စနိုက်ပါဖြင့် ချောင်းပစ်ခံရ၍ ခလရ (၂၄၁) ယာယီ တပ်ရင်းမှူး ကျဆုံးဟု တပ်မတော်မှ အတည်ပြု

ပို့စ်တင်ချိန် - 6/07/2014 10:17:00 AM


စံခလပူရီ၊ မဇ္ဈိမ။           ။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲ မြို့နယ်ခွဲ တာမိုးညဲ - မော်ဟန် ကျေးရွာ ကြား၌ ဇွန်လ (၄) ရက်နေ့တွင် ကျဆုံးသွားသည့် တပ်မတော်အရာရှိ ဗိုလ်မှူး ကျော်ထင်အောင်သည် စနိုက်ပါသေနတ်ဖြင့် ပတ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းနှင့် တစ်ပတ်စဉ်ထဲဆင်း သူ တပ်မတော်အရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

တပ်မတော် ပြန်တမ်းဝင် အမှတ် ကြည်း - ၃၁၄၄၃ ဗိုလ်မှူး ကျော်ထင်အောင်သည် ၊ ဗိုလ်သင်တန်း အပတ်စဉ် (၄၁) မှ ဖြစ်ကာ လက်ရှိ၌ သန္နီမြို့အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် စကခ (၁၆) လက်အောက်ခံ ခလရ (၂၄၁) တွင် ယာယီ တပ်ရင်းမှူးအဖြစ် ကျဆုံးချိန် အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

“စနိုက်ပါနဲ့ အချောင်း ပစ်ခံရပြီး နေရာတင် ကျသွား တာပါ၊ သူ့အလောင်း ကိုတော့ ဒီနေ့ (ဇွန်လ ၆) ရက်နေ့မှာ ကွတ်ခိုင်မှာ သဂြိုလ်ဖို့ စီစဉ် ထားတယ်” ဟု အထက်ပါ တပ်မတော်အရာရှိက ပြောသည်။

ဗိုလ်မှူး ကျော်ထင်အောင် ကျဆုံးခဲ့သည့် အခင်းဖြစ်ပွားရာ တာမိုးညဲ မြို့နယ်ခွဲသည် TNLA, KIA တို့ ပူးတွဲစစ်ရေးလှုပ်ရှားနေသည့် နေရာဖြစ်ပြီး မည်သည့်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ခြင်းကိုမူ မသိရှိရသေးကြောင်း ၎င်းမှ ဆက်ပြောသည်။

ဟင်္သာနီ (မွန်မြေ)

 Mizzima - News in Burmese