Sedona ဟိုတယ် ဝက်ဘ်ဆိုက် ဟက်ခံရခြင်းမဟုတ်ကြောင်း တာဝန်ရှိသူ မှပြောကြား

ပို့စ်တင်ချိန် - 9/20/2013 09:00:00 AM




ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

" Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကိုတစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့လျက်ရှိပြီးအဆိုပါသတင်းများမှာလည်းမှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့်ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။
လူမှုကွန်ယက်များတွင်ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့်ပတ်သက်ပြီးသတင်းလွှင့်ခြင်းများသည်သက်ဆိုင်ရာကုမ္ပဏီများ၏အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန်ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသယဖြစ်မိကြောင်းအိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်လုပ်ဆောင်လာတာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကိုဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။

အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်းမဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။

Smart Pro Journal