ငါးဖယ်ချဉ် (ခ) ပုစွန်ချဉ် လုပ်နည်း

ပို့စ်တင်ချိန် - 9/07/2013 03:48:00 PM


အိသက်သားအကြီးက ပုစွန်ချဉ်အရမ်းကြိုက်ပါတယ်။
ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။
ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက
ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။
ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက
ဝါးခယ်မက ပုစွန်ချဉ်ဒိုင်ကို ရှယ်အော်ဒါမှာ ချဉ်ပြီးပြီးခြင်း
ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျွန်မတို့ ဓနုဖြူဆိုင်(လှည်းတန်း - အင်းစိန်)
ဆိုင်မှာလည်း အဲဒီပုစွန်ချဉ်ပဲသုံးတာပါ။ (ဒါကကြော်ငြာ)
တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျွန်မမေမေက ကျန်တဲ့
သူပို့ချင်သောပစ္စည်းများနဲ့ မနက် ၁၂ နာရီမကျော်ခင် နြှ က ပို့ရင် ဒီကို
ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တစ်ခါပို့ရင် ၈ ပိဿာပို့ပါတယ်။

လမ်းမှာ ချဉ်ခိုင်းလိုက်တာပေါ့။ တစ်ခါတစ်ရံ မချဉ်သေးဘဲ
ရောက်လာတတ်ပါတယ်။ ဒါမျိုးဆို ရောက်ပြီး ၂ ရက်လောက်မှ
ပြန်ဖြေကြည့်ရပါတယ်။ သား စားပုံကို သိတဲ့ အိသက်မိတ်ဆွေများကဆို
တော်တော်အံ့သြပါတယ်။ ပုစွန်ချဉ်အစိမ်းအတုံးလေးများ၊
သရက်သီးစိမ်းအတုံးလေးများကို ချဉ်ရည်ဟင်း ဒါမှမဟုတ် ဟင်းချိုနဲ့
နယ်ပေးလိုက်ရင် တော်တော်စားပါတယ်။ အိသက်ကိုယ်တိုင်ကလည်း
အချဉ်ကြိုက်လို့ ကလေး ၂ ယောက်လုံး သရက်သီးစိမ်းကြိုက်ပါတယ်။
အငယ်မလေးကတော့ ပုစွန်ချဉ်မစားပါ။ (အသားမစားပါ)။ ခုအိမ်မှာ
ပုစွန်ချဉ်ပြတ်သွားလို့ ရန်ကုန်မှာလည်း ကိုထက်မေမေမအားလို့
ကျွန်မသားရဲ့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရပါတယ်။
ကျွန်မ ငါးဖယ်ချဉ်ပါမယ်နော်။ လုပ်နည်းတူတူပါပဲနော်။

ပါဝင်ပစ္စည်းများ
.....................
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိုက်
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည်းရပါတယ်)

ပြုလုပ်နည်း
................
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။

၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို တင်ပြီး အလေးတစ်ခုနဲ့ ဖိထားလိုက်ပါ။
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ ရက်လောက်ဆိုရင်
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။

၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။

၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။

၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။

အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ။ အကြာကြီးခံပါတယ်။

Htet Family's Creation
FOOD Magazine