အမျိုးသမီးများ အကြမ်းဖက်ခံရလျှင် ဥပဒေကြောင်းအရ ကူညီမည်ဟုဆို

ပို့စ်တင်ချိန် - 1/29/2014 12:00:00 AM


မန္တလေး၊ ဇန်နဝါရီ ၂၇

မင်းတုန်းမင်းကြီး လှူဒါန်းသည့် မန္တလေးတောင်ခြေရှိ အတုမရှိ ကျောင်းတော်ကြီးတွင် သံဃာ ၃၀၀၀ ကျော်တက်သည့် အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုင်းအတွင်းရှိ ဘာသာလူမျိုးမရွေး အမျိုးသမီးများ အကြမ်းဖက် အဓမ္မပြုကျင့်မှု ခံရလျှင် ဥပဒေကြောင်းအရ ကူညီမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော် ရှင်ဝီရသူက ပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း အမျိုးသမီးများ အကြမ်းဖက် အဓမ္မပြုကျင့်မှု ခံရမှုများ ဖြစ်ပေါ်လာလျှင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ တိုင်းအတွင်းရှိ ဘာသာလူမျိုးမရွေး အမျိုးသမီး များကို ငွေအား၊ လူအားနှင့် ဥပဒေကြောင်းအရာ များကို ယင်းအဖွဲ့က အကူ အညီပေးရန် အတွက် အစီအစဉ်များ ရေးဆွဲထားပြီး အမှုကိစ္စ ပြီးစီးသည်အထိ လိုက်လံ ကူညီပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စများကို အကူအညီပေးရန် အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွင် ဥပဒေပညာရှင်များ၊ ငွေကြေး အင်အားများ စုဆောင်းထား သည့်အပြင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မြို့နယ်ခွဲများမှ အဖွဲ့ဝင်များကပါ လိုက်နာပေးမည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

အမျိုးသမီးများ အကြမ်းဖက် အဓမ္မ ပြုကျင့်ခံရမှု ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ရုံးခွဲများရှိရာ ဖုန်းနံပါတ်များနှင့် တိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ရုံးခန်းဖုန်းနံပါတ် များကို ဆက်သွယ်လာလျှင် အဖွဲ့အနေနှင့် လုပ်သင့် လုပ်ထိုက်တာများကို လိုက်နာ ဆောင်ရွက်ပေးမည်ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
"ယခုလောလောဆယ်တွင် ဦးပဉ္စင်းတို့ အဖွဲ့ကို အဲဒီအမှုကိစ္စ နှစ်မှု ရောက်နေတယ်" ဟု ၄င်းကဆိုသည်။

အမျိုးသမီးများ အကြမ်းဖက် အဓမ္မပြုကျင့်သည့် ကိစ္စရပ်များကို တရားရုံး များတွင် ဖြေရှင်းရာတွင် စီရင်ပိုင်ခွင့် ရှိသည့် မြို့နယ်တရားရုံးများသည် ခုနစ်နှစ်ထိသာ ချမှတ်ခွင့် ရှိသည့် အနေအထား ရှိသဖြင့် အဓမ္မပြုကျင့်ခံရသည့် ကိစ္စရပ် များအတွက် ပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာ ထောင်ဒဏ် တစ်သက်ထိ အပြစ်ဒဏ် ချမှတ်ခွင့် ရှိကြောင်း ပြဋ္ဌာန်း ထားသော်လည်း ကာယကံရှင် နစ်နာသူများက ခရိုင်တရားရုံးများတွင် စီရင်ရန် တောင်းဆိုလာသည့် အနေအထား ဖြစ်ပေါ်မှ သာလျှင် ခရိုင်တရားရုံးများကို လွှဲ၍ ကြားနာစစ်ဆေးမှုများ ရှိကြသည်ဟု မြို့ခံ ရှေ့နေများက ပြောကြားသည်။

"အဲဒီလို အဓမ္မပြုကျင့် ခံရမှု ကိစ္စတွေ အတွက် ခရိုင်တရားရုံးတွေမှာ ပြောင်းလဲ စစ်ဆေးနိုင်အောင် မြို့ခံလူမှု အဖွဲ့အစည်းတွေနဲ့ နစ်နာသူတွေ ကိုယ်တိုင် တောင်းဆိုသင့်တယ်" ဟု ဗဟို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥပဒေအကြံပေး ဦးအေးပိုင်က ဆိုသည်။

အမျိုးသမီး ကလေးသူငယ် အဓမ္မပြုကျင့်မှု ကိစ္စရပ်များကို ပြည်သူ့လွတ်တော်တွင် ပြုကျင့်သူကို သေဒဏ်ပေးရန် တောင်းဆို ခဲ့သော်လည်း သေဒဏ်ပေးခြင်း ကိစ္စသည် ကုလသမဂ္ဂ ပြဋ္ဌာန်းချက်များနှင့် မညီဟု ဆိုကာ ပယ်ချခဲ့သည့် အနေအထားရှိရာ မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က ဘာသာမရွေး အကြမ်းဖက်ခံရသည့် အမျိုးသမီး များကို ကူညီမည့်ကိစ္စကို အမျိုးသမီးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနှင့် ကြိုဆိုသည်ဟု ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မန္တလေးတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သံဃာအပါး ၃၀၀၀ ကျော် တက်သည့်အစည်းအဝေးမှ ဌာန ခုနစ်ခုဖြင့် သံဃာနှင့် သီလရှင်အပါအဝင် စုစုပေါင်း ၄၂၆ ဦးဖြင့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယခုလောလောဆယ်တွင် မစိုးရိမ် တိုက်ဟောင်းတွင် တိုင်းရုံး ဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ထံမှ စုံစမ်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုပေါင်း ၁၂၀၀၀ ကျော်တွင် မုဒိမ်းမှု ၇၅မှု ပါဝင်ကြောင်း ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

The Voice Weekly Myanmar