ပြည်သူများ မိုဘိုင်းလ်ဖုန်း လိုအပ်ချက် ပြည့်မီစေရန် ရက်ပိုင်းအတွင်း တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ ရောင်းချပေးမည်

ပို့စ်တင်ချိန် - 8/22/2013 04:58:00 PM


ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးနေသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ ကြားတွင် လိုအပ်နေသေးသည့် အတွက် ထပ်မံကာ(၅) ကြိမ်မြောက် အဖြစ် ယခုရက်ပိုင်း အတွင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

ပြည်သူများ ကြားတွင် လိုအပ်နေသည့် တယ်လီဖုန်း လိုင်းအင်အားများကို တိုးမြှင့်တပ်ဆင် ပေးနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သြဂုတ် ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ ကြိုတင် ပေးသွင်းထားသည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သိန်းခွဲနှင့် GSM မိုဘိုင်းလ်ဖုန်း နှစ်သိန်းတစ်သောင်း စုစုပေါင်း မိုဘိုင်းလ်ဖုန်း သုံးသိန်း ခြောက်သောင်းကို ဆင်းကတ် တစ်ခုအတွက် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရောင်းချပေးရာတွင် ပြည်နယ်အလိုက် ခွဲတမ်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ငွေကျပ် ၁၅ဝဝ တန် ဖိုးနည်းဖုန်းများ ဖြစ်သည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သောင်း သုံးထောင့်ရှစ်ရာနှင့် GSM မိုဘိုင်းလ်ဖုန်း ငါးသောင်း ခြောက်ထောင် ရရှိမည်ဖြစ် သည့်အတွက် ဖုန်းနှစ်မျိုးပေါင်း ၆၉၈ဝဝ ခွဲတမ်း ရရှိမည် ဖြစ်သည်။

နေပြည်တော်တွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ခွဲတမ်းအနေဖြင့် CDMA 800 MHz (MEC) ၁၁၅ဝဝ နှင့် GSM မိုဘိုင်းလ်ဖုန်း ၁၅ဝဝဝ ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်သည့်အတွက် တန်ဖိုးနည်းဖုန်း ခွဲတမ်း အနေဖြင့် စုစုပေါင်း အလုံးရေ ၂၆၅ဝဝ ရရှိမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဧပြီလမှ စတင်၍ တန်ဖိုးနည်း ဖုန်းများကို စတင်ရောင်း ချပေးခဲ့သည်။ စတင်ရောင်းချ ပေးစဉ်အချိန်တွင် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းကတ် အလုံးရေ သုံးသိန်း ငါးသောင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစဉ် ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် အရေအတွက်မှာ ၁ ဒသမ ၄ သန်းအထိ ရှိခဲ့သည့်အတွက် ယခင်ရောင်းချ ပေးထားသည့် ငွေကျပ် ၁၅ သိန်းတန် ဖုန်းများနှင့် ငွေကျပ်နှစ်သိန်း တန်ဖုန်းများ ပေါင်းပါက စုစုပေါင်း ၅ ဒသမ ၂ သန်းကျော်အထိ ရှိသွားပြီဖြစ်ကြောင်း ထုန်ပြန်ချက်အရ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး ရောင်းချပေးခဲ့ပြီး ဖြစ်သည့် ဖုန်းအရေ အတွက်များနှင့် နိုင်ငံအတွင်းရှိ အိမ်ထောင်စု ၈ ဒသမ ၇ သန်းကျော်ကို အချိုးကျ တွက်ချက် ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံး ရရှိနိုင်မည် ဖြစ်သော် လည်း လက်ရှိ အချိန်တွင် အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲရန် လိုအပ်နေလျက် ရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် အိမ်ထောင်စု တိုင်းအတွက် မိုဘိုင်းလ်ဖုန်း ပိုမိုသုံးစွဲခွင့် ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

တန်ဖိုးနည်း ဖုန်းများမှာ ကတ်ဝယ်ယူ ထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ငွေကျပ် ၅ဝဝဝ တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ထားသည်။

ဆင်းကတ်ကို အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ယင်းတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို လစဉ်ကြိုတင် ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ငွေကျပ် ၂၅ဝဝ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်၍ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ငွေကျပ် ၅ဝဝဝ ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ငွေကျပ် ၅ဝဝဝ ပြည့်သည်အထိ ဖြတ်တောက် သွားမည် ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီး နောက် ၁၅ ရက်အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကံထူး

မြ၀တီ