာဉ်များသည် ဘုရား လမ်းမီးပွိုင့် ပါရမီလမ်းအတိုင်းချိုး ၍ ဖြတ်လမ်းမှတစ်ဆင့် သွားလာ ခဲ့ရသည်။ ဗဟိုလမ်းနှင့် ပါရမီ လမ်းထောင့်ရှိ လမ်းများတွင် ဒူး ခေါင်းအထိ ရေများတက်ခဲ့ပြီး ကားများ တစ်ရွေ့ချင်းစီ ဖြည်း ဖြည်းမောင်းနှင်နေရသည်။

‘‘သမိုင်းကိုမသွားရဲဘူး။ ရေ ကြီးတာ အရမ်းများတယ်။ ကား ဘော်ဒီတွေ ရေနဲ့ထိလို့ အဲဒီနား မှာ ပျက်နေတာ အများကြီးပဲ’’ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိပြီး အဓိကလမ်းမ ကြီးတစ်ခုဖြစ်သည့် သစ္စာလမ်းမ ပေါ်တွင် သုံးပေကျော်ခန့်အထိ ရေတက်နေ၍ လူများနှင့် မော် တော်ယာဉ်များ ခက်ခဲစွာသွားလာနေရကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သည့် 7Day သတင်း ထောက်က သတင်းပေးပို့သည်။

ထို့အပြင် ဗဟန်းမြို့နယ် အ လယ်ရွှေဂုံတိုင်ရပ်ကွက် ခြောက် ထပ်ကြီး ရွှေသာလျောင်းဘုရား အရှေ့ဘက်မုခ်စင်္ကြံန်လမ်း အ လျား ပေ(၄၀)၊ အနံ(၁၇)ပေ၊ အ မြင့် (၁၂)ပေရှိ အင်္ဂတေလျှောက် လမ်းမှာ မြေသားအိကျသွားမှု ကြောင့် ကွဲအက်သွားပြီး စင်္ကြံန် လမ်းအနီးရှိ ကွန်ပျူတာဆိုင် နောက်ကျောနံရံမှာ ပြိုကျခဲ့ ကြောင်း၊ ရန်ကင်းမြို့နယ် (၈) ရပ်ကွက် သရဖီလမ်းနှင့် စံပယ်လမ်း ထောင့်ရှိ နေအိမ်ရှေ့တွင် ကာရံ ထားသော အရှည်ပေ(၅၀)၊ အမြင့်(၆)ပေခန့်ရှိ ခြံစည်းရိုးအုတ်တံ တိုင်းမှာ ခြံဝင်းအတွင်းဘက်သို့ ပြိုကျသွားကြောင်း၊ ယင်းသို့ ပြိုကျခဲ့မှုများကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့အနှံ့ ရေကြီးမှု များ ဖြစ်ပွားခဲ့သော်လည်း လူများ ရွှေ့ပြောင်းပေးရသည်အထိ အခြေအနေဆိုးရွားမှု မရှိကြောင်း ရေကြီးနစ်မြုပ်မှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် ရန်ကုန် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ကျအရာရှိက ပြောသည်။

အာရေဗျပင်လယ်တွင် ဖြစ် ပေါ်နေသော မုန်တိုင်းကြောင့် မုတ်သုံလေ အားကောင်းကာ မိုး သည်းထန်စွာ ရွာသွန်းနေခြင်းဖြစ် ကြောင်း၊ ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးရွာသွန်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထား သည်။

7day daily

မျိုးစောင့်ဥပဒေကိုကန့်ကွက်သော အမျိုးသမီးအချို့ ခြိမ်းခြောက်ခံရ၍ စိုးရိမ်ဟု အမေရိကန်ထုတ်ပြန်


မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေးကိုအခြေခံသော ဥပဒေကြမ်းအချို့ပြဋ္ဌာန်းရန် စီစဉ်နေခြင်းနှင့်  ဥပဒေကြမ်းများကို ကန့်ကွက်နေသည့် အမျိုး သမီးများအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုများအတွက် အမေရိကန်အစိုးရက စိုးရိမ်ကြောင်း သဘောထားကို ဇွန်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ဘာသာခြားလက်ထပ်ထိမ်းမြားခွင့်ကို ဥပဒေအရ ကန့်သတ်မှုများအပေါ် အမေရိကန်အစိုးရ က ဆန့်ကျင်ကြောင်းနှင့် အဆိုပါ ဥပဒေများကို ထုတ်ပြန်ရန်ကြိုး ပမ်းမှုမှာ လူ့အခွင့်အရေးကို လေး စားလိုက်နာမည်ဆိုသည့် မြန်မာ အစိုးရ၏လုပ်ရပ်နှင့် လွဲချော်နေ ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

  မျိုးစောင့်ဥပဒေကို ကန့် ကွက်သည့် အမျိုးသမီးအချို့အသက်အန္တရာယ်ခြိမ်းခြောက်မှုများပြုလုပ်ခံနေရခြင်းကို အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချက်က စိုးရိမ်ကြောင်း ဇွန်လ ၉ ရက် က ပြောကြားခဲ့သည်။

ထို့အပြင် ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ လူအများ၏ အမြင်နှင့်ယုံကြည်ချက်များကို လေးစားမည့်ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် မျိုးစောင့်ဥပဒေ ကို ကန့်ကွက်နေသည့် အမျိုးသမီး ရေးလှုပ်ရှားသူများထံသို့ ဖုန်းမက် ဆေ့ခ်ျမှတစ်ဆင့် လွန်လွန်ကဲကဲ ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ ကြောင်း ကန့်ကွက်သူများထဲမှ တစ်ဦးဖြစ်သူ မဇင်မာအောင်က ပြောကြားသည်။

  မြန်မာနိုင်ငံတွင် အစိုးရ၊ ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှု အသိုင်းအဝိုင်းခေါင်းဆောင်များ အနေဖြင့် လက်ရှိအခြေအနေများ ကို သတိထားကိုင်တွယ်သင့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ကြိုးပမ်းရန် အမေရိကန်အစိုး ရက တိုက်တွန်းကြောင်း ကြေညာ ချက်တွင်  ဖော်ပြထားသည်ဟု VOA သတင်းဌာနက ရေးသား ထားသည်။

  မျိုးစောင့်ဥပဒေနှင့်ပတ် သက်၍ ကန့်ကွက်သူအဖွဲ့များနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့မှုများပြုလုပ်ခဲ့သည်။

အေးသူစံ
7day daily

မြန်မာ စားသောက်ကုန်တွေမှာ မြန်မာလို အညွှန်းမပါရင် စိတ်မချရ


မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ စားသောက်ကုန်တွေနဲ့ ပြည်ပက သွင်းလာတဲ့ စားသောက်ကုန်တွေမှာ အညွှန်းကို မြန်မာဘာသာနဲ့ ဖော်ပြမထားဘူးဆိုရင် စိတ်မချရတဲ့ စားသောက်ကုန်တွေအဖြစ် သတ်မှတ်သွားမယ်လို့ မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဌာနရဲ့ တိုင်းဦးစီးမှူး ဦးတင့်ဆွေကြူးက ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့က မန္တလေးတိုင်း ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ခန်းမမှာ လုပ်တဲ့ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ မြန်မာဘာသာနဲ့ အညွှန်းတွေကို ဖော်ပြမထားတဲ့ စားသောက်ကုန်တွေကို
အရေးယူဖို့ ဥပဒေ ပြဌာန်းထားတာတော့ မရှိသေးဘူးလို့ သူက ရှင်းပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲကို တရုတ်နဲ့ ထိုင်းနိုင်ငံထဲက စားသောက်ကုန်တွေ အများအပြား ၀င်ရောက်နေပြီး မြန်မာဘာသာနဲ့ အညွှန်းတွေကို လုံးဝ ဖော်ပြမထားပါဘူး။
အများစုဟာ တရုတ်ဘာသာ၊ ထိုင်းဘာသာတွေနဲ့ပဲ ဖော်ပြထားပြီး အင်္ဂလိပ် ဘာသာနဲ့တောင် ဖော်ပြမထားတာမို့ ပြည်သူတွေ နားလည်အောင် အညွှန်းဖော်ပြမှုဆိုင်ရာ ဥပဒေစည်းမျဉ်း ရှိသင့်တယ်လို့ သူက ပြောပါတယ်။


DVB Burmese

ပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲ မြစ်ကြီးနားမြို့မှာ ပိတ်ပင်



ပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲ မြစ်ကြီးနားမြို့မှာ ပိတ်ပင်ကြောင်း
မြစ်ကြီးနားမြို.ကို ရောက်ရှိနေသော ၈၈ မျိုးဆက်မှ ကိုမာကီးမှ
Tomorrow ကို ယခုလိုပြောပြပါသည်။

" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)တို့ပူးပေါင်းကျင်းပမယ့်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးလူထုဟောပြောပွဲ
အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းဖို့မြစ်ကြီးနားမြို့ကို ဒီကနေ့၊ နေ့လည်မှာ
ရောက်ရှိပါတယ်။

မနက်ဖြန်(၁၃၊ ၆၊၂ဝ၁၄)နေ့၊ နေ့လည်မှာ၈၈မျိုးဆက်ခေါင်းဆောင်ကိုကိုကြီး
နဲ့အဖွဲ့မြစ်ကြီးနားမြို့ကို ရထားနဲ့ရောက်လာပါမယ်။ညနေ(၆း၃ဝ)မှာ
မြစ်ကြီးနားမြို့ရှိ ဒေသခံကချင်လူမှုအဖွဲ့အစည်းတွေနဲ့ ညစာစားရင်း
တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဟောပြောပွဲကို CITY PARK HOTEL မှာကျင်းပဖို့ စီစဉ်ထားပေမယ့်၊
ခွင့်ပြုချက်တင်တာ တစ်ရက်နောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
မြစ်ကြီးနားမြို့၊ရဲတပ်ဖွဲ့မှူးက ခွင့်ပြုဖို့ ငြင်းပယ်လိုက်ပါတယ်။

တရားဝင်ခွင့်ပြုချက်မရလို့ ခန်းမက မငှားရမ်းရဲတော့ဘူးဆိုရင်လည်း
ကျနော်တို့ကတော့ လမ်းမပေါ်မှာပဲဖြစ်ဖြစ်မဖြစ်ဖြစ်တဲ့နည်းနဲ့ ဟောပြောပွဲ
အစီအစဉ်ကိုဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်" လို.ပြောကြားခဲ့
ကြောင်းသတင်းရရှိပါသည်။

Tomorrow news journal

ဝမ်းဗိုက်အဆီကျစေမည့် အထူးအစားအစာများ




ဝမ်းဗိုက်အဆီကိုချဖို့ ခက်ခဲနေပါသလား။ ကိုယ်လက်ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက်အဆီများလျှော့ချရန် အထူးကောင်းသော အစားအစာများကို စားကြည့်လိုက်ပါ။

လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ကိုယ်လက်ဖောရောင်ခြင်းကိုလျော့ကျစေမည့်အပြင် သင်၏ဗိုက်သားအဆီပြင်ကိုလည်း ကျစေမည်ဖြစ်သည်။  လက်ဖက်ရည်ကြမ်းတွင် ကိုယ်ခန္ဓာရောင်ရမ်းမှုကို ကာကွယ်နိုင်သော သဘာဝ ပစ္စည်းများပါဝင်သည်။ ယင်းတွင်ပါဝင်သည့် EGCG ဟုခေါ်သော ဒြပ်ပေါင်းက ခန္ဓာကိုယ်အဆီများကို လျော့ကျစေနိုင် သည်။

အိုမီဂါ-၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သော သစ်ကြားသီး၊ နှမ်းကြတ်စေ့နှင့် အလက်စကားပြည်နယ်ထွက် ဆော်လမွန်ငါးကဲ့သို့ ငါးများကိုစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာအဆီပိုများကို လျော့ကျစေနိုင်သည်။

ကြက်သွန်ဖြူ

သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် သွေးထဲသကြားပါဝင်မှုကို ထိန်းညှိပေးသော အစားအသောက်အဖြစ် ကြက်သွန်ဖြူကိုစားပါ။ သွေးထဲသကြားပါဝင်မှုနှင့် အင်ဆူလင်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ခြင်းဖြင့် သင်၏ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုကို အမြင့်မားဆုံးဖြစ်စေမည့်ရလဒ်အနေဖြင့် ဝမ်းဗိုက်အဆီများလျော့ကျသွားမည်ဖြစ်သည်။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားကောင်းစေသည့် ခန္ဓာကိုယ်အပူထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။

ပူဒီနာရွက်

ပျားရည်တစ်ဇွန်းတွင် ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ နုပ် နုပ်စဉ်းထားသော ပူဒီနာအရွက်များကို ရေနွေးတစ်ခွက်နှင့်ရောမွှေ လိုက်ပါ။ ငါးမိနစ်ခန့်ထားပြီးနောက် ဗိုက်အဆီကျရန်သောက်သုံးနိုင် သည်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေထဲတွင် ငါးမိနစ်ခန့်စိမ်လိုက်ပါ။ ပျားရည်တစ်ဇွန်းထပ်ထည့်ပြီး နံနက်စာမစားမီနှင့် ညအိပ်ရာမဝင်မီသောက်ပါက ဗိုက်သားအဆီကို ကျစေသည်။

ဖရဲသီး

အစားအသောက်ကို အစာအိမ်က များများမတောင်းဆိုရန် ကူညီ နိုင်မည့် ရေဓာတ် ၈၂ ရာခိုင်နှုန်း ဖရဲသီးတွင်ပါဝင်သည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသည့် ဗီတာမင်စီလည်း ဖရဲသီးတွင်ပါဝင်သည်။ ကျန်းမာရေးနှင့်ညီသော ဓာတ်စာစားရန် အစီအစဉ်ရှိပါက ဖရဲသီးမှာအကျန်းမာဆုံးဖြစ်စေမည့် အစားအသောက်များအနက် တစ်မျိုးဖြစ်သည်။ နေ့လယ်စာ အဆာပြေ စားသောက်ရန်လည်း အထူးကောင်းမွန်သော အသီးဖြစ်သည်။

ပန်းသီး

ပန်းသီး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယများစွာကို တိုက်ဖျက်ရန် အကူအညီဖြစ်စေသည်။ ဝမ်းဗိုက်အဆီချရန်လည်း ကူညီနိုင်သည်။ ပန်းသီးတွင် ပိုတက်စီယမ်နှင့် ဗီတာမင်များစွာပါဝင်သဖြင့် ဗိုက်မဆာစေရန်ကူညီနိုင်သည်။ ထို့ကြောင့် သင်ဆန္ဒရှိသော ဗိုက်သားပြင်ရရှိစေရန် ပန်းသီးများကို မနက်စာအဖြစ်စားပါ။

ငှက်ပျောသီး

ပန်းသီးများကဲ့သို့ပင် ငှက်ပျောသီးများတွင် ပိုတက်စီယမ်နှင့် ဗီတာမင် များစွာပါဝင်သည်။ ငှက်ပျောသီးများစားခြင်းဖြင့် ဗိုက်ပြည့်စေမည်ဖြစ်ကာ အမြန်ပြင်အစားအစာများ စားလိုခြင်းကို ကာကွယ်ရန် ကူညီနိုင်သည်။ ထို့အပြင် ငှက်ပျောသီးမှာ ဇီဝဖြစ်ပျက်မှုနှုန်း မြင့်မားစေပြီး ဝမ်းဗိုက်အဆီကို လျော့ကျစေနိုင်သည်။

—Ref: Internet
7day daily

အရက်သောက်ခွင့် အသက်ကန့်သတ်ချက်သတ်မှတ်ရန် အစီအစဉ်မရှိဟု ပြည်ထဲရေးဒုတိယ၀န်ကြီး ပြော



အောင်သူရထွန်း| သောကြာနေ့၊ ဇွန်လ ၁၃ ရက်၊ ၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံတွင် အရက်သေစာသောက်စားခြင်း၊ အနိမ့်ဆုံး အသက်အရွယ်ကန့်သတ်ရန် လောလောဆယ် အစီအစဉ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ဖြေကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အရက်သေစာသောက်စားခြင်း၊ ရောင်းဝယ်ခြင်းနဲ့ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့်စပ်လျဉ်းပြီး ယစ်မျိုးဥပဒေနဲ့ ယစ်မျိုးနည်းဥပဒေတို့နဲ့အညီ ဆောင်ရွက်လျက်ရှိရာ အနိမ့်ဆုံးအသက်အရွယ် ကန့်သတ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါ”ဟု ၎င်းက လွှတ်တော်သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်အထိ ယစ်မျိုးဥပဒေဖြင့် အရေးယူခဲ့သော အမှုပေါင်း ၈,၄၄၃မှု၊ တရားခံပေါင်း ၈,၄၅၅ ဦး၊ ပညာပေးဟောပြောမှု အကြိမ်ပေါင်း ၅,၉၁၇ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့ရာတွင် လူငယ်များ အရက်သောက်ခွင့်အပေါ် အသက်ကန့်သတ်ချက်မရှိခြင်းကြောင့် ဆိုးကျိုးများ ပိုမို ဖြစ်ပေါ်စေခဲ့သည်ဟု အစိုးရအဖွဲ့အား မေးမြန်းခဲ့သူ ဦးဆိုင်ပေါင်းနပ်က “အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်များဟာ အရက်သုံးစွဲမှု ပိုမိုများလာတာကို တွေ့ရတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အရက်သေစာ သောက်သုံးရမယ့် အသက်ကန့်သတ်ချက် မရှိလို့ပဲ။ နောက်တစ်ခုက အလွယ်တကူဝယ်ယူလို့ ရနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံတွင် အမျိုးသားအရက်သောက်သုံးခွင့်ရမည့် အနိမ့်ဆုံးအသက်မှာ ၁၈ နှစ် သတ်မှတ်ထားပြီး ဗြိတိန်တွင် ကလေးသူငယ်များသည် အုပ်ထိန်းသူလူကြီး တစ်ဦးဦးပါမှသာ ညကိုးနာရီအထိ ဆိုင်အတွင်း ၀င်ခွင့်ပြုသော်လည်း ထမင်းစားသုံးခွင့်သာပေးထားကြောင်း သိရသည်။

ဒုတိယ၀န်ကြီးက အရက်ဆိုင်များလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းပြရာတွင် အသက် ၁၆ နှစ် မပြည့်သေးသော ကလေးများအား ၀န်ထမ်းအဖြစ် ခိုင်းစေခြင်း မပြုရ၊ ရောင်းသူ သို့မဟုတ် အကူရောင်းသူအဖြစ် အမျိုးသမီးများကို မငှားးရ၊ တစ်ဆိုင်နှင့်တစ်ဆိုင်ကြား ကိုက် ၁၀၀ ထက်မနီးရ၊ စာသင်ကျောင်းအနီးနှင့် သာသနာ့မြေအနီးတွင် အရက်ဆိုင် မဖွင့်ရ၊ လူမြင်ကွင်းတွင် အရက်ဆိုင် မဖွင့်ရ၊ အရက်ကြော်ငြာ မချိတ်ရစသည့် အချက်များစွာ ပါဝင်သော်လည်း လက်တွေ့တွင် ကိုက်ညီမှုမရှိကြောင်း ဦးဆိုင်ပေါင်းနပ်က မီဒီယာသို့ ပြောကြားခဲ့သည်။


Mizzima Burmese

စည်းကမ်းမဲ့ယာဉ်များအား Facebook မှ တစ်ဆင့် တိုင်ကြားနိုင်ပြီ



မြန်မာတစ်နိုင်ငံလုံးရှိ စည်းကမ်းမဲ့ယာဉ်များအား လူမှုကွန်ရက် facebook  မှတစ်ဆင့်တိုင်ကြားနိုင်ပြီး တစ်လအတွင်း အရေးယူပေးသွားမည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးလင်းထွတ်က ပြောသည်။ အဆိုပါ တိုင်ကြားမှုကို ယခုလမှ စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ Yangon Traffic Police ဖေ့စ်ဘွတ် စာမျက်နှာတွင် ဝင်ေ ရာက် တိုင်ကြားနိုင်ကြောင်း ၎င်းကပြောသည်။

”နှစ်ကုန်မှ အရေးယူတဲ့စနစ်မျိုး မဖြစ်ရအောင် တစ်လတစ်ခါ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း သက်ဆိုင်ရာဌာနတွေ CNG ဆိုင်တွေ ပူးပေါင်းေ ဆာင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ CNG ဆိုင်များနှင့် ညှိနှိုင်းမှုတွင် CNG  လာရောက်ထည့်မည့် ကားများသည် ရဲမှုခင်းကင်းရှင်းပြီးမှသာ CNG ထည့် ခွင့်ပြု မည့်စနစ်ကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စည်းကမ်းမဲ့ မဆင်မခြင်မောင်းနှင်မှုများကိုလည်း ယာဉ်စည်းကမ်းပုဒ်မ အပြင် သက်သေ ခိုင်လုံမှု ရှိပါ က ထောင်ကျနိုင်သည့်ပုဒ်မများဖြင့် တရားစွဲဆိုအရေး ယူနိုင်ခြင်းမျိုး ဖြစ်အောင် လုပ်ဆောင် ရန်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

”ရိုးရိုး ယာဉ်စည်းကမ်းပုဒ်မအရဆိုရင်တော့ ဒဏ်ငွေ ၁၅ဝဝ လောက်နဲ့ ပြီးမှာပါ။ မဆင်မခြင် မောင်းတဲ့အမှုဆိုရင်တော့ ပုဒ်မ ၂၇၉ စတဲ့ လူသက်သေ၊ ပစ္စည်း သက်သေ နဲ့ ထောင်ဒဏ် တစ်နှစ်လောက်အထိ ကျသွားနိုင်ပါတယ်” ဟု အရေးယူမှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်မှု၊ ရပ်နားမှုပြု သည့် ယာဉ်များ အား တိုင် ကြားနိုင်သည့်ဆိုဒ်တွင် စည်းကမ်းနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ယာဉ် တိုက်မှုဖြစ်စဉ်များ၊ မဆင်မခြင် မောင်း နှင် မှုကြောင့် ဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်များ၊ သ တင်းများ၊ အရေးယူမှုများကို CCTV မှတ်တမ်းဖြင့် ရိုက်ကူးထားမှုများကို ဖော်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့မှ သိရသည်။

PN-052

popular Journal

အဖေ့ခြေရာပူဇော်နည်း



အဖေ့ဂုဏ်ရည်

မွေးဖသည်ကား သမီးသားတို့ ကြီးပွားစေရန် ချစ်စိတ်သန်၍ ဘေးရန်ထူပြော မြစ်ရေကြောနှင့် တောင်တောမရှောင် ညဥ့်မှောင်မကင်း ခလုတ်ကျင်းနှင့် မိုးပြင်းလေကြမ်း သည်းခံစွမ်းလျက် ဘေးကျမ်းလက်နက် အသက်အန္တရာယ် အသွယ်သွယ်ကို တကယ်မရှု ဥစ္စာစုလျက် သားနုသေးငယ် သမီးမယ်တို့ ကိုယ်ဝယ်ဘေးရှင်း ရွယ်ကြီးမြင်းသော် စိုးမင်းရာဇာ ရှိန်ဝါမသေး သူဌေးသူကြွယ် ဖြစ်ဘို့ရွယ်လျက် ကြီးငယ်လုံးလ ဥဿာဟဖြင့် မွေးဖမိတာ ပြုနိုင်ပါ၍ ဓီတာပုတ္တ ရှိသမျှ၌ မိဖမေတ္တာ လွန်ကြီးပါ၏။

ဤအပိုဒ်ဖြင့် ဖခင်ဖြစ်သူက သားသမီးတို့ကို စောင့်ရှောက်လုပ်ကျွေးပုံ အဖေ့ကျေးဇူးဂုဏ်ရည်တို့ကို ပြဆိုသည်။ ဖခင်သည် သားသမီးအတွက် စီးပွားဥစ္စာရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ ရှာဖွေစုဆောင်းပြီး လုပ်ကျွေးပုံကို ဖော်ညွှန်းပြသည်။ ဤ(၂)ပိုဒ်တို့ဖြင့် မိဘနှစ်ပါးတို့က သားသမီးတို့အပေါ် မှာထားသော မေတ္တာတရားကြီးမားပုံကို သီကုံးပြသည်။

မိဘကျေးဇူးဆပ်နည်း

မိဘတို့ကိုဖြစ်စေ မိဘတို့၏ခြေရာကိုဖြစ်စေ ရှိခိုးဦးချရုံမျှနှင့်တော့ ကျေးဇူးဆပ်မှုသည် မပြည့်စုံပေ၊ သဗြဟ္မကသုတ်၊ ဗြဟ္မသုတ်တို့၌လည်း မြတ်စွာဘုရားရှင်ကိုယ်တိုင် တိုက်တွန်းညွှန်ပြထားသည့်အတိုင်း မိဘတို့အား အစားအသောက်တို့ကိုလည်း ကျွေးမွေးပေးရမည်။ အ၀တ်အထည်တို့ဖြင့်လည်း ဆင်မြန်းပေးရ မည်။ အိပ်ယာထိုင်ခင်းတို့ကိုလည်း ခင်းကျင်းပြင်ဆင်ပေးရမည်။

ရေမိုးတို့ဖြင့်လည်း ချိုးပေးရမည်။ မိဘတို့ ညောင်းညာမှုဖြစ်လျှင် ခြေဆုပ်လက်နယ် နင်းနှိပ်ပေးရမည်။ နေထိုင်မကောင်းလျှင် ဆေးဝါးလည်း ကုသပေးရပါမည်။ မိဘတို့ကကုသိုလ်ပြုနိုင်ရန်အတွက် ငွေကြေးအားဖြင့်လည်း ထောက်ပံ့ပေးကမ်းရပါမည်။

ထို့အပြင် သမစိတ္တ၀ဂ်၌ မြတ်စွာဘုရားရှင် နည်းလမ်းညွှန်ပြခဲ့သော မိဘကျေးဇူးဆပ်နည်းတို့ဖြင့်လည်း ပြုစုစောင့်ရှေက် လုပ်ကျွေးရပါမည်။ ယုံကြည်မှုသဒ္ဓါတရား၊ စောင့်ထိန်းမှု ကိုယ်ကျင့်တရား၊ စွန့်ကြဲပေးကမ်းမှု၊ စာဂတရား၊ ဆင်ခြင်သိမြင်မှု ပညာတရားအားဖြင့် ဤတရား(၄)ပါး နည်းပါးသော မိဘတို့ကို ပြည့်စုံတိုးပွားအောင် ပြုလုပ်ပေးခြင်းဖြင့်လည်း ကျေးဇူးဆပ်ရပါမည်။

မိဘခြေရာပူဇော်နည်း

ထိုအခါတွင်မူ မိဘနှစ်ပါးတို့၏ ခြေဖ၀ါး ခြေရာ လေးဖက်လုံးကိုဖြစ်စေ မိခင်၏ ဘယ်ခြေဖ၀ါးခြေရာ ဖခင်၏ ညာခြေဖ၀ါးခြေရာကိုဖြစ်စေ နနွင်းမှုန့်(သို့မဟုတ်) သင့်တော်သည့် ဆေးရောင်ဖြင့် အ၀တ်ဖြူသန့်သန့်ပေါ်တွင် ချစေရပါမည်။ ထိုမိဘတို့၏ခြေရာ ထင်ကျန်ရစ်သော အ၀တ်စကို တဘက်ဖြစ်စေ ခေါင်းအုံးဖုံး ခေါင်းအုံးစွတ်ဖြစ်စေ ပြုလုပ်ပြီး ရှိခိုးနိုင်ပေသည်။

တဘက်ဖြင့် မျက်နှာသုတ်နိုင်သလို ခေါင်းအုံးဖုံးခေါင်းအုံး စွတ်ထားသော ခေါင်းအုံးပေါ်တွင် ခေါင်းချပြီးလည်း အိပ်စက်နိုင်ပါသည်။ ခရီးသွားလာရာတွင် အဆောင်အဖြစ် ယူသွားနိုင်ပေသည်။ ရောက်လေရာ နေလေရာအရပ်မှာ မိဘတို့၏ ခြေရာတို့ကို မြင်တိုင်းမြင်တိုင်း မိဘတို့၏ မိမိအပေါ်ပြုဘူးထားသော ကျေးဇူးတွေကို သတိရပြီး ဦးချရှိခိုးနိုင်ပါသည်။ ယင်းတို့ပြုလျှင် ဘေးရန်အန္တရာယ် ကင်းဝေးနိုင်ပါသည်။ စီးပွားဥစ္စများလည်း တိုးတက်နိုင်ပေသည်။

အဖေ့ခြေရာ ရှိခိုးဂါထာ

ဝုဎိုကာရော အာလိင်္ဂေတွာ၊ စုမ္ဗိတွာ ပိယ ပုတ္တကံ
ရာဇမဇ္ဈံ သုပတိဋ္ဌံ၊ ပိတုပါဒံ နမာမဟံ။

ယောပိတာ၊ အကြင်အဖေသည်။ ၀ုဎိုကာရော သားသမီး၏ ကြီးပွားကြောင်းကို ပြုလုပ်လျှက်။ အာလိင်္ဂေတွာ၊ သားသမီး၏လည်ကိုပွေ့ဖက်ပြီး။ စုမ္ဗိတွာ၊ နမ်းရှုတ်၍။ ပိယ ပုတ္တကံ၊ ချစ်လှစွာသော သားသမီးကို။ ရာဇမဇ္ဈံ၊ မင်း မှူးမတ်တို့၏ အလယ်၌။ သုပတိဋ္ဌံ၊ ကောင်းစွာတည်စေ၏။ ပွဲလယ်တင့်စေ၏။ တဿပိတု၊ ထိုအဖေ၏။ ပါဒံ၊ ခြေအစုံ ခြေရာအစုံကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရိုသေမြတ်နိုး ရှိခိုးပါ၏။

မှတ်ချက်။ ဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသရေးသားသော အဖေ့ခြေရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

(မှတ်ချက်။ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ရေးသားသော အဖေ့ခြေရာစာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။)

MOI Webportal Myanmar

ဘရာဇီးကို ပေးခဲ့ရသည့် ပင်နယ်တီမှာ ဟာသတစ်ခုဟု ခရိုအေးရှားနည်းပြ ဝေဖန်



ဘရာဇီးနှင့်ပွဲတွင် မိမိတို့အသင်း ပင်နယ်တီပေးလိုက်ရသည့် ဒိုင်ဆုံးဖြတ်ချက်သည် ဟာသတစ်ခုဖြစ်ကြောင်း ခရိုအေးရှားနည်းပြ နစ်ကိုကိုဗက်က ဝေဖန် ပြောကြားသွားခဲ့သည်။

ဘရာဇီးက (၃-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် (၁)ဂိုးစီ သရေကျနေချိန်၌ ဂျပန်ဒိုင်လူကြီး ယူချီ နီရှီမူရာက ဘရာဇီးအသင်း အနိုင်ဂိုး ရရှိစေမည့် ပင်နယ်တီကို ကန်ခွင့်ပေးခဲ့သည်။

ဘရာဇီး တိုက်စစ်မှူး ဖရက်ဒ်သည် ခရိုအေးရှား ဗဟိုနောက်ခံ ကစားသမား ဒီယန်လော့ဗ်ယန်းနှင့် ထိမိသည် ဆိုရုံမျှ အနေအထားတွင် လဲကျသွားပြီး ယင်းကို ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပင်နယ်တီကို နေမာက အပြင်းကန်သွင်းပြီး ဘရာဇီးတို့ ဦးဆောင်ဂိုး ရရှိခဲ့သည်။

ကမ္ဘာတစ်လွှားမှ မီဒီယာများစွာက အဆိုပါ ဆုံးဖြတ်ချက်သည် အငြင်းပွားစရာ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြခဲ့သလို နည်းပြ ကိုဗက်ကမူ ဒိုင်လူကြီး နီရှီမူရာ၏ ပယ်နယ်တီ သတ်မှတ်ချက်ကို ရယ်စရာကိစ္စ တစ်ခုအဖြစ် လှောင်ပြောင်သွားခဲ့သည်။

“ဒါမျိုးကို ပင်နယ်တီလို့ သတ်မှတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘောလုံးမကစားဘဲ ဘတ်စကက်ဘောသာ ကစားသင့်တော့တယ်။ ဒီလိုအခြေအနေမျိုးကို ပြစ်ဒဏ် သတ်မှတ်တယ်ဆိုတာက စိတ်ပျက်စရာပဲ။ ဒါဟာ ကမ္ဘာ့ဖလားလို အဆင့်မျိုးက ဒိုင်လူကြီး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဒိုင်က ခုပွဲမှာ သတ်မှတ်ဆုံးဖြတ်သွားတဲ့ စည်းမျဉ်းတွေက ဘရာဇီးနဲ့ ကျွန်တော်တို့ကြားမှာ တူညီမှုမရှိဘူး”ဟု ကိုဗက်က ပြောကြားခဲ့သည်။

ကိုဗက်က အိမ်ရှင် ဘရာဇီးအသင်း၏ ပရိသတ်များသည်ပင်လျှင် ယခုဖြစ်ရပ်ကို ပင်နယ်တီအနေဖြင့် သတ်မှတ်ရန် သဘောမတူကြဟု ဆိုသည်။
“ကွင်းထဲမှာ ရှိနေသမျှ ဘယ်သူကမှ သဘောတူမှာ မဟုတ်ဘူး။ ပင်နယ်တီလို့ မြင်ကြမှာ မဟုတ်ဘူး။ ခုဆုံးဖြတ်ချက်မျိုးကို အတည်အဖြစ် ဆက်ကျင့်သုံးမယ်ဆိုရင် ပြိုင်ပွဲမှာ ပင်နယ်တီ အလုံး(၁၀၀)လောက် မြင်ရလိမ့်မယ်။ TVကနေ ဒီပွဲကို ကြည့်နေတဲ့သူ (၂.၅)ဘီလျံလောက် ရှိမယ်ထင်တယ်။ သူတို့ကလည်း ဒါဟာ ပင်နယ်တီ မဟုတ်မှန်း သိတယ်။ ဒီဆုံးဖြတ်ချက်က တကယ့်ကို ဟာသပဲ။ ဆပ်ကပ်ပွဲ ကြည့်နေရသလိုပဲ။ ဖရက်ဒ်ဟာ (၈၅) ကီလိုဂရမ်လောက် ကိုယ်အလေးချိန်ရှိတဲ့ လူထွားကြီးပါ။ ဒီလိုပုံစံနဲ့ မြေပေါ်လဲကျသွားမယ်လို့ ကျွန်တော် လုံးဝမထင်မိဘူး”ဟုလည်း ကိုဗက်က မှတ်ချက်ပြုသွားသည်။

ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီကမူ ကိုဗက်နှင့် ကွဲပြားသော ရှုထောင့်မျိုးမှ ယခုဖြစ်ရပ်ကို သုံးသပ်ခဲ့သည်။
“ဒါကို ပင်နယ်တီလို့ မမြင်နိုင်တဲ့သူ သန်းပေါင်းများစွာရှိတယ် ဟုတ်လား။ ဒိုင်လူကြီးကပဲ ဒါကို ပင်နယ်တီလို့ မြင်ခဲ့ပြီလေ။ ပြီးတော့ သူဟာ ဆုံးဖြတ်ခွင့်ရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပဲ။ ကျွန်တော်တို့ကလည်း ဒါကို ပင်နယ်တီလို့ ထင်ပါတယ်။ ဖြစ်ရပ်ကို (၁၀)ကြိမ်လောက် ကျွန်တော် ပြန်ကြည့်ပြီးပြီ။ ကျွန်တော့် အမြင်မှာတော့ ဒါဟာ ပင်နယ်တီပါပဲ”ဟု စကိုလာရီက ပြောဆိုသွားသည်။

_Ref: ESPN
7day daily

Apple ကိုယှဉ်ပြိုင်မယ့် Samsung ရဲ့ Tab S များ


Samsung ဟာ Apple ရဲ့ iPad နဲ့ iPad Air ကို ယှဉ်ပြိုင်မယ့် ကျောက်သင်ပုန်း ကွန်ပြူတာ  အသစ် နှစ်မျိုးကို မိတ်ဆက် ပြသ လိုက်ပြီ ဖြစ်ပါတယ်။


Samsung Tab S ၁၀.၅ လက်မ ဗားရှင်းနဲ့ ၈.၄ လက်မ ဗားရှင်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာနဲ့ ၃၉၉ ဒေါ်လာဆီ ကုန်ကျမှာ ဖြစ်ပါ တယ်။ နှစ်ခု စလုံးဟာ ဟာ မျက်နှာပြင် အရည်အသွေး 2,560 x 1,600 SuperAMOLED ရှိတာကြောင့် iPad ရဲ့ Retina Display ထက်တောင် resolution ပိုကောင်း နေပါတယ်။ ကင်မရာက 8.1 megapixel ရှိပါတယ်။ ရှေ့ကင်မရာ ကတော့ 2.1 MP ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့က RAM 3GB ဖြစ်ပါတယ်။ RAM 1GB, 2GB လောက်ပဲ ထုတ်နေကြတဲ့ အချိန် Samsung ရဲ့ RAM 3GB Tablet က ပိုမို ထူခြား များပြား နေခြင်း ဖြစ်ပါတယ်။

Storage က 16GB ကနေ စပြီး အစားစား ၇ှိပါတယ်။ အထူက ၀.၂၆ လက်မပဲ ရှိတာ ကြောင့် အင်မတန် ပါးတဲ့ Tablet လည်း ဖြစ်ပါတယ်။ Fingerprint reader လည်း ပါရှိ ပါတယ်။ ၁၀ လက်မ ဗားရှင်းက တစ်ပေါင်သာ လေးပြီး ၈.၄ လက်မ ဗားရှင်းက ၁၀ အောင်စသာ လေးပါတယ်။ ဒါကြောင့်မို့ ပါးပါး၊ ပေါ့ပေါ့ Tablet အမျိုးအစား များပါပဲ။

Samsung Galaxy Tab S များကို မကြာမီ ဈေးကွက် ဖြန့်ချိ တော့ မှာ ဖြစ်ကြောင်း သိ ရပါတယ်။
.
Ref: mashable
အောင်ခမ်း (www.innewsmyanmarcom)

၄၀ ရာခိုင်နှုန်းသော အမျိုးသားများမှာ ဘောလုံးပွဲကြည့်ရန် မေထုံမှုငြင်းဆန်

.
ဝေဘုန်းလူ
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်နေချိန်မှာ ချစ်သူ သို့မဟုတ် ခင်ပွန်းတွေက တီဗွီကိုသာအာရုံစိုက်နေတဲ့ ကာလကို ဗြိတိန်ကတစ်ဝှမ်းက အမျိုးသမီးတွေ ရင်ဆိုင်ရပါတော့မယ်။ ပြီးတော့ အမျိုးသား ငါးဦးအနက် နှစ်ဦးက ဘောလုံးပွဲကြည့်ဖို့အတွက် မေထုံမှုကို ငြင်းပယ်မယ်လို့ဝန်ခံထားတာကြောင့် အမျိုးသမီးတွေနဲ့ သူတို့မျှော်လင့်သလောက် အဖော်ဖြစ်သူရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံရဖို့မရှိပါဘူး။ စစ်တမ်းသစ်တစ်ခုအရ သူတို့ရဲ့အဖော်ဖြစ်သူနဲ့ မေထုံမှုပြုသည့်တိုင်အောင် ၄၂ ရာခိုင်နှုန်းသောအမျိုးသားတွေက ဘောလုံးပွဲ ကောင်းတွေကြည့်ဖို့ ကိစ္စမြန်မြန်ဖြတ်ကြတယ်လို့ ၀န်ခံခဲ့ကြပါတယ်။

အဲ…၃၇ ရာခိုင်နှုန်းကျော်ကတော့ ဆန်ဆေးရင်း မျက်နှာသစ်ကြသူတွေလို့ ဆိုရပါမယ်။ အကြောင်းက တော့ တီဗွီကြည့်လည်းကြည့်ရင်း မေထုံမှုလည်းပြုရင်း အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်တယ်လို့ ပြောကြပါ တယ်။ ၂၇ ရာခိုင်နှုန်းကျော်ကတော့ မေထုံမှုပြုနေချိန်မှာ ဘောလုံးပွဲအကြောင်း စဉ်းစားကြပါတယ်တဲ့။ ဒီနှစ် ဘောလုံးရာသီကတော့ ဘောလုံးနဲ့ လိင်ကိစ္စအကြား စိတ်ထက်သန်ပြင်းပြမှု၊ စိတ်လှုပ်ရှားမှု၊ စွမ်းဆောင်နိုင်မှု တွေနဲ့ ရှင်းလင်းစွာဆက်နွယ်နေပြီး ဟန်ဆောင်မှုတွေလည်း ရှိလာနိုင်ပါတယ်။

ဘောလုံးသမားတွေဟာ ကမ္ဘာ လုံးဆိုင်ရာ ပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေကြချိန်မှာ ဒဏ်ရာတွေအကြောင်း၊ ဟန်ဆောင်ဒိုင်ဗင်ထိုးခြင်း ဆိုတာတွေက အားလုံးနဲ့ ရင်နှီးပြီးသား လူပြောသူပြောများမယ့် အကြောင်းအရာတွေဖြစ်ပါတယ်။ ဘောလုံး ပရိသတ် ၇၀ ရာခိုင်နှုန်းနီးပါးကတော့ ဒါတွေဟာ ပြိုင်ဘက်ကိုလှည့်စားဖို့ ကြံစည်တယ်လို့ ယူဆကြပါတယ်။

အဲဒီလို ဟန်ဆောင်မှုတွေက ကွင်းထဲမှာသာမက အိပ်ခန်းထဲမှာလည်း ဖြစ်လာနိုင်စရာရှိနေပါပြီ။ သုတေသနလုပ်သူတွေက စစ်တမ်းကောက်ယူရာမှာ မေထုံကိစ္စငြင်းပယ်ဖို့ အကြောင်းပြချက်က ဖျားချင်ယောင် ဆောင်ခြင်းနဲ့ ဒဏ်ရာရတယ်ဆိုပြီး ဟန်ဆောင်ဖို့ဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။

ထိပ်ဆုံးအကြောင်းပြချက် သုံးမျိုးထဲပါနေတာက "ကျောအောင့်နေတယ်"၊ "အရမ်းပင်ပန်းနေပြီ" တို့ဖြစ်ပြီး "ခေါင်းကိုက်နေလို့"၊ "အလုပ် တွေနောက်ကျတဲ့အထိ လုပ်ခဲ့ရလို့" စတာတွေကတော့ ထိပ်ဆုံးအကြောင်းပြချက် ငါးမျိုးထဲမှာ ပါဝင်ပါတယ်။ ဒီစစ်တမ်းကိုတော့ Durex အဖွဲ့အစည်းကနေ "ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံတွင်းမှ ချစ်ကိစ္စတွေကို ဘယ်လောက် သက်ရောက်စေနိုင်မလဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ အမျိုးသား ၂၀၀၀ ထံစစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အမျိုးသားတွေအများဆုံး အကြောင်းပြကြတာကတော့
၁။ ဘောလုံးပွဲကြည့်ချင်လို့ပါ။
၂။ ကျောအောင့်နေလို့ပါ။
၃။ အရမ်းပင်ပန်းနေပြီ။
၎။ ခေါင်းကိုက်နေတယ်ကွာ။
၅။ အလုပ်တွေနောက်ကျအောင်လုပ်ခဲ့ရလို့။
၆။ အလုပ်လုပ်ဖို့ရှိတယ်။
၇။ အရက်အရမ်းမူးနေတယ်။
၈။ နောက်မှပေါ့ကွာ။
၉။ စိတ်မပါသေးဘူး။
၁၀။ မနက်စောစော အိပ်ယာထရဦးမှာ။

ရည်ညွှန်း Dailymail

Mizzima Sport News

ရင်သားကင်ဆာကို ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများ



အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိပ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။ ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

အသက်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် လေထီးခုန်ခဲ့သည့် ဂျော့ဘုရှ် (စီနီယာ)



အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျဘုရှ် (စီနီယာ)က ၎င်း၏ အသက်(၉၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အပျော်တမ်း လေထီးခုန်ချခဲ့သည်။

မိန်းရှိ ၎င်း၏ နွေရာသီ စံအိမ်အနီးတွင် ကြာသပတေးနေ့က ရဟတ်ယာဉ် တစ်စင်းပေါ်မှတစ်ဆင့် ဘုရှ်က လေထီးခုန်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ (၄၁)ဦးမြောက် သမ္မတဖြစ်ခဲ့သူ ဘုရှ်သည် အမေရိကန် စစ်တပ်၏ လေထီးတပ်ဖွဲ့ဝင် တစ်ဦးနှင့်အတူ ခန္ဓာကိုယ်ပေါ်တွင် သိုင်းကြိုးချည်နှောင်ကာ ရဟတ်ယာဉ်ပေါ်မှ ခုန်ချခဲ့သည်။

သမ္မတဟောင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဘုရှ်သည် အပြာ၊ အဖြူနှင့် အနီရောင်များ ပါရှိသည့် လေထီးဖြင့် ခုန်ချခဲ့ခြင်းဖြစ်ပြီး မြေပြင်ပေါ်သို့ ချောမောစွာ ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘုရှ်သည် လွန်ခဲ့သည့် (၅)နှစ်က မွေးနေ့တွင်လည်း အလားတူ စွန့်စားမှုမျိုး ပြုလုပ်ခဲ့ပြီး အသက်(၉၀)ပြည့်ချိန်တွင်လည်း အမှတ်တရ လေထီးခုန်ဦးမည်ဟု ကြိုတင် ကတိပြုခဲ့ဖူးသည်။

ဘုရှ်၏ ဘဝတွင် ပထမဆုံးအကြိမ် လေထီးခုန်ဖူးသည်မှာ ဒုတိယ ကမ္ဘာစစ် အတွင်းကဖြစ်ပြီး ထိုစဉ်က ပစိဖိတ် သမုဒ္ဒရာထက်တွင် ၎င်း၏လေယာဉ် ပစ်ချခံရသဖြင့် လေထီးဖြင့် ခုန်ထွက်ခဲ့ရခြင်း ဖြစ်သည်။ ကြာသပတေးနေ့က လေထီးခုန်ခြင်းမှာမူ ၎င်း၏ ဘဝတွင် အဋ္ဌမအကြိမ်မြောက် ဖြစ်လာသည်။

“မိန်းမှာ အံ့ဩကျေနပ်စရာ နေ့လေးတစ်နေ့ကို ဖြတ်သန်းခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော်က လေထီးခုန်နိုင်လောက်အောင် ကျန်းမာရေး ကောင်းနေဆဲပါ”ဟု ဘုရှ်က Twitter တွင် ရေးသားခဲ့သည်။

_Ref; People
7day daily

ကားပေါ်တက် ဆန္ဒပြသည်ဆိုသော အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်


ဓာတ်ပုံ- Yangon Traffic Police




ယမန်နေ့က ပြည်လမ်း အေဒီမီးပွိုင့်တွင် ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် သူကိုယ်တိုင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ်တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ ဝိုက်ဘာအား ဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင်ယာဉ်ပေါ်သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါးဆွဲဖွင့်ဝင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ ဟန်နီမောင်မောင်

အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ဖခင်အား ခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကို ကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌ တက်ရောက်နေထိုင်သည့် ယင်းအမျိုးသမီး၏ ဓာတ်ပုံများသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင် ရေပန်းအစားဆုံးပုံ ဖြစ်ခဲ့သည်။ ၎င်းကို ယာဉ်ကြောပိတ်သောကြောင့် ဆန္ဒပြသောသူဟု အများစုက ယူဆခဲ့ကြသည်။


7day daily