ညီမစိတ်ကောက်တိုင်း သူက ချော့တယ်ဆိုတာ မရှိခဲ့ဘူးဆိုတဲ့ နန်းသူဇာ

ပို့စ်တင်ချိန် - 9/26/2013 08:55:00 AM


ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့ရဲ့ နှလုံးသားရင်ခုန်သံပန်းခင်းဆီသို့ အလည်တစ်ခေါက်

 ဘ၀ရဲ့ ရင်ခုန်စရာ အခိုက်အတန့်တွေထဲမှာ ချစ်ခွင့်ပန်ရခြင်းဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။ တစ်ဘက်လူ အနေအထား ဘယ်လိုရှိမယ်ဆိုတာ မသိဘဲ လောင်းကြေးထပ်ရတာတွေထဲမှာ ချစ်ခွင့်ပန်ရခြင်းက စိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲ။ ကံကောင်းသူတွေက ချစ်ခွင့်ပန်တာနဲ့ တစ်ပြိုင်နက် အဖြေ ပြန်ရကြလေ့ရှိသလို တချို့တွေကလည်း စဉ်းစားဦးမယ်ဆိုတဲ့ စကားနဲ့ ဆိုင်းငံ့ခံကြရလေ့ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးဘက်က စဉ်းစားမယ် ပြောဆိုတာနဲ့ ချစ်ခွင့်ပန်သူ ယောင်္ကျားလေးဟာ ငါးဆယ်ရာခိုင်နှုန်း ပျော်ခွင့်ရဖို့ ကျိန်းသေသလောက် ရှိသွားပါပြီ။ သူစဉ်းစားနေချိန်မှာ သူ့အလိုကို လိုက်ပြီး သူ့အကြိုက်ဆောင်နိုင်ခဲ့ရင် မိန်းကလေးတိုင်းက “ချစ်တယ်” ဆိုတဲ့ အဖြေကို ပြန်ပေးကြတာပါပဲ။ ချစ်ခွင့်ပန်စဉ်အခိုက် နှလုံးသားစည်းချက်တွေ ဘယ်လို ဗြောင်းဆန်နေခဲ့တယ်ဆိုတဲ့ အကြောင်း ဒီတစ်ပတ် စကားပြောဖို့ ရည်ရွယ်ထားသူကတော့ တေးသံရှင် မော်ဒယ်လ် မိန်းမချောလေး နန်းသူဇာ ပဲဖြစ်ပါတယ်။
သူ့ကို စတွေ့ချိန်က ၂၀၁၁ သင်္ကြန်မှာပါ။ သူနဲ့ ညီမနဲ့က မခင်ကြဘူး။ ဒါပေမယ့် သူ့အကြောင်းတွေကို လင်းပင်ဟိန်း ဆီကနေ ကြားဖူးတယ်။ အဲဒီတော့ သူနဲ့ စကားမပြောဖူးပေမယ့် သူ့အကြောင်းကို ညီမသိနေတယ်။ ညီမ မထင်ထားတဲ့တစ်ရက် သူက ညီမဆီ စဖုန်းဆက်တယ်။ ဖုန်းပြောပြီး ညီမတို့ စခင်သွားကြတယ်။ အဲဒီနောက်ပိုင်းကျမှ ဒဂုံမှာ မေဂျာအတူတူ ကျောင်းတက်နေကြတာကို သိကြတယ်။ သူရောညီမရော အီးမေဂျာပဲ။ အတန်းသာမတူတာ။ သူက ညီမထက် ကျောင်းခြောက်နှစ်လောက် စောတက်ပေမယ့် အတန်းကျတော့ ညီမထက် ပိုငယ်တယ်။ ချစ်တယ်ဆိုပြီးပြောတာကတော့ ဖုန်းထဲကပဲ။ စနောက်ပြီးပြောလိုက်၊ အတည်ပြောလိုက်နဲ့ ခဏခဏပြောတယ်။ အပြင်မှာ တွေ့ရင်တော့ မပြောဘူး။ ဒီလိုနဲ့ သူ့မွေးနေ့မှာ ညီမဆီက အဖြေတောင်းတော့ ညီမလည်း အဖြေပေးဖြစ်သွားတယ်။

 သူနဲ့ တွဲလာတဲ့အချိန်မှာ သူ့ရဲ့ဆိုးတဲ့အကျင့်တွေကို သိလာရတယ်။ သူက တော်တော်စိတ်ကြီးတယ်။ ညီမလည်း ဘေးကနေ ပြင်ပေးပေမယ့် ပြင်ပေးလို့မရဘူး။ နောက်ပြီး ညီမစိတ်ကောက်တိုင်း သူကမချော့ဘူး။ သူချော့တာ ရှားတယ်။ ကိုယ့်ဘာသာ ကိုယ်ပဲ စိတ်ဖြေရတယ်။ ညီမက ချစ်သူပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် အကြာကြီးတော့ စိတ်မကောက်တက်ဘူး။သူက ကိုယ်စိတ်ကောက်လည်း နေနိုင်တယ်။ သူ့ရဲ့အိမ်မှာ သူငယ်ချင်းတွေ အမြဲရှိတော့ ကိုယ်နဲ့ စိတ်ဆိုးထားရင်တောင် ဒါကို သတိမရဘူး။ ညီမကျတော့ အဲဒီလိုမဟုတ်ဘူး။ သူငယ်ချင်း သိပ်မရှိဘူး။ အိမ်မှာ တစ်ယောက်တည်းဆိုတော့  အဲဒီလို မလုပ်နိုင်ဘူး။ အဲဒီတော့ ညီမဘက်က ပြန်ပြီး ချော့ရတာပေါ့။ သူ့မှာ ကောင်းတာလေးတွေလည်း ရှိတယ်။ စိတ်ကြီးပြီး ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် တစ်ခါတစ်လေကျရင်တော့ ကလေးတစ်ယောက်လိုပဲ။ လူကို ပျော်အောင်ထားတက်တယ်။ ဟာသဥာဏ်လည်း ရှိတယ်။ ပြဿနာတွေဖြစ်ရင် ၀င်ပြီး ဖြေရှင်းပေးတက်တယ်။ သူငယ်ချင်းတွေနဲ့ရော ၊ အားလုံးနဲ့ သဟဇာတဖြစ်အောင် နေထိုင်တက်တယ်။ သူက ညီမတွက် နောက်ဆုံးအချစ်ပဲ ဖြစ်စေချင်တယ်။ အဲဒီလိုဖြစ်ဖို့က သူ့အပေါ်မှာ မူတည်တယ်။ သူက ညီမအပေါ် သစ္စာရှိရင်တော့ လက်တွဲဖော် ဖြစ်သွားနိုင်ပါတယ်။ အခုတော့ ချစ်သူသက်တမ်း နှစ်နှစ်ခွဲရှိပြီ။ သူနဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ အများကြီးပဲ။ အခုနောက်ပိုင်းတွေဆို နှစ်ယောက်အတူတူ ပွဲတွေ တက်လာခွင့်ရတာကလည်း ပျော်စရာ အမှတ်တရတွေပါပဲ။ ညီမပျော်ရွှင်သလို လူတိုင်းလည်း အချစ်ရေး အဆင်ပြေပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Friday(Malay)
 Myanmar Daily News