မြိတ်ပေါ့ဆမီးအိမ် ၈၀ ကျော် လောင်ကျွမ်း

ပို့စ်တင်ချိန် - 1/29/2014 05:38:00 PM


Dawei Watch၊ မြိတ်၊ ဇန်န၀ါရီ-၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မြိတ်မြို့တစ်ဖက်ကမ်း ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်း၌ ဇန်န၀ါရီ ၂၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က
ပေါ့ဆမီးကြောင့် နေအိမ် ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံအနီး ပြည့်ဖြိုးထွန်း အလုပ် သမားများနှင့် တရုတ်သစ်စက် အလုပ်သမားများနေထိုင်သည့် ဆင်မယဉ်သာ
စံပြရပ်ကွက် လုံးချင်းအိမ်ရာကွင်းအတွင်း အလျား ၁၂ ပေ၊ အနံ ၁၅ ပေရှိ ပျဉ်ခင်း၊ သွပ်မိုး၊ ၀န်ထမ်းနေအိမ် ၈၂ လုံး လောင်ကျွမ်းခဲ့ကြောင်း၊ ရပ်ကွက်နေ ဦးစည်သူ၊ ဒေါ်အေး အေးဖြူတို့၏နေအိမ် နောက်ဖေးရှိ မီးကျွင်း မီးကျန်မှ တစ်ဆင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး ၀န်ထမ်းများက ပြောသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ထောင်စုပေါင်း ၇၄ စုနှင့် လူဦးရေ ၄၁၆ ဦး ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး ယင်းအိမ်ထောင်စုများကို သက်ဆိုင်ရာတာဝန်ရှိ သူများက ဆင်မယဉ်သာ ဘုန်းတော်ကြီးကျောင်း၌ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပေးထားပြီး ရေသန့်ဘူး၊ ထမင်းဘူးနှင့် စားစရာများကို လတ်တလော ထောက်ပံ့ကူညီပေးထားကြောင်း ကျွန်းစု မြို့နယ်မှ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မြင့်ဌေးက ပြောဆိုသည်။

ဆုံးရှုံးမှုတန်ဖိုးမှာ နေအိမ် ၈၂ လုံးနှင့်အိမ်တွင်း အသုံးအဆောင်ပစ္စည်းများ အပါအ၀င် တန်ဖိုး ကျပ်သိန်းတစ်ထောင်ကျော်ခန့် ရှိမည်ဟု ဆင်မယဉ်သာ စံပြရပ်ကွက် ၀န်ထမ်းအိမ်ရာနေ အမျိုးသားတစ်ဦးက ပြောပြသည်။

' မီးလောင်တာက အဒေါ်တို့ အိမ်နားက ကပ်လျက်လောင်တယ်လေ၊
ဘာမှမသယ်နိုင်ပါဘူး။ ကလေးတွကိုပဲ အရင်ခေါ်ပြီး ထွက်ပြေးခဲ့ရတယ်။ အ၀တ်အစားတွေတောင် မသယ်နိုင်ခဲ့ဘူး ' ဟု အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

ပေါ့ဆမီးသည် စတင်လောင်ကျွမ်းခဲ့သည့် အချိန်မှစပြီး မြိတ်မြို့ပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ ပြည်သူလူထုများ စုစုပေါင်း အင်အားတစ်ထောင်ကျော် ရေသယ်ယာဉ်များနှင့် မီးသတ်စက်များဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁ နာရီ တွင် မီးလုံးဝ ငြိမ်းသွားကြောင်း ဒုရဲအုပ် အောင်မြင့်ဌေးက ရှင်းပြသည်။

ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့သည့် နေအိမ် ပိုင်ရှင် ဒေါ်အေးအေး ဖြူအား ကျွန်းစုမြို့နယ် မြို့မရဲစခန်းမှ (ပ) ၅/၂၀၁၄ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ပြောဆိုသည်။