သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးများ၏ အသည်းတစ်သျှူးကို လေ့လာရာ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးမျိုးကွဲမှာ အသည်းဆဲလ်များအား ပျက်စီးစေကြောင်းတွေ့ရှိ

ပို့စ်တင်ချိန် - 1/29/2014 10:46:00 AM

ဓာတ်ပုံ - အင်တာနက်

သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးများ၏ အသည်းတစ်သျှူးများကို လေ့လာခဲ့ရာ ပြည်တွင်း၌ဖြစ်ပွားခဲ့သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲမှာ အသည်းဆဲလ်များကို ပျက်စီးစေကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)မှ သုတေသီများနှင့် နိုင်ငံတကာမှ သုတေသီများ ပူးပေါင်းလေ့လာ တွေ့ရှိချက်များအရ သိရသည်။

လေ့လာရာတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် တစ်ရက်မှ ရှစ်ရက်အတွင်း ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ပြီး သေဆုံးခဲ့ကြသော အသက်သုံးနှစ်မှ ကိုးနှစ်ရှိ ကလေး ၁၁ ယောက် အသည်းတစ်သျှူးများအား Immunohistochemistry နည်းပညာဖြင့် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးအား RT-PCR နည်းဖြင့် ရှာဖွေရာတွင် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးမျိုးကွဲ (၁) တွေ့ရှိသူနှစ်ဦး၊ မျိုးကွဲ(၂)တွေ့ရှိသူတစ်ဦး၊ မျိုးကွဲ(၃) တွေ့ရှိသူခုနစ်ဦးနှင့် မျိုးကွဲ(၄)တွေ့ရှိသူ တစ်ဦးတို့ရှိခဲ့ပြီး ဗိုင်းရပ်စ်ပိုးရှာဖွေတွေ့ရှိခဲ့သူများ၏ အသည်းတစ်သျှူးများအား ရောဂါဗေဒနည်းပညာဖြင့် လေ့လာရာ အသည်းဆဲလ်များတွင် သွေးယိုစိမ့်မှုနှင့် ဆဲလ်သေခြင်းများအား တွေ့ရှိခဲ့ကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး၏ ပဋိလှုံပစ္စည်း (NS1andNS3) နှင့် Complements များဖြစ်သည့် C5b-9 ကို Immuno-histochemistry နည်းပညာဖြင့် လေ့လာခဲ့ရာ အသည်း၏ hepatocytes and kupffer cells တွင် တွေ့ရှိခဲ့ပြီး (endothelial cells) ၌ မတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် Menbrane attack complex ဖြစ်သည့် C9 Complement အား အသည်း၏ hepatocytes and kupffer cells တွင် တွေ့ရှိခဲ့ကြောင်းနှင့် Complement Pathway associated with neoC9 ကြောင့် အသည်းဆဲလ်များ ပျက်စီးစေကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်သည် အသည်း၏ Complement Activation တွင်ပါဝင်သော နေရာဖြစ်ကြောင်းနှင့် အသည်းဆဲလ်များ ပျက်စီးကြောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်က ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲသည် လွန်ခဲ့သည့် ခုနစ်နှစ်က အိမ်နီးချင်းထိုင်းနှင့် တရုတ်နိုင်ငံများတွင်ဖြစ်ပွားခဲ့သည့် ဗီဇမျိုးကွဲနှင့် နီးစပ်စွာတူညီနေကြောင်း သိရသည်။

eleven media group