နိုင်ငံတကာအလှမယ်များ ပါဝင်မည့် SEA Games ဖက်ရှင်ရှိုး ပြုလုပ်မည်

ပို့စ်တင်ချိန် - 8/31/2013 09:31:00 AM


SEA Games လှုံ့ဆော်ရေး ဖျော်ဖြေပွဲများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေသည့် ADMA MEDIA မှနေ၍ နိုင်ငံတကာအလှမယ် ခုနစ်ဦးပါဝင်မည့် SEA Game ဖက်ရှင်ရှိုးကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းမီဒီယာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေမင်းမောင်က The Voice သို့ ပြောကြားသည်။

“ဒီပွဲလေးကို အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကြာမီကျင်းပမယ့် SEA Game ပြိုင်ပွဲကြီးမှာ ပရိသတ်တွေကို အစွန်းရောက်တဲ့ အားပေးပုံတွေအစား ကိုယ့်အသင်း အနိုင်ရအောင် ဘယ်လို အမိုက်စား ဖက်ရှင်ပုံစံမျိုးတွေနဲ့ သွားရောက် အားပေးကြမယ်ဆိုတဲ့ဘက်ကနေ Message လေးပေးချင်လို့ပါ။ ဒီပွဲမှာက ပထမဆုံး နိုင်ငံတကာ အလှမယ်တွေရဲ့ ဖက်ရှင်ရှိုးလာမယ်။ ဒါပြီးရင် မြန်မာ့ရိုးရာ လက်ဝှေ့ သုံးချီ စိန်ခေါ်ပွဲတစ်ခုနဲ့ ခြင်းအလှခတ်တဲ့ အစီအစဉ်လေးတစ်ခု ထည့်ထားတယ်။ ဒီအစီအစဉ်တွေပြီးရင် ဖက်ရှင်ရှိုး တစ်ခေါက်ပြန်လာမယ် ဒီပွဲကဝင်ကြေးအခမဲ့ ဖြစ်မလား၊ လက်မှတ်ရောင်းတဲ့ပွဲ ဖြစ်မလားဆိုတာ မကြာခင် ကြေညာပေးပါ့မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းပွဲတွင် အမေရိကန်၊ ပြင်သစ်၊ ဘရာဇီး၊ အီတလီ၊ မကာအို၊ မွန်ဂိုးလီးယား၊ စင်ကာပူနိုင်ငံတို့မှ အလှမယ်များက SEA Game ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အားကစားအသင်းများ၏ ဝတ်စုံများကို ဝတ်ဆင်၍ ဖက်ရှင်ရှိုးလျှောက်မည် ဖြစ်ကြောင်း၊ Miss International 2012 ပြိုင်ပွဲတွင် Miss Internet ဆုရရှိခဲ့သူ နန်းခင်ဇေယျာလည်း ပါဝင်မည် ဖြစ်ကြောင်း ယခုဖျော်ဖြေပွဲမှာ ADMA MEDIA မှ တင်ဆက်သော နောက်ဆုံး SEA Game ဖျော်ဖြေပွဲဖြစ်ပြီး နိုဝင်ဘာလတွင်မူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့သို့ အနုပညာရှင်များစွာ ပါဝင်မည့် ကားများဖြင့် လှည့်လည်၍ SEA Game လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ SEA Game လှုံ့ဆော်ရေးသီချင်းများ သီဆိုခြင်းတို့ကို ပြုလုပ်သွာမည် ဖြစ်ကြောင်း ယင်းမီဒီယာမှ သိရသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် လှုံ့ဆော်ရေး သီချင်းများကို တေးသံရှင် ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ ထွန်းထွန်း၊ ဘန်နီဖြိုး၊ ဟဲလေး၊ ဗညားဟန်၊ ဆုန်သင်းပါရ်၊ ချမ်းချမ်း၊ နေနေ၊ နီနီခင်ဇော်၊ မေခလာ၊ ပန်ဆုပြည့်ကျော်၊ ပန်းအိဖြူတို့က ပရိသတ်များသို့ မိတ်ဆက်သီဆို ပြသသည့် အစီအစဉ်နှင့် ဒါရိုက်တာမောင်သီ စီစဉ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ မိုးအောင်ရင်၊ သင်ဇာဝင့်ကျော်၊ အိချောပို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဧရာ၊ ညောင်ညောင်တို့ ပါဝင်သည့် ပြိုင်ပွဲ ပြဇာတ်တို့ကို သြဂုတ်လ ၂၃ ရက်နေ့က အမျိုးသားကဇာတ်ရုံ၌ တင်ဆက်ခဲ့သည်။
The Voice