မြစ်ဆုံအရေးနှင့်ပတ်သက်၍ ကြီးမားသောဟောပြောပွဲတစ်ခု ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး မြစ်ဆုံအရေးကန့်ကွက်သူ မည်သူမဆို တက်ရောက်နိုင်

ပို့စ်တင်ချိန် - 1/29/2014 10:19:00 AM

ကချင်ပြည်နယ်အတွင်းရှိ မေခနှင့်မလိခမြစ်ဆုံရာ ဧရာဝတီမြစ်ဆုံဒေသ၀န်းကျင်အား ၂၀၁၃ နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြစ်ဆုံအရေးနှင့်ပတ်သက်၍ နယ်ပယ်စုံမှ ပညာရှင်များ ဟောပြောဆွေးနွေးမည်ဖြစ်ကာ ယခုနှစ်အတွင်း ကြီးမားသော ဟောပြောပွဲတစ်ခုအဖြစ် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးဆောင်ကာ ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်ဖျားဒေသမှာ တရုတ်အစိုးရကသော်လည်းကောင်း၊ တရုတ်ကုမ္ပဏီကသော်လည်းကောင်း မြစ်ဆုံပြန်စဖို့ ကြိုးစားနေတဲ့အတွက် အဲဒီဒေသရဲ့ ဘူမိဗေဒအခြေအနေ၊ ကျရောက်နိုင်တဲ့ ငလျင်ဘေးအန္တရာယ် အခြေအနေတို့ကို သက်ဆိုင်ရာပညာရှင် အသီးသီးက ဟောပြောကြမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ သဘာဝဘေးအန္တရာယ်များ” အကြောင်းကို သက်ဆိုင်ရာပညာရပ်၏ ရှုထောင့်အမြင်အသီးသီးမှ ဆွေးနွေးမည်ဖြစ်ရာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေး (ညွှန်ကြားရေးမှူးငြိမ်း၊ ဘဓရ)က “ဧရာဝတီမြစ်ညာပိုင်း၏ ဘူမိဗေဒနှင့် သယံဇာတများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ အထွေအထွေအတွင်းရေးမှူးနှင့် ဘူမိသိပ္ပံမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးသူရထွန်း၊ ဒေါက်တာမျိုးသန့်နှင့် ဦးတင့်လွင်ဆွေတို့မှ “ဧရာဝတီမြစ်ညာပိုင်း၏ ငလျင်နှင့် ငလျင်အင်ဂျင်နီယာရှုထောင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဦးမောင်မောင်အေးက “ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ညာပိုင်း၏ ပထ၀ီဝင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာထွန်းလွင်က “ဧရာဝတီနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံတွင် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် CPI ကုမ္ပဏီမှ ပြန်လည်ကြိုးစားလာမှုကြောင့် ဧရာဝတီမြစ်၏ လက်ရှိအခြေအနေနှင့် အလားအလာများ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ပါက ကြုံတွေ့လာနိုင်သည့် အခြေအနေများကို ပညာရှင်များက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ မြစ်ဆုံပဲဖြစ်ဖြစ် အခုတရုတ်ဘက်က ပြန်စချင်လို့ ကြိုးပမ်းနေတဲ့ စီမံကိန်းတွေသာ လုပ်ဖြစ်မယ်ဆိုရင် ဘာတွေကြုံလာနိုင်တယ်။ ဧရာဝတီမြစ် ကောသွားနိုင်တဲ့ အနေအထားတွေ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်က လူတွေကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကို သက်ဆိုင်ရာပညာရှင်တွေက သူတို့သိတာတတ်တာ မြင်တာကို ပြည်သူလူထုကို ချထားမှာ။ ဘယ်သူမဆို လာနားထောင်လို့ရတယ်။ ၀င်ဆွေးနွေးလို့ရတယ်လို့ သိရတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေသိရင် ပိုကောင်းတာပေါ့။ မြစ်ဆုံအရေး ဆွေးနွေးပွဲတွေလည်း မလုပ်ဖြစ်တာ ကြာပြီဆိုတော့ ခုလိုရှုထောင့်စုံက ဆွေးနွေးတင်ပြမှာကို မဖြစ်မနေ တက်ရောက်မှာပါ” ဟုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

eleven media group