ပေ ၂၀၀၀ နက်သော ချောက်ထဲ ကားတစ်စီး ပြုတ်ကျသွားခဲ့သော်လည်း ကလေးတစ်ဦး အသက်ရှင်ကျန်ရစ်

ပို့စ်တင်ချိန် - 8/31/2013 02:27:00 PM


ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း လာလီဘာတတ်ဒေသတွင် ပေ ၂၀၀၀ နီးပါးခန့် နက်သော ချောက်ထဲသို့ ကားတစ်စီး မတော်တဆ ပြုတ်ကျသွားခဲ့သော်လည်း အသက်လေးနှစ် အရွယ် မိန်းကလေးငယ် တစ်ဦး အသက်မသေဆုံးဘဲ တစ်ဦးတည်း ရှင်ကျန်ရစ်ခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က သြ ဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ကားပေါ်တွင် လိုက်ပါလာသော ကလေးငယ်၏ မိဘနှစ်ဦးနှင့် ကားမောင်းသမား အပါအ၀င် ခရီးသည် ခြောက်ဦးစလုံး သေဆုံးသွားခဲ့ရကြောင်း သိရသည်။ ကလေးငယ်၏ မိဘနှစ်ဦးစလုံးမှာ ပါတက်ဇ်ပြည်နယ်ရှိ အန်ဒါးစ်အဗေလီနိုကျောင်းမှ ကျောင်းဆရာများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသွားသူ ခရီးသည်များ အားလုံး၏ ရုပ်အလောင်းများကို ချောက်ကမ်းပါး အောက်ခြေတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားမှု အကြောင်းရင်းမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။ ကနဦး စစ်ဆေးချက်များအရ ၎င်းတို့ စီးနင်းလာသော မော်တော်ယာဉ်က တစ်ဖက်မှ မျက်နှာချင်းဆိုင်လာသောကားအား လမ်းပေးရန် ကြိုးစားစဉ် ကမ်းပါးထက်မှ ချော်ကျသွားခြင်း ဟု အာဏာပိုင်အဖွဲ့များက ယာယီ ကြေညာချက် ထုတ်ပြန်ထားသည်။ ၎င်းလမ်းပိုင်းသည် မြင့်မား၍ ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း တစ်ခု ဖြစ်ပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

Swesone