ထိုင်းနိုင်ငံရေးတည်ငြိမ်ပါက မြန်မာ-ထိုင်း နယ်စပ် ပုံသေမျဉ်း တိုင်းတာတော့မည်

ပို့စ်တင်ချိန် - 1/29/2014 08:00:00 AM


မင်းမင်း| အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၈ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ မြန်မာမင်းများ လက်ထက်ကတည်းက နယ်နိမိတ် သတ်မှတ်နိုင်ခြင်း မရှိသည့် ထိုင်းနှင့် မြန်မာတို့ နယ်စပ် ပုံသေမျဉ်း သတ်မှတ်ရေးကို ထိုင်းနိုင်ငံရေးတည်ငြိမ်ပါက စတင်ဆောင်ရွက်တော့မည်ဟု ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတက သဝဏ်လွှာပေးပို့ လိုက်သည်။

မိုင်ပေါင်း ၁၃၁၈မိုင်ခန့် ရှည်လျားသည့် မြန်မာနှင့်ထိုင်းနိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ရန် လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်ကတည်းက အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း တိကျသည့် နယ်နိမိတ်မျဉ်း သတ်မှတ်နိုင်ခြင်းမရှိ သလို စာချုပ်စာတမ်းများလည်း ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ပုံသေနယ်နိမိတ် သတ်မှတ်ရန် ၁၉၉၂ ခုနှစ်က ဖွဲ့စည်းထားသည့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒု-ဝန်ကြီးများ ဦးဆောင်သည့် “ပူးတွဲနယ်နိမိတ်ကော်မတီ” ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သဘောတူထားပြီး ဖြစ်သည်ဟု သမ္မတက သဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းကော်မတီအနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ၈ကြိမ်မြောက် အစည်းအဝေးတွင် “နယ်နိမိတ် တိုင်းတာရေးအတွက် နှစ်ဖက်လက်ခံနိုင်သည့် နားလည်မှု အမှာစာတမ်း ရေးဆွဲရေးကိစ္စ၊ မြေပုံ၊ ဓာတ်ပုံ ရေးဆွဲရေးနှင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးမှတ်တမ်းတင်ရေးကိစ္စတို့ကို ပူးတွဲဆောင်ရွက်ရန် သဘောတူခဲ့ပါတယ်” ဟု ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက သမ္မတခန့်အပ်မှုဖြင့် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဖြစ်လာသည့် ဦးတင်ဦးလွင်က လွှတ်တော်တွင် ရှင်းပြခဲ့သည်။

အင်္ဂလိပ်အစိုးရအုပ်ချုပ်ခဲ့သည့် ၁၈၆၈ ခုနှစ်က နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း တိကျသောန ယ်နိမိတ်မျဉ်းသတ်မှတ်ခဲ့ခြင်းမရှိဟု သမ္မတ၏ သဝဏ်လွှာတွင် ဖေါ်ပြထားသည်။ ယင်းအပြင် ၁၈၉၂-၉၃ ခုနှစ်ကလည်း အင်္ဂလိပ်-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မရှင်က မဲဟောက်ချောင်းနှင့် မဲခေါ င်မြစ်ဆုံနေရာမှ သံလွင်မြစ်နှင့် ဖားချောင်းဆုံရာနေရာအထိ နယ်နိမိတ်တိုင်းတာပြီး မှတ်တိုင် ၁၆တိုင် စိုက်ထူခြင်း၊ နယ်နိမိတ်မြေပုံ ၃ ချပ် ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သော်လည်း စာချုပ်စာတမ်း ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မ.ဆ.လ) စိုးရ ဦးနေဝင်း လက်ထက်တွင်မူ အရှည် ၃၆မိုင်ရှိသည့် မယ်ဆိုင်-မဲဟောက်ချောင်းအတွင်း နယ်နိမိတ် သတ်မှတ်နိုင်ရန် ရည်ညွှန်းမှတ်တိုင်များ စိုက်ထူခြင်း၊ မြေပုံများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ထားသည်ဟု သဝဏ်လွှာတွင်ပါရှိသည်။ သမ္မတ၏ ယင်းသဝဏ်လွှာကို မှတ်တမ်းအဖြစ်ထားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်တွင် ကြေငြာခဲ့သည်။

Mizzima Burmese