အင်တာနက်ဘန်းဝစ်ရှ် 10 Gbps ထပ်မံတိုးချဲ့ အသုံးပြုနိုင်တော့မည်

ပို့စ်တင်ချိန် - 1/29/2014 06:30:00 PM



အင်တာနက် ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများကို တိုးချဲ့ဆောင်ရွက်ရာတွင် မကြာမီရက်ပိုင်းအတွင်း အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် (Backbone Bandwidth) 10 Gbps ထပ်မံချိတ်ဆက်ပြီး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

““ရှိပြီးသား ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းပေါ်မှာ Capacity ထပ်တိုးလိုက်တဲ့ သဘောပါ။ လိုအပ်တဲ့လုပ်ငန်းတွေ အကုန်လုံးကိုတော့ အချောသပ်ပြီးသွားပါပြီ။

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အခုတိုးလိုက်တဲ့ Capacity ကို အသုံးပြုနိုင်တော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ပြည်ပဆက်သွယ်ရေးစခန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်ဌေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများ ဆောင်ရွက်ရာ၌ အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် 16.86 Gbps ချိတ်ဆက်ထားပြီး လက်ရှိတွင် 10 Gbps ကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တိုးချဲ့ရန်အတွက် Internet Provider Transit အတွက် ဈေးပြိုင်စနစ်ဖြင့် အောင်မြင်ခဲ့သည့် မလေးရှားနိုင်ငံ အခြေ စိုက် Telekom Malaysia (TM) ကုမ္ပဏီထံမှ မြ၀တီနှင့် မဲဆောက်ကြား ချိတ်ဆက်ထားသည့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာကေဘယ်ဆက်ကြောင်းမှ ချိတ်ဆက်မည်ဖြစ်ရာ စုစုပေါင်းအင်တာနက်ကျောရိုး Bandwidth 26.86 အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အင်တာနက် ဘန်းဝစ်ရှ်ကို ပြည်ပဆက်ကြောင်းများမှ ချိတ်ဆက်ပြီး ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ SMW3 ရေအောက်ကေဘယ်ဆက်ကြောင်းမှ 6.24 Gbps ၊ မြ၀တီနှင့် ထိုင်း(မဲဆောက်)တို့ ကြား ကုန်းတွင်းနယ်စပ်ဖြတ်ကျော်
ဖိုက်ဘာဆက်ကြောင်းမှ 8.12 Gbps၊ မူဆယ်နှင့် တရုတ် (ရွှေလီ)တို့ကြား ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းမှ 2.5Gbps ပမာဏကို ချိတ်ဆက်ထားရာ လက်ရှိတွင် အင်တာနက်ကျောရှိ ဘန်းဝစ်ရှ် 16.86 Gbps ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်သည်။

““လိုင်းကတော့ အရင်ကထက်စာရင် အရမ်းကောင်းလာမယ်တော့ မထင်ဘူး။ အခုထက်တော့ နည်းနည်းတော့ ပိုကောင်းလာမှာပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးဖို့ အကုန်ပေးမယ်ဆိုရင်တော့ အရင်ကထက်တော့ အဆင်ပြေလာနိုင်ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ အရေးပေါ်အသုံးပြုဖို့ဆိုပြီး အပြည့်မပေးရင်တော့ အဆင်မပြေနိုင်ဘူး”” ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောသည်။

ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းအသစ်ကိုလည်း မလေးရှားနိုင်ငံနှင့် တိုးချဲ့ဆက်သွယ်နိုင်ရန် ဆွေးနွေးမှုများ
ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲမတိုင်မီကပင် အင်တာနက် Bandwidth တိုးချဲ့မှုများ ဆောင်ရွက်သော်လည်း လက်ရှိတိုင် မိုဘိုင်းအင်တာနက်လိုင်းများသာမက အခြားသော အင်တာနက်လိုင်းများဖြစ်သည့် Fiber ၊ WiMax နှင့် ADSL လိုင်းများလည်း လိုင်းကျဆင်းမှုများရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

7Day Daily