‘မိသားစုဘ၀လေး သာသာယာယာ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ပေးဆပ်ပြီးနေရတာ စိတ်ချမ်းသာတယ်

ပို့စ်တင်ချိန် - 7/19/2014 10:55:00 AM



ဓာတ်ပုံ − ကျော်ဇင်သန်း
သာယာပျော်ရွှင်တဲ့မိသားစုဘ၀လေးကို ဖန်တီးလိုပြီး သမီးငယ်ပြေသုဒြာအတွက် မိခင်ကောင်းဖြစ်ဖို့ ကြိုးစားနေသူ အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်က မိသားစုကို အချိန်ပိုပေးနိုင်အောင် ဇာတ်ကားရိုက်ကူးမှုတွေကို လျှော့ချပြီး အရည်အသွေးကောင်း ဇာတ်ကားတချို့ကိုသာ ရွေးချယ်ရိုက်ကူးနေပါတယ်။ သူမရဲ့အမာခံပရိသတ်များက သူမအနုပညာအလုပ်တွေ ရပ်နားသွားမှာကို စိုးရိမ်နေကြပါတယ်။ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်သော်ငြားလည်း မိသားစုကိုအလေးထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သူမရဲ့ မိသားစုဘ၀အကြောင်း၊ အနုပညာအမွေဆက်ခံမယ့်သူဖြစ်လာနိုင်တဲ့ သမီးလေးအကြောင်း၊ အနုပညာလှုပ်ရှားမှုတချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- ဇာတ်ကားသိပ်မရိုက်ဖြစ်တဲ့အချိန်မှာ အခုကော ဘာတွေလုပ်ဖြစ်နေလဲ။ သမီးလေးကို ဘယ်လိုအချိန်ပေးဖြစ်လဲ။

ဖြေ- အခုလောလောဆယ်တော့ အစ်မက အချိန်အများကြီးမပေးရတဲ့ ဓာတ်ပုံရိုက်တာတို့၊ ကြော်ငြာရိုက်တာတို့၊ ကြော်ငြာရိုက်တာဆို တစ်ရက်ပဲ။ ဓာတ်ပုံရိုက်တာဆို နာရီပိုင်းလေးပဲပေါ့။ ဒီလိုမျိုးလေးတွေပဲ လက်ခံဖြစ်နေတယ်။ ကျန်တဲ့အချိန်တွေက သမီးလေးအတွက်ပဲ အချိန်အများဆုံးပေးဖြစ်ပြီးတော့ သူနဲ့အများဆုံးနေဖြစ်နေတာပေါ့။

မေး- အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် မိသားစုကိုပိုပြီးအချိန်ပေးဖြစ်ခဲ့တာက မိသားစုဘ၀ကို ဘယ်အတိုင်းအတာထိ အကျိုးရှိစေလဲ။

ဖြေ- အခုချိန်မှာ မိသားစုဘ၀လေးကို တည်ထောင်ပြီးသွားတဲ့အချိန်မှာ ကိုယ့်မိသားစုဘ၀လေးကသာ သာယာယာပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်အောင် ကိုယ့်ဘက်ကနေ ပေးဆပ်ပြီးတော့ နေရတာလည်း စိတ်ချမ်းသာတယ်။ ကိုယ့်မိသားစုအတွက်လည်း ကောင်းတယ်။

မေး- အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုတာထက် အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ကို ပိုပြီးဦးစားပေးခဲ့တဲ့ အဓိကအကြောင်းအရာက ဘာများဖြစ်မလဲ။

ဖြေ- အစ်မ ခုနကပြောသလိုပဲ။ အစ်မလည်း နှစ်ပေါင်းများစွာ သရုပ်ဆောင်ဘ၀လုပ်ခဲ့ပြီးပြီ။ အခုချိန်မှာ ဒီအနုပညာကို စွန့်လွှတ်တာမဟုတ်ဘူး။ ဒါပေမဲ့ အစ်မက ပရိသတ်တွေကိုလည်း ချစ်တယ်။ ကိုယ်လုပ်ခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက်လည်း ဒီပရိသတ်ရဲ့အားပေးမှုနဲ့ ရှင်သန်လာခဲ့တာ။ ကိုယ့်ရဲ့မိသားစုဘ၀လေးကို ထူထောင်ပြီးတဲ့အခါမှာလည်း ကိုယ့်ရဲ့မိသားစုကို ပြည့်ပြည့်၀၀လေးနဲ့ သာယာမှုကိုလည်း ဖန်တီးချင်တယ်။ ဒီဘက်က အနုပညာအလုပ်ကိုလည်း အစ်မရဲ့ပရိသတ်တွေ ရှိနေသေးတဲ့အတွက်ကြောင့်မို့ အစ်မက လုံးဝမစွန့်လွှတ်ဘဲနဲ့ ကိုယ်ကြိုက်တဲ့ဇာတ်ရုပ်လေးတွေ ရိုက်တယ်။ လက်ခံတယ်။ ဓာတ်ပုံတွေ၊ ကြော်ငြာတွေရိုက်တယ်။ ဒါလေးနှစ်ခုကို မျှအောင်လုပ်ပြီးတော့ အခုချိန်မှာ နေနေတာပေါ့။

မေး- အနုပညာရှင်အချင်းချင်း အိမ်ထောင်ပြုရင် မတည်မြဲတာများပေမယ့် အစ်မတို့မိသားစုကို နေရာတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရအောင် ဘယ်လိုကြိုးစားတည်ဆောက်ထားလဲ။

ဖြေ- အဓိကတော့ ကံတရားလည်းပါပါတယ်။ ဘယ်သူမှတော့ တကွဲတပြားတွေမမြင်ချင်ကြပါဘူး။ ဒါကတော့ ကံတရားဆိုတာလည်း ထည့်တွက်ထားရသေးတယ်ဆိုတော့ ဒီလိုမျိုးလေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ အစ်မက တကူးတကကြီး လုပ်ယူထားတဲ့ဟာတော့မရှိပါဘူး။ ပုံမှန်ပါပဲ။ အစ်မဖြတ်သန်းနေတာ ရိုးရိုးသာမန်မိန်းကလေးတွေလိုပဲ ပုံမှန်ဖြတ်သန်းတာပါ။ အစ်မစိတ်က ဘာထားလဲဆိုတော့ အဓိကက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ကိုယ်ချင်းစာစိတ် ထားမယ်ဆိုလိုရှိရင်တော့ ဘယ်အရာမဆို အဆင်ပြေမယ်လို့ အစ်မထင်တယ်။ နောက်တစ်ခုကတော့ အရာရာတိုင်းမှာ ကိုယ့်စိတ်ချည်းပဲတော့ လုပ်လို့မရဘူးလေ။ ဒီလိုစိတ်ထားတတ်ဖို့ကတော့ အဓိကလိုမယ်လို့ထင်တယ်။

မေး- အရင်က ကိုယ်တိုင်ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာဆိုတော့ အိမ်ရှင်မတစ်ယောက်ရဲ့ဘ၀မှာကော အရင်ကအချိန်တွေ ပြန်လိုချင်တာမျိုးရှိလား။

ဖြေ- အဲဒီလိုမျိုးမဖြစ်ချင်လို့ ကိုယ့်ဘာသာ ဒီလိုလေးဖန်တီးယူထားတာပေါ့။ အရင်တုန်းက အလုပ်ရှုပ်တဲ့ဟာကို မလိုချင်တာမဟုတ်ဘူး။ အလုပ်ရှုပ်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း ဒီလိုမျိုးကိုနှစ်သက်တယ်။ ကိုယ့်အားပေးတဲ့ပရိသတ်တွေအတွက် အလုပ်ရှုပ်ရတာက အလုပ်ရှုပ်ရကျိုးလည်းနပ်တယ်။ ကိုယ်စေတနာထားပြီး လုပ်ခဲ့တဲ့ဟာလေးတွေက အားပေးမှုတွေပြန်လာတယ်ပေါ့။ ဒီလိုမျိုးလေးတွေအတွက် အလုပ်ရှုပ်တယ်ဆိုတော့ ကျေနပ်တယ်ပေါ့။ အခုချိန်မှာလည်း ဒီလိုအလုပ်ရှုပ်တာကို မလိုချင်တော့တာလည်း မဟုတ်ဘူး။ အစ်မလုပ်နေတဲ့ပုံစံက သူ့အချိန်နဲ့သူ၊ သူ့အသက်အပိုင်းအခြားနဲ့သူ၊ သွားရမယ့်ပုံစံအတိုင်း သွားတာပေါ့နော်။ အစ်မ ဒီလိုအသက်အရွယ်မှာ ဒီလိုမိသားစုဘ၀ထူထောင်ပြီးသွားပြီ။ လက်ရှိမှာ သရုပ်ဆောင်ဘ၀နဲ့လည်း နှစ်ပေါင်းများစွာလုပ်ခဲ့ပြီးသွားပြီ။ ဒီလိုအချိန်မှာလည်း မိသားစုဘ၀အတွက် ပေးရမယ့်အချိန်လည်း ပေးတယ်ပေါ့။ ပရိသတ်အတွက်လည်း ဒီထဲမှာ ထည့်တွက်ထားတယ်ဆိုတော့ ဒါလေးကို မျှပြီးလုပ်ပေးနေတယ်ပဲ ပြောရမှာပေါ့။

မေး- အနုပညာလှုပ်ရှားမှုတွေ နည်းသွားပေမယ့် ပရိသတ်အားပေးမှု အပြည့်ရှိနေသေးတာဆိုတော့ ပြေသုဒြာလေးကြီးလာရင်ကော ဇာတ်ကားတွေ ပုံမှန်ပြန်ရိုက်ကူးဖို့ အစီအစဉ်ရှိမလား။

ဖြေ- အရင်ကဆိုရင် တစ်လသုံးကား၊ လေးကား ရိုက်ဖြစ်တယ်ဆိုတော့ အစ်မတို့ကိုလာအပ်တဲ့ ဇာတ်တွေမှန်သမျှ ရိုက်ခဲ့တာများတယ် cancel လုပ်တာနည်းတယ်။ အခုချိန်မှာ ဇာတ်ကားရိုက်ဖို့ ပေးဆပ်ရမယ့်အချိန်နဲ့ ညီမျှအောင် ပြန်ရမယ့်ဟာမျိုး။ ပြန်ရမယ်ဆိုတာ အဓိက,က ပရိသတ်ကြိုက်တဲ့ ဇာတ်လည်းဖြစ်ရမယ်၊ ကိုယ်ကြိုက်တဲ့ဇာတ်လည်းဖြစ်ရမယ်၊ ကိုယ်လုပ်ချင်တဲ့ကာရိုက်တာလည်းဖြစ်ရမယ်၊ ဇာတ်လမ်းလည်းကောင်းရမယ်၊ ရွေးချယ်မှုလေးတွေများသွားတာပေါ့။ ဒီလိုမျိုးလေးတွေလာမှ အစ်မရိုက်မယ်ဆိုပြီးတော့ လုပ်လိုက်တာပေါ့။ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာဇာတ်လမ်းမျိုးဆို အစ်မရိုက်တယ်။ အရင်ကဆိုရင် အားနာမှုတွေနဲ့ ငါမရိုက်ပေးရင် မကောင်းဘူးဆိုတဲ့ဟာမျိုးတွေ အရင်ကရှိခဲ့တယ်ပေါ့။ အရင်က ဒီလိုမျိုးစဉ်းစားတာလည်း အရင်ကအချိန်ပေးနိုင်တယ်လေ။ အပျိုဘဝတုန်းက လွတ်လွတ်လပ်လပ်သမားဆိုတော့။ အခုချိန်ကျတော့ ကိုယ့်မိသားစုကိုပေးရမယ့်အချိန်ကို ထည့်တွက်ပြီးတော့ စဉ်းစားလာတဲ့အခါ ဒီလိုမျိုးဖြစ်သွားတာပေါ့။

မေး- ဇာတ်လမ်းကောင်းမှ ရွေးပြီးရိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့သူဆိုတော့ အခုချိန်မှာ ဘယ်လိုဇာတ်ရုပ်မျိုးကိုရိုက်ဖို့ ပိုစိတ်ဝင်စားလဲ။

ဖြေ- ကိုယ့်အသက်အရွယ်နဲ့လိုက်မယ့် ဟဲဗီးဒရာမာမျိုးဆိုရင် အစ်မတို့နဲ့လိုက်တယ်။ အိုက်တင်ဆိုလည်း တကယ်လုပ်ရမယ့်ဟာမျိုးဆိုရင် ကြိုက်တယ်။ အခုနောက်ပိုင်း ပရိသတ်ကလည်း အရမ်းအမြင်ကျယ်သွားပြီဆိုတော့ အရင်လိုဇာတ်မျိုးနဲ့မတူဘဲနဲ့ ကွဲထွက်တဲ့ဇာတ်မျိုး၊ နောက်ပိုင်းမှာ ကွန်ပျူတာ Effect နဲ့ ဘယ်လိုလုပ်မလဲ။ သဘောအားဖြင့် အခုနောက်ပိုင်းဆို အင်ဂျလီနာဂျိုလီတို့ Maleficent တို့ဆို ရိုးရိုးဇာတ်လမ်းမျိုးမဟုတ်တော့ဘဲ ကွဲထွက်ပြီးရိုက်တဲ့ ဇာတ်မျိုးပေါ့။ သဘောကိုပြောပြတာပါ။ အစ်မတို့ကတော့ ဒီအဆင့်ရောက်ဖို့ အများကြီးလိုပါသေးတယ်။ အရင်ဇာတ်မျိုးထက် နည်းနည်းလောက်ကွဲထွက်တယ်ဆိုရင်ပဲ မဆိုးပါဘူး။ နည်းနည်းလေး တစ်မူထူးခြားတဲ့ ဇာတ်လေးတွေပါရင်ပဲ ရိုက်မှာပါ။

မေး- မန္တလေးမှာလုပ်တဲ့ ကိုပြေတီဦး ဖောင်ဒေးရှင်းပွဲတုန်းက ပြေသုဒြာလေးက စင်ပေါ်မှာ သီချင်းဆိုပြခဲ့တာဆိုတော့ မိဘတွေရဲ့ဗီဇအပြည့်ပါတယ်လို့ ပြောလို့ရမလား။ ပြေသုဒြာကိုကော အစ်မတို့ရဲ့ အနုပညာအမွေဆက်ဆံသူအဖြစ် မြင်ချင်သလား။

ဖြေ- သူက အခုချိန်မှာ အဆိုတော်လည်းဝါသနာပါတယ်။ ကြီးလာရင်ဘာလုပ်မလဲမေးရင် မင်းသမီးလုပ်မယ်ချည်းပဲပြောတာ။ အစ်မထင်တာတော့ ဒီအသက်အရွယ်မှာ သူ့အနီးကပ်မှာရှိနေတဲ့ သူ့အမေက မင်းသမီးတစ်ယောက်ဖြစ်နေတာကိုမြင်နေလို့ သူဒီလိုမျိုးပြောတာလား မသိဘူး။ သူ့ရှေ့မှာ အလှတွေပြင်တယ်၊ အိမ်မှာမိတ်ကပ်သမားတွေလာတော့ အစ်မက အဝတ်အစားဝတ်၊ မိတ်ကပ်တွေနဲ့ထွက်သွားပြီး ဓာတ်ပုံရိုက်တာတွေလည်း သူတွေ့တယ်ဆိုတော့လေ။ အနီးကပ်မှာမြင်ပြီးတော့ သဘောကျနေတာလား၊ ဒါကြောင့်မို့ပဲ သူပြောနေတာလား၊ သူ့ဝါသနာအရင်းခံပါလားဆိုတာ အခုချိန်မှာပြောလို့မရသေးဘူးပေါ့။ သူကြီးလာတော့မှ သူ့ဆီမှာ ဘယ်လိုဗီဇပါလာမလဲ၊ ဘယ်လိုဝါသနာပါလာမလဲဆိုတာ ကြည့်ရမှာ။ အစ်မရော၊ အစ်ကိုရောရဲ့ဆန္ဒအရပြောရမယ်ဆိုရင် အနုပညာသမားတစ်ယောက်ဖြစ်ရတာ ပင်ပန်းတယ်။ ပရိသတ်တွေရဲ့အချစ်တွေ၊ မေတ္တာတွေကို သူများထက်ပိုရတယ်၊ သူများနဲ့ မတူတဲ့ခံစားခွင့်တွေလည်းရတယ်။ ဒါပေမဲ့ ဒါနဲ့အညီ သူများနဲ့မတူအောင် ပေးဆပ်ရတာတွေလည်း ရှိတယ်။ အချိန်တွေ၊ လူတွေ၊ စိတ်တွေ၊ ဒါတွေက တခြားအလုပ်ထက် ပိုပြီးပေးဆပ်ရလို့ထင်တယ်။ ဒီလိုမျိုးစိတ်ပင်ပန်း၊ လူပင်ပန်း၊ လေးလံတဲ့ဘဝကို သူ့ကိုမရစေချင်ဘူး။ သူ့ရဲ့ဘဝကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းစေချင်တယ်။ အစ်မတို့ကိုယ်တိုင် လက်တွေ့ကြုံပြီး ခံစားခဲ့ရတာဆိုတော့လေ။ သူ့ကိုတော့ ပညာလေးသင် သာမန်မိန်းကလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးဖြတ်သန်းစေချင်တာ။ အစ်မတို့ ဆန္ဒပေါ့။ ဒါပေမဲ့ သူ့ရဲ့ပင်ကိုဗီဇကမရဘူး။ လုပ်မှာပဲဆိုပြီး အတင်းကြီးဝါသနာတွေ ပြင်းထန်နေတယ်ဆိုရင်တော့ အစ်မတို့ကတော့ သူ့ရဲ့ဝါသနာကို ပိတ်ပင်တားဆီးလို့မရဘူးလေ။ ဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမလဲပဲ စဉ်းစားရမှာပေါ့။

မေး- ကိုယ်တိုင်ဇာတ်ကားတွေမရိုက်ဖြစ်ပေမယ့် ကိုပြေတီဦး ပြင်ဦးလွင်မှာ ဇာတ်ကားတွေရိုက်တော့ လိုက်ပြီးပါရမီဖြည့်ဖြစ်တယ်ဆိုတော့ ကိုပြေတီဦးအတွက်ကော ဘယ်လိုအကြံတွေပေးဖြစ်သလဲ။

ဖြေ- အကြံဉာဏ်က အများကြီးတော့ ပေးစရာမရှိပါဘူး။ ဒီကားမှာ သူဌေးကားရိုက်တာလား၊ ဆင်းရဲတာလား၊ လူကြီးပိုင်းလား၊ ရိုက်ရမယ့်ကာရိုက်တာတွေ မေးပြီးတော့ အဝတ်အစားပိုင်းကို စီစဉ်ပေးတယ်။ ဇာတ်ရွေးတာကအစ ကျန်တဲ့တခြားအရာ ဘယ်ဟာမှ အစ်မပါဝင်စွက်ဖက်တာမျိုးမရှိဘူး။

မေး- ပြင်ဦးလွင်မှာတုန်းက ရွှေမှုံရတီ နေမကောင်းလို့ သူ့နေရာမှာဝင်ပြီး သရုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဗီဒီယိုမှာ ကိုပြေတီဦးနဲ့ အစ်မ တွဲပြီးသရုပ်ဆောင်တာကို ပြန်တွေ့ရမှာဆိုတော့ ‘‘မင်းပဲသိမ်းပိုက်’’ဇာတ်ကားကကော ပရိသတ်အတွက် ဘယ်လိုထူးခြားမှုတွေ မြင်ရမယ်လို့ထင်သလဲ။

ဖြေ- အစ်မတို့နှစ်ယောက်ကို ဖုန်းတွေနဲ့ရော၊ message နဲ့ရော အင်တာနက်ဖေ့စ်ဘွတ်ခ်ကနေ အမြဲပြောတဲ့ပရိသတ်တွေရှိတယ်။ အစ်မတို့နှစ်ယောက်ကို တွဲပြီးရိုက်ပေးပါလို့ပြောတဲ့ ပရိသတ်အတွက်ကတော့ ကျေနပ်မှုရမယ် ထင်ပါတယ်။ အစ်မတို့နှစ်ယောက်က လင်မယားဖြစ်သွားတော့ တွဲရိုက်လို့ရှိရင် ဇာတ်လမ်းထဲမှာ ရည်းစားလိုရိုက်လို့ရှိရင် ပရိသတ်တစ်မျိုးကြီးဖြစ်နေမလားလို့။ ကိုယ်တွေဆိုလည်း မကြိုက်ဘူးလေ။ ကြည့်ရတဲ့ပရိသတ်က ခံစားချက်တစ်မျိုးကြီးဖြစ်နေမှာလေ။ ပရိသတ်အတွက် ခံစားပေးပြီးတော့ အစ်မတို့နှစ်ယောက် သိပ်ပြီးတော့ တွဲမရိုက်ဘူး။ တစ်ခါတလေတော့ ဇာတ်လမ်းကောင်းကောင်းတွေရှိရင် တွဲရိုက်ဖို့စီစဉ်ထားတာတော့ ရှိပါတယ်။ နည်းနည်း အရေအတွက်ကို တားလိုက်တဲ့သဘောပေါ့။ အဲဒီကားလေးက ဇာတ်ကားလေးလည်း ကောင်းပါတယ်။

မေး- အခုချိန်မှာ ခေတ်စားနေတဲ့ အလှမယ်တွေက အစ်မတို့သရုပ်ဆောင်ဘက်ကို ကူးကြတာတွေ ရှိတယ်ပေါ့။ ဒီအပေါ်ကို အစ်မရဲ့အမြင်နဲ့လည်း သုံးသပ်ပေးပါဦး။

ဖြေ- Miss တွေ အများကြီးပေါ်တော့ အလှပဂေးတွေ အများကြီးထွက်တာပေါ့။ အစ်မတို့ကတော့ အားပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Miss တွေဆိုလည်း ထွက်စေချင်တယ်။ သရုပ်ဆောင်တွေဆိုလည်း အများကြီးထွက်စေချင်တယ်။ အစ်မတို့နိုင်ငံမှာဆို သရုပ်ဆောင်တွေ အရမ်းနည်းတယ်လို့ ပြောရမှာပေါ့။ အမှန်ဆိုရင် ဒီထက်လူအင်အားများများနဲ့ သရုပ်ဆောင်များနဲ့ ဒီလောကကြီး ပိုပြီးတိုးတက်စေချင်တာပေါ့။ Miss တွေအနေနဲ့ ဒီသရုပ်ဆောင်လောကကို ကူးလာမယ်ဆိုရင် ကြိုဆိုပါတယ်။ အစ်မတို့ဘက်မှာလည်း မင်းသမီးလေးတွေနည်းတော့ လိုအပ်နေသေးတယ်။ တကယ်ကို စိတ်ပါဝင်စားစွာနဲ့ သရုပ်ဆောင်တကယ်ဝါသနာပါတဲ့သူမျိုးရှိရင်တော့ အစ်မက ဘယ်သူပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။

မေး- အနုပညာလှုပ်ရှားမှုနည်းသွားပေမယ့် ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲဆန်းသစ်နေအောင် ဘယ်လိုပြင်ဆင်ဖြစ်သလဲ။

ဖြေ- အစ်မခံယူထားတာက ကိုယ်လုပ်တဲ့အလုပ်တစ်ခုက ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ ကားရိုက်တာပဲဖြစ်ဖြစ်၊ ကားရိုက်ရင် သူဌေးသမီးရဲ့ဝတ်ပုံ၊ စားပုံက လှလိုက်တာ၊ အရမ်းမိုက်တာပဲဆိုတဲ့ ပြောစမှတ်ပြုပြီး ပရိသတ်ရင်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်လောက်အောင် ကိုယ်ကလုပ်ပေးနိုင်ရမယ်ပေါ့။ ပွဲလမ်းသွားရင် ကိုယ်သွားမယ့်ပွဲနဲ့ ကိုက်မယ့်နေရာ။ အချိန်တွေကို ချိန်ပြီးတော့ ဝတ်တတ်၊ စားတတ်ရမယ့်ပေါ့။  ဒါမှလည်း အနုပညာရှင်တစ်ယောက်ကို ပရိသတ်အားပေးရကျိုးနပ်မှာပေါ့။ အစ်မအနေနဲ့ စဉ်းစားတာ ငါ ဒီနေ့ဘယ်သွားရမယ်၊ ပွဲကဘာပွဲလဲ၊ အချိန်ကနေ့လား၊ ညလား ချိန်ပြီးတော့ အဝတ်အစားကိုရွေးလေ့ရှိတယ်။ အစ်မဝတ်တဲ့ အဝတ်အစားက အစ်မနဲ့မလိုက်ဘူးဆိုရင် ဘယ်လောက် Up to Date ဖြစ်ပါစေ မဝတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်မယ့် အဝတ်အစားမျိုးပဲဝတ်တယ်။ ဒီလိုမျိုးလေးတွေချိန်တယ်။ နောက်တစ်ခုက ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ ဖက်ရှင်စာအုပ်တွေကြည့်ရတာ ဝါသနာပါတယ်။ အင်တာနက်ကနေ အစ်မကြိုက်တဲ့တံဆိပ်တွေကို Instagram မှာ Follow လုပ်ထားတယ်။ သူတို့ဝတ်တာစားတာ ကြည့်ရတာကို သဘောကျတော့ လေ့လာဖြစ်နေတယ်။

မေး- မိခင်တစ်ယောက်ဖြစ်သွားပေမယ့် အရင်ကအတိုင်း ခန္ဓာကိုယ်ကို ထိန်းထားနိုင်အောင် ဘာတွေဆင်ခြင်ဖြစ်သလဲ။

ဖြေ- အစ်မ ကလေးတစ်ယောက်မွေးပြီး ဝိတ်ကအရမ်းတက်မသွားတာ နှစ်ချက်ရှိတယ်။ တစ်အချက်က အစ်မရဲ့မျိုးရိုးကြောင့် အစ်မက အမေဘက်ကိုလိုက်တာ။ အမေက ကလေးသုံးယောက်မွေးပြီးတဲ့အထိ မဝသွားဘူး။ နှစ်အချက်က အသက်(၂၀)လောက်မှာကတည်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တယ်ဆိုတော့ ကစားထားတဲ့အရှိန်တွေကြောင့် ကြွက်သားတွေကျစ်နေတော့ ကိုယ်စားရင်စားသလောက် အဆီတွေက သိပ်မဝင်ဘူးပေါ့။ အရင်ကတည်းက ပုံမှန်ဆော့လာတဲ့လေ့ကျင့်ခန်းက အခုကလေးမွေးပြီးတဲ့အချိန်ထိ တောက်လျှောက်ဆော့နေတာပဲဆိုတော့ ဒါတွေကြောင့်လို့ အစ်မထင်တယ်။

မေး- ဒုတိယရင်သွေးလေးလည်းယူဖို့ အစီအစဉ်ရှိတယ်ဆိုတော့ ပြေသုဒြာအတွက် အဖော်ရဖို့နီးစပ်နေပြီလား။

ဖြေ- မနီးစပ်သေးပါဘူး။ ယူတော့ယူနေတာပါပဲ။ အစ်မ စိတ်ထဲတော့ အရမ်းကြီးထည့်မထားဘူး။ အရမ်းစိတ်နှစ်ထားလို့ မရဘူးဆို ပိုခံစားရတယ်။ အစ်မရဲ့အကျင့်က စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားတယ်။ မရလည်း ကိစ္စမရှိပါဘူးလေ။ ကံတရားက ငါတို့ကို ဒီကလေးလေးတစ်ယောက်ပဲ ပေးတာလည်း ဖြစ်နိုင်တယ်ပေါ့။ မရလည်းပြဿနာမရှိဘူး။ ကလေးရခဲ့ရင်တော့ ပျော်တာပေါ့။ ပြေသုဒြာလေးလည်း အဖော်ရတယ်။ နှစ်ယောက်ဆိုရင် အတော်ပဲပေါ့။

မေး- အစ်မကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ- ပရိသတ်တွေအတွက်ကတော့ ဒီနေ့ ဒီအချိန်ထိ ဘာလေးပဲလုပ်လုပ် ပရိသတ်အတွက် စေတနာထားပြီးလုပ်တာကို သိစေချင်ပါတယ်။ ကိုယ့်ရဲ့စေတနာကပဲ အကျိုးပေးတာလား မသိဘူး။ ဒီစေတနာကို ပရိသတ်တွေကသိတော့ အစ်မကိုချစ်နေကြတဲ့အတွက် အရမ်းကို ကျေးဇူးလည်းတင်ပါတယ်။ ပရိသတ်တွေ အစ်မကိုချစ်ကြသလို အစ်မကလည်း အမြဲတမ်းချစ်နေမှာပါ။

ကျေးဇူးတင်ပါတယ်။

7day daily