တစ်နိုင်ငံလုံးအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်း လေးသန်းခန့် ရောင်းချပေးခဲ့ပြီး ရန်ကုန်တွင် ခုနစ်သိန်းခန့်ပါဝင်

ပို့စ်တင်ချိန် - 1/29/2014 08:00:00 PM


တစ်နိုင်ငံလုံးအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းမ်ကတ် လေးသန်းခန့် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်သိန်းခန့် ရောင်းချပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

၂၀၁၃ ဧပြီလမှ စတင်ကာ လောလောဆယ်အားဖြင့် လစဉ်တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းမ်ကတ် ၃၆၀၀၀၀ ခန့်အား ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ ခွဲဝေချထားပေးလျက်ရှိကြောင်း၊ သို့သော်လည်း လုံလောက်အောင် ခွဲဝေချထားပေးနိုင်ခြင်း မရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတခြင်းမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောကြားသည်။ အချို့သော ကျေးရွာများတွင် တာဝါတိုင်များ မရှိသော်လည်း တန်ဖိုးနည်း ဆင်းမ်ကတ်များ ရရှိပါက မိမိနေရာ ဒေသတွင် ဆက်သွယ်ပြောဆို၍ မရနိုင်သော်လည်း ဆက်သွယ်မှုရှိသည့် နေရာများသို့ ယူဆောင်အသုံးပြုနိုင်သဖြင့် မိုဘိုင်းဆင်းမ်ကတ်များ ကျေးရွာများအထိ ပျံ့နှံ့ရောက်ရှိ သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရရှိပြီးသုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရန် တန်ဖိုးနည်း ဆင်းမ်ကတ်များအား ဆက်လက်၍ ထပ်မံတိုးချဲ့ ခွဲဝေချထားပေးမည်ဟုလည်း ဆိုသည်။ တန်ဖိုးနည်းဖုန်းများ စတင် ချထားပေးခဲ့ချိန်မှစ၍ လက်ရှိအချိန်ထိ ခွဲဝေချထားပေးမှုတွင် လစဉ် ရန်ကုန်တိုင်းဒေသကြီးတွင် အရေအတွက်အများဆုံး ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် Swap and Expansion ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။ ဆင်းမ်ကတ်များအား ယခုထက် အရေအတွက်များများ ဖြန့်ဝေနိုင်အောင် လုပ်ဆောင်ပေးရန်နှင့် သို့မှသာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းကို ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီသို့ မေးမြန်းချက်အပေါ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးတာဝါတိုင်များကို မည်သည့်မြို့၊ မည်သည့်ရွာတို့တွင် ဦးစားပေးဆောင်ရွက်ရမည်ကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် CDMA 800 MHz စခန်းသုံးခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုလအတွက် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရန် စာရင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေကြီးအတွက် စုစုပေါင်း ၈၈၀၀၀ ပါဝင်သည်။ ချထားပေးမည့် အမျိုးအစားများမှာ CDMA 800MHz, GSM, WCDMA အမျိုးအစားများဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal