၂၀၁၄ တွင် သန်းခေါင်စာရင်းကောက်ရန် ဘင်္ဂါလီရွာများကို မြေပုံပြန်လည် ရေးဆွဲနေပြီ

ပို့စ်တင်ချိန် - 8/22/2013 11:11:00 AM


ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၂ မိနစ်

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ၏ လူဦးရေစာရင်း၊ ၎င်းတို့ လက်ရှိနေထိုင်နေသည့် တည်နေရာတို့ကို မှတ် တမ်းပြုလုပ်
နေမှုကို ရပ်ဆိုင်းထားခဲ့ရာမှ သြဂုတ် ၁၉ ရက်တွင် ဘင်္ဂါလီရွာများကို မြေပုံရေးဆွဲ မှတ်တမ်းတင်မှုကိုမူ ပြန်လည် လုပ်ဆောင်နေပြီဟု ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရန် အကြို ပြင်ဆင်သည့်အနေဖြင့် ဘင်္ဂါလီများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ခံလျက်ရှိသည့်အနက် ၎င်းတို့နေထိုင်သည့် တည်နေရာ မြေပုံရေးဆွဲခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

သို့သော် မြေပုံရေးဆွဲရာတွင် ဒုက္ခသည်စခန်းများကို ထည့်သွင်းရေးဆွဲမည်မဟုတ်ဘဲ ဘင်္ဂါလီရွာများကိုသာ ထည့်သွင်းရေးဆွဲမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမည်မျှရှိသည်ကို အတိအကျသိရှိရန် “ဆွဲတင်စစ်”စနစ်ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိ များ ခေါ်ဝေါ်သော “မြေပုံဆွဲခြင်း၊ အဆောက်အအုံပေါ် တင်ခြင်း၊ လူဦးရေစစ်ဆေးခြင်း” စနစ်ဖြင့် ကောက်ခံလျက် ရှိရာ ဘင်္ဂါလီများက အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက် စုရုံးတောင်း ဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများ လုပ်ကြသဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။

ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများက ပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်း၊ လုံခြုံရေးအစီအမံများ တိုးမြှင့်ခြင်းတို့ကို ပြုလုပ်ထားသည်ဟုလည်း စစ်တွေမြို့တွင်ရှိသည့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ယခင် ဘင်္ဂါလီစာရင်း ကောက်ခံရာတွင် နှောင့်ယှက်ခဲ့သည်ဟု သံသယရှိသည့် စစ်တွေမြို့နယ် သက္ကေပြင်ရွာမှ ရွာသားရှစ်ဦးကို ရဲများက ဖမ်းဆီးထားပြီး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း မဇ္ဈိမက သတင်းဖော်ပြ ခဲ့ဖူးသည်။
Mizzima - News in Burmese