ရန်ကုန်မြို့နှင့်အနီးဝန်းကျင်တွင် တိုက်ခန်းများအရောင်းလိုက်၍ အိမ်ခန်းအဌားခများဈေးတက်

ပို့စ်တင်ချိန် - 1/29/2014 10:46:00 AM

ဓာတ်ပုံ - အင်တာနက် (ဧရာဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉။

ရန်ကုန်မြို့အနီးဝန်းကျင်ရှိ မြို့နယ်အချို့တို့တွင် ယခုလအတွင်း တိုက်ခန်းများ အရောင်းအဝယ်လိုက်၍ အချို့နေရာများတွင် အိမ်ခန်းအဌားခများဈေးမြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှသိရသည်။

မြို့နယ်အချို့တွင် အိမ်ပိုင်ရှင် မြေပိုင်ရှင်များက ဆောက်လုပ်ရေးလုပ်ငန်းများကို အခန်းပေးအခန်းယူစနစ်ဖြင့် ဆောက်လုပ်ကြခြင်းကြောင့် ရန်ကုန်မြို့နှင့်နီးသောမြို့နယ်များသို့ ဆောက်လုပ်ရေး ကန်ထရိုက်များ အလုအယက် ဝင်ရောက် လာခဲ့ကြပြီး  ဆောက်လုပ်ပြီးသမျှ တိုက်ခန်းများလည်း အရောင်းအဝယ် အများဆုံးဖြစ်ကြောင်း  ဒေါပုံမြို့နယ်အတွင်းမှ  အိမ်ခြံမြေအကျိုးဆောင် ဦးဝင်းထွန်း ကပြောကြားသည်။

“တချို့အိမ်ရှင်တွေက ပြောင်းရွေ့ကြေး များများပေးတဲ့ဆောက်လုပ်ရေးကို ဆောက်လုပ်ခွင့် ပေးလိုက်တော့ ကန်ထရိုက်တွေကလဲ သူ့ထက်ငါ ပြောင်းရွေ့ကြေး ပိုပေးကြတာပေါ့၊ ပိုပေးနိုင်တဲ့သူကိုပေးကြတာကိုး၊ ဒါပေမယ့် ပြောင်းရွေ့ကြေးများရင်များသလို အဆောက်အဦးဆောက်တဲ့အခါ ပစ္စည်းအရည်အသွေးခိုမှာပဲ၊ အဲဒီမှာကြံ့ခိုင်မှု ရှိ/မရှိကတော့ မသေချာတော့ဘူး၊ လူတွေကငွေနဲ့ မက်လုံးပေးလိုက်ရင် ဘာမှမပြောပဲ တစ်ခါတည်း ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ အန္တရယ်ကို ကြိုစဉ်းစားထားကြရင်ကောင်းမယ်”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြောသည်။

ယင်းသို့ မြေများကိုကန်ထရိုက်အပြိုင်အဆိုင် ပေးနေချိန်မှာပင် တစ်ဖက်မှလည်း တိုက်ခန်းဝယ်ယူသူများက ကြိုပွိုင့်စနစ်များဖြင့် ဝယ်ယူလာကြသည့်အတွက် ဆောက်လုပ်နေဆဲ အချိန်တွင်ပင် အခန်းများ ရောင်းကုန်သွားကြကြောင်း အိမ်ခြံမြေ ပွဲစားတစ်ဦးက ပြောသည်။

တိုက်ခန်းဈေးများမှာလည်း အခြေခံ လူတန်းစားများ ဝယ်ယူနိုင်သည့် ဈေးနှုန်းမျိုးမဟုတ်ကြောင်း၊ တိုက်ခန်း တစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၄၀ မှ အများဆုံးကျပ်သိန်း ၄၀၀ ကျော်ထိ ဈေးပေါက်နေကြာင်း ၎င်းမို့နယ်တွင်နေထိုင်သူတစ်ဦးက ရှင်းပြသည်။

ယင်းသို့တိုက်ခန်းဈေးများမြင့်တက်လာခြင်းနည်းတူ အိမ်ခန်းအဌားခဈေးများလည်း မြင့်တက်လာခဲ့ရာ အိမ်ခန်းတစ်ခန်းဌားခမှာ ယခင် ကျပ်  ၈၀၀၀၀ မှ ယခု ကျပ် တစ်သိန်းမှ တစ်သိန်းခွဲထိ ဈေးတက်လာခြင်းကြောင့် သာမန်အိမ်ခန်း မပိုင်ဆိုင်သည့် လူတန်းစားများမှာ နေထိုင်ရန် အခန်းဌားရန်ပင် မလွယ်ကူတော့ကြောင်း ယင်းမြို့နယ်တွင်းမှ စုံစမ်း သိရသည်။

ကိုထိုက်
The Myanma Age