မိစန္ဒီပြောပြခဲ့တဲ့ သူမရဲ့ အချစ်အကြောင်း

ပို့စ်တင်ချိန် - 1/29/2014 03:24:00 PM

 
မိစန္ဒီကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့အချစ်အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘မိစန္ဒီလတ်တလောမှာတော့ နယ်ရှိုးတွေ ဆိုဖြစ်တာများတယ်။ ရန်ကုန်ရှိုး သိပ်မရှိဘုး။ နှစ်လပိုင်းမှာ ရှိုးပွဲတွေ နည်းနည်းနားပြီး ဒုတိယအခွေဖြစ်တဲ့ ပစ်တိုင်းထောင် စီးရီးအတွက်ကိုပဲ ပြင်ဆင်သွားမယ်။ CityFmမှာလည်း ပါဝင်သီဆိုထားတာရှိပါတယ်။ မာစတာသင်္ကြန်မှာလည်း သီဆိုထားတာရှိပါတယ်။’လို့ သူမက ပြောပါတယ်။

အချစ်ဆိုတဲ့ အကြောင်းအရာနဲ့ ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ် ဆိုတာကိုတော့ ‘မိစန္ဒီတစ်ယောက်တည်းပါပဲ။ ဘာအစီအစဉ်မှမရှိပါဘူး။ အလုပ်တွေရှိရင်အလုပ်တွေပဲ လုပ်ဖြစ်မှာပါ။ အချစ်ကတော့အမျိုးမျိုးပေါ့။ အချစ်ဆိုတာလူတစ်ယောက်နဲ့ တစ်ယောက်ချစ်ဖို့က အဓိကပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိပြီးတော့ ချစ်နေဖို့အဓိကပါပဲ။ မိစန္ဒီကတော့ အချစ်ဆိုတာ ရယူခြင်းတွေရော၊ ပေးဆပ်ခြင်းတွေရော အကုန်ရောနေတယ်လို့ မြင်ပါတယ်။ အချစ်ကိုငယ်ငယ်တုန်းက စိတ်ကစားမှုတွေနဲ့ ကြုံဖူးတာပေါ့။ ငယ်ငယ်စိတ်ကစားခဲ့ချိန်တုန်းကလည်း ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ခဲ့ဖူးတယ်လို့ မြင်တယ်။ ငယ်ငယ်တုန်းက ဆယ်ကျော်သက်အရွယ် စိတ်ကစားတယ်ပေါ့။ ဒါပေမဲ့ ကြီးလာတော့လည်း ဒါတွေက တကယ်ချစ်တယ်လို့ မထင်တော့ပြန်ဘူး။ အချစ်ကို စတင်တွေ့ရှိချိန်က သိပ်မကြာသေးဘူးလို့ပဲ ပြောရမှာပေါ့။ ငယ်ငယ်တုန်းကတော့ ရူးရူးမိုက်မိုက်နဲ့ဆိုတော့ အချစ်ကို ဘာမှန်းသေချာမသိဘူးပေါ့။ ဒီတိုင်းချစ်လာပြီဆို တွေ့ချင်တယ်။ ဘဝတွေလည်းမပါဘူး။ ရှေ့ရေးတွေလည်းမပါဘူး။ ကြီးလာတော့ နည်းနည်း အေးအေးဆေးဆေးဖြစ်သွားပြီ။ အချစ်ထက်ဦးစားပေးရမဲ့ အရာတွေလည်းမြင်လာတယ်။ ဘဝလောက်တော့ မကြီးကျယ်ဘူးလို့ထင်တယ်။ ချစ်သူများနေ့မှာ ပရိသတ်တွေဆီကနေ လက်ဆောင်တွေရဖူးပါတယ်။ ပြီးတော့ မိစန္ဒီကိုချစ်တဲ့သူတွေဆီကလည်း ရဖူးပါတယ်။ အဲဒီလိုလက်ဆောင်တွေရတာ ပျော်လည်းပျော်ပါတယ်။ ရှက်လည်းရှက်ပါတယ်။ ချစ်သူများနေ့မှာ ကိုယ်ကပေးချင်ပေမဲ့ ပေးလို့မှမရတာ။ ကိုယ့်ဘက်ကလိုချင်ပေမဲ့လည်း ဝေးနေတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှပေးလို့ မရဘူးဖြစ်နေတယ်။ ဒါပေမဲ့လက်ဆောင်ဆိုတာထက် အချစ်စစ်ကိုပဲ လိုချင်ပါတယ်။ ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေဝေးနေသည်ဖြစ်စေ၊ နီးနေသည်ဖြစ်စေ၊ ချစ်သူများနေ့မှာ ပျော်ရွှင်စရာအမှတ်တရတွေ အများကြီးနဲ့ ချစ်သက်တမ်းပေါင်းများစွာ သယ်ဆောင်နိုင်ကြပါစေ’လို့ မိစန္ဒီကဆုတောင်းပေးသွားပါတယ်။
Trend Myanmar