ရာဇာမင်း ယာဉ်မောင်းကို လိုင်စင်ပိတ်သိမ်း

ပို့စ်တင်ချိန် - 5/17/2014 04:52:00 AM


ရန်ကုန် -နေပြည်တော်လမ်းမှာ တိမ်းမှောက်ခဲ့တဲ့ ရာဇာမင်းယဉ်လိုင်းကို နေပြည်တော် - ရန်ကုန် ပြေးဆွဲ ခွင့် ပိတ်ပင်ခဲ့တာအပြင် ယာဉ်မောင်းကို ရာသက်ပန် လိုင်စင်လိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် အစိုးရရဲ့ အရေးယူ ပြစ်ဒဏ်ပေးမှုဟာ ကြီးမားလွန်းကြောင်း ရာဇာမင်း ယဉ်လိုင်းတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး အစိုးရက မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တဲ့အပေါ် မေးမြန်းရာမှာ ရာဇာမင်းယဉ်လိုင်း ကြီးကြပ်ရေးတာဝန်ခံ ဦးစိုးဝင်းအောင်က အခုလို ပြောပါတယ်။

"လိုင်းပိတ်လိုက်တော့ အဲဒီလိုင်းမှာ လက်ရှိထမင်းစားနေတဲ့ ဒါရိုက်ဘာတွေ စပယ်ယာတွေ သူတို့မိသားစုဝင်တွေ စားဝတ်နေရေးတွေ အားလုံးခက်ခဲကုန်ပြီ"

ရာဇာမင်း ဘတ်စ်ကားလိုင်းကို နေပြည်တော် ရန်ကုန် ပြေးဆွဲခွင့် ပိတ်ပင်လိုက်သလို အဲဒီ တိမ်းမှောက်ခဲ့တဲ့ ရာဇာမင်းဘတ်စ်ကားကို မောင်းနေသူဟာ မူလကတည်းက လိုင်စင် ၃ နှစ် ပိတ်ခံထားရသူဖြစ်ကြောင်း မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အမြန်လမ်း ရဲမှူးကြီး ဦးနေ၀င်းက ပြောခဲ့ပါတယ်။ အဲဒီယဉ်မောင်းကိုလည်း ရာသက်ပန် လိုင်စင်ပိတ်တဲ့အထိ အရေးယူသွားမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကြီး ဦးနေ၀င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၇ နာရီက  ရာဇာမင်းဘတ်စ်ကားဟာ နေပြည်တော်နားမှာ တိမ်းမှောက်ခဲ့ တာကြောင့် သေဆုံးသူ ၁၄ ယောက် နဲ့ ဒဏ်ရာရသူ ၂၉ ယောက်ရှိခဲ့ပါတယ်။

RFA Burmese