ဆရာကြီး ဒဂုန်တာရာ၏ ဈာပနတွင် လူ ၃၀၀၀ ကျော် တစ်မိနစ်ငြိမ်သက် ဂါဝရပြု

ပို့စ်တင်ချိန် - 8/22/2013 11:12:00 AM


ဂျွန်ချစ်ငြိမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၈ မိနစ်

ဆရာကြီးဒဂုန်တာရာ၏ ဈာပနကို သြဂုတ် ၂၁ ရက်က နံနက် ၁၁ နာရီ ၂၃ မိနစ်တွင် စတင်ပြုလုပ်ခဲ့ရာ ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ လူအင်အား သုံးထောင်ကျော်က ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဂါဝရပြုခဲ့ကြသည်။

ထို့နောက် ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်)က ဆရာကြီးဒဂုန်တာရာအတွက် သန်္နိဋ္ဌာန်စိတ်ဓာတ်ကို ဖတ်ကြားခဲ့သည်။

ထိုဖတ်ကြားချက်တွင် ““မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေးလမ်းစဉ်များ ပေါ်ပေါက်လာစေရန်
ကိုယ်စွမ်းဉဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သည့်အတွက် ကျွန်ုပ်တို့က ဆရာကြီး ဒဂုန်တာရာ ကို အမြဲအဓိဋ္ဌာန်ပြုနေမည်””ဟု ပါရှိသည်။

ထို့ပြင် ကိုမိုးသီးဇွန်ကလည်း ဆရာကြီးအတွက် အမှတ်တရစကားပြောကြားရာ “ဆရာကြီးအနားမှာ ပြည်သူတွေ၊ မိတ်ဆွေတွေ၊ ရောက်ရှိနေပါပြီ။ ဆရာကြီးရဲ့ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ၊ နယ်ချဲ့တိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ စာပေလှုပ်ရှားမှုတွေအတွက် ဆရာကြီးတို့လို၊ ဗိုလ်ချုပ်တို့လို ပုဂ်္ဂိုလ်တွေကို ဘယ်ခေတ်မဆို အမြဲ အောက်မေ့သတိရနေပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဒဂုန်တာရာ၏ ရုပ်ကလာပ်တင်ဆောင်လာသည့် နာရေးကားကို နာရေးကူညီမှုအသင်းရန်ကုန်၏ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် မောင်းနှင်ပို့ဆောင်ခဲ့သည်။

ပင့်ဖိတ်ထားသော သံဃာ ၉၅ ပါးက တရားဟောကြားပြီးသည့်နောက်တွင်မူ ဆရာကြီး၏ ရုပ်ကလာပ်ကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးသင်္ဂြိုဟ်သည်။ ရရှိလာသည့် အရိုးပြာများကို ဆရာကြီး၏ ဘ၀အဓိပ္ပာယ်နှင့် ကိုက်ညီသည့်တင့်တယ်လျောက်ပတ်သော အထိမ်းအမှတ်ဂူဗိမာန်ကို တည်ဆောက်မည်ဖြစ်ကြောင်း ဈာပန ဖြစ်မြောက်ရေးကော်မတီက ဆိုသည်။

ဂန္ထ၀င် ကဗျာဆရာကြီး၏ ဈာပနကျင်းပသည့်နေ့ အထိမ်းအမှတ်အဖြစ် ညနေခင်းတွင် ကဗျာဆရာများက ကဗျာများ ရွတ်ဖတ်ခဲ့ကြသေးသည်။
Mizzima - News in Burmese