ပဲခူးတိုင်းဒေသကြီးတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် Carlsberg ဘီယာစက်ရုံအတွက် ဂျာမနီနိုင်ငံမှ မှာယူထားသည့် ပစ္စည်းများအား ဒုတိယအကြိမ်သယ်ယူ

ပို့စ်တင်ချိန် - 1/29/2014 10:19:00 AM

Carlsberg ဘီယာစက်ရုံအတွက် သယ်ဆောင်လာသည့် ပစ္စည်းများအား တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်း၌ တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)


ပဲခူးတိုင်းဒေသကြီးတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် Carlsberg ဘီယာစက်ရုံအတွက် ဂျာမနီနိုင်ငံမှ မှာယူထားသည့် လိုအပ်သည့်ပစ္စည်းများအား ဒုတိယအကြိမ်အဖြစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ သယ်ဆောင်လာကြောင်း Myanmar Carlsberg Company Limited မှ သိရသည်။

“လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သယ်ယူတာပါ။ ဂျာမနီနိုင်ငံက မှာယူထားတာဖြစ်ပါတယ်” ဟု Myanmar Carlsberg Company Limited မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးလူမင်းကဆိုသည်။

အဆိုပါပစ္စည်းများကို သီလဝါဆိပ်ကမ်းမှ သယ်ဆောင်လာခြင်းဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်မည့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ပစက်မှုစီမံကိန်း နယ်မြေအထိ သယ်ဆောင်မည်ဖြစ်ကြောင်း သိရပြီး ပထမအကြိမ်တွင် ကား ၁၁ စီးဖြင့် သယ်ယူခဲ့ရပြီး ယခုဒုတိယအကြိမ်တွင် ကားအစီးရေ ၁၇ စီးဖြင့် သယ်ယူမှုပြုလုပ်နေပြီး ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် မောင်းမကန်လမ်းတွင် ယာဉ်တန်းများကို ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

“စက်ရုံတည်ဆောက်ရေး လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဒုတိယအကြိမ်မြောက် သယ်ယူတာဖြစ်ပါတယ်။ မှာယူထားတဲ့ ပစ္စည်းတွေကို ပြည်ပကရောက်တာနဲ့ သီလဝါဆိပ်ကမ်းကနေ သယ်ယူမှာပါ။ စုစုပေါင်းအရေအတွက် ၁၇ ခေါက်လောက်အထိ သယ်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ပစ္စည်းသယ်ယူမှုကိုတော့ နေ့ခင်းဘက်ဆိုရင် အဆင်ပြေတဲ့နေရာမှာ ခဏရပ်နားပြီး ညဘက်ကားရှင်းတဲ့အချိန်မှာ တောက်လျှောက်သယ်ယူမှု ပြုလုပ်ပါတယ်” ဟု ပစ္စည်းသယ်ယူလာသည့် ယာဉ်တန်းတွင် လိုက်ပါလာသည့် ကိုအောင်ပြည့်ကဆိုသည်။

ဒိန်းမတ်နိုင်ငံအခြေစိုက် Carlsberg ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဘီယာစက်ရုံ တည်ဆောက်ထုတ်လုပ်ရောင်းချမည့် လုပ်ငန်းကို Carlsberg နှင့် နိုင်ငံသားကုမ္ပဏီဖြစ်သည့် MGS တို့မှ ဖက်စပ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းအတွက် မှတ်ပုံတင်မှုများကို ၂ဝ၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

eleven media group