တစ်နိုင်ငံလုံး၌ အာရုံကြောအထူးကု ၁၅ ဦးသာရှိသည်ဟု ၀န်ကြီးဆို

ပို့စ်တင်ချိန် - 8/22/2013 11:12:00 AM


ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၃၈ မိနစ်

မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအနေဖြင့် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန် ၁၅ ဦးသာ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သြဂုတ် ၂၁ ရက်က
ကျင်းပသည့် အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ အထက်လွှတ်တော် အမတ် ဦးကျော်ကျော်က စစ်တွေမြို့နယ် ဆေးရုံကြီးတွင် လိုအပ်နေသော အထူးကု ဆရာဝန်များကို ဆေးရုံအဆင့်အတန်းနှင့် လျော်ညီစွာ အစိုးရက ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးကဖြေကြားစဉ် ထိုအချက်ကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။

“ဦးနှောက်နဲ့ အာရုံကြောအထူးကုက လက်ရှိတာဝန်ထမ်းဆောင်နေတာရယ်။ သင်တန်းသားတွေရယ် ပေါင်းလိုက်ရင် ၁၅ ယောက်ပဲရှိပါတယ်။ ရန်ကုန် ဆေး - ၁ မှာ၊ ဆေး - ၂ မှာ၊ နေပြည်တော်မှာ၊ မန္တလေးမှာ ခွဲဝေလိုက်တဲ့အခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက ဆေးရုံတွေကိုပို့ဖို့အတွက် လုံလောက်သော အရေအတွက် မရှိသေးတာဖြစ်ပါတယ်” ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က အဆိုပါအမတ်၏ အရေးဆိုမှုကို အစိုးရကမလိုက်လျောနိုင်သည့်အကြောင်း လွှတ်တော်တွင် ဖြေရှင်းချက်ပေးခဲ့သည်။

ထို့ပြင် အာရုံကြောအထူးကုဆရာဝန်ကဲ့သို့ အလားတူပင် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ဦးရေသည် လည်း နိုင်ငံတ၀န်းလုံး၌ ၁၂ ဦးသာရှိသည်ဟုလည်း ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ အမတ်သည် ၎င်းင်း၏ မဲဆန္ဒနယ်မှဆေးရုံတွင် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုများချထားပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်အရေးဆိုခဲ့ခြင်းဖြစ်ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးကို ဖြေရှင်းရန် ဆက်လက်တောင်းဆိုခဲ့သည်။

သို့ရာတွင် အထူးကုဆရာဝန်တစ်ဦးဖြစ်လာရန်အတွက် ပညာသင်ချိန် ၁၂ နှစ်ကျော် အချိန်ယူရသဖြင့် အစိုးရက အထူးကုများ မွေးထုတ်ရန် ကြိုးပမ်းနေသော်လည်း လွယ်ကူစွာဖြစ်လာမည်မဟုတ်ကြောင်းလည်း ၀န်ကြီးက လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။

သို့သော်လည်း ယခင်က အစိုးရကျင့်သုံးခဲ့သည့် မူဝါဒကိုပြောင်းလဲကာ ယခုအချိန်တွင် ဘာသာရပ်ဆိုင်ရာ အထူးကုအဖြစ် သီးသန့်ခွဲထုတ်ကာ သင်တန်းများပေးနေပြီဖြစ်ကြောင်း ၀န်ကြီးက ဆက်ပြောခဲ့သည်။
Mizzima - News in Burmese