မျှော်မှန်းဈေး ပြောမှုကြောင့် မြေဈေးမြင့်တက်ဟုဆို

ပို့စ်တင်ချိန် - 1/29/2014 08:30:00 AM

ဒေါက်တာ ကံဇော်

မြန်မာနိုင်ငံမှာ မြေယာ ဈေးကြီးမြင့်မှုဟာ မျှော်မှန်းတဲ့ဈေးတွေကို ပြောနေကြတာကြောင့် မြေဈေးတွေ အလွန်မြင့်တက်နေတာလို့ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးက ပြောဆိုသွားတာပါ။

မြေဈေးတွေ မြင့်တက်နေလို့ အမြတ်နည်းပါးသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စဉ်းစားချိန်ဆမှုတွေ ပိုမို လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်တဲ့ သူတွေကို အတင်းအဓမ္မ ချပေးတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ကို ၀င်ရောက်လာပါက လယ်ယာမြေသိမ်းမှု ပြသနာကို ဘယ်လို စီမံဆောင်ရွက်သွားမလဲဆိုတဲ့ ဒီဗွီဘီသတင်းဌာနရဲ့ အမေးကို ရင်းနှီးမြှုပ်နှံမှု တခုလာပါက မြေကို အသုံးပြုခြင်းရှိမရှိ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရကို ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် က တောင်းကြည့်လေ့ ရှိတယ်လို့ ဒေါက်တာကံဇော်က ပြောပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဆက်စပ်ပေမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စဉ်ကို အလွန်အကျွံ လွှမ်းမိုးမှု မရှိဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ရာမှာလည်း ဘယ်ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မလဲဆိုတဲ့ အပေါ်ကို ရင်းနှီးမြှုပ်နှံသူတွေက ရွေးချယ်တာ ဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာက ရွေးချယ်တာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး ဒုတိယက ထိုင်းနိုင်ငံဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်



DVB Burmese