နိုင်ငံသားမှတ်ပုံတင်ကတ်များ စမတ်ကတ် ပြောင်းလဲထုတ်ရန် ကွန်ပျူတာ ဆာဗာကွန်ရက်များ တည်ထောင်မည်

ပို့စ်တင်ချိန် - 1/29/2014 06:17:00 PM


မန္တလေး၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ် ပြောင်းလဲ ထုတ်ပေးနိုင်ရေး အတွက် ကွန်ပျူတာဆာဗာများ ယခုနှစ်တွင် အပြီး တပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ပျူတာစနစ်အတွက် ပညာရှင်များနှင့် ပရိုဂရမ် ရေးဆွဲနေကြောင်း၊ ပရိုဂရမ်ပိုင်းများ ရေးဆွဲပြီးပါက မြို့နယ်ရုံးများတွင် မှတ်တမ်းတင်ထားသော Database များဖြင့် ချိတ်ဆက်ထားမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲပါက အချက်အလက်များ ရရှိရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆာဗာမှတစ်ဆင့် စိစစ်ရေးကတ်ပြား လုပ်ရန်လိုအပ်နေသော မြို့ရွာများကို ဖော်ပြမည်ဖြစ်ပြီး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများ ကိုလည်း ဆက်သွယ် အကြောင်းကြားပေးသွား နိုင်ကြောင်း ၄င်းက ပြောကြားသည်။

"စမတ်ကတ်အဖြစ် ပြောင်းဖို့ဆိုရင် အချက်အလက်တွေ လိုအပ်တယ်။ အခုလုပ်မယ့် ကွန်ပျူတာဆာဗာ ကနေပြီး အချက်အလက်တွေကို ရုံးချုပ်က ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနက ဖြစ်စေ အလွယ်တကူ ကြည့်လို့ရအောင် တည်ဆောက်မှာပါ။ အခု လောလောဆယ်တော့ ကွန်ပျူတာပရိုဂရမ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လုပ်ကိုင် ဆောင်ရွက်နေပါတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ ကွန်ပျူတာဆာဗာကို စင်ကာပူ နိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် East Wind Solutions က နည်းပညာပိုင်း ကူညီပေးပြီး ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျ စရိတ်ကို အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

"အဘိုး၊ အဘွား နာမည်နဲ့ မှတ်ပုံတင်နံပါတ် မသိလို့ အခုထိ မှတ်ပုံတင် မရှိသေးဘူး" ဟု ပြည်ကြီးတံခွန် မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ဦးမြတ်မင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနသည် ကွန်ပျူတာဆာဗာ များကို မန္တလေးခရိုင်တွင် တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းခရိုင် တို့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ ထံမှ ထပ်မံ သိရှိရသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲရန်အတွက် နည်းပညာနှင့် ငွေကြေးအဓိက လိုအပ်နေ သေးသဖြင့် ထုတ်ပေးရန် မဖြစ်နိုင်သေးကြောင်း၊ နယ်မြို့များအထိ ကွန်ရက် ထားရှိရမည် ဖြစ်သဖြင့် ဘတ်ဂျက် လိုအပ်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly