ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားနှင့် ဆုံချင်ကြောင်း ဘရာဇီးလ်နည်းပြပြောကြား

ပို့စ်တင်ချိန် - 6/07/2014 11:52:00 AM


ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဒေသတွင်း အစဉ်အလာ ပြိုင်ဘက်ကြီး အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားလိုကြောင်း ဘရာဇီးလ် လက်ရွေးစင် အသင်းနည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ပြောကြားလိုက်သည်။

အသက်(၆၅)နှစ်ရှိ နည်းပြကြီးက ဘရာဇီးလ်မြေတွင် လက်ခံကျင်းပခွင့် ရရှိထားသော ကမ္ဘာ့ဖလား၌ တောင်အမေရိကနှစ်သင်း ဗိုလ်လုရသော အခြေအနေမျိုးကို တွေ့မြင်လိုကြောင်း ဆိုသည်။ အစဉ်အလာအရ အမေရိက ဒေသတွင် ပြုလုပ်သော ကမ္ဘာ့ဖလား ပြိုင်ပွဲများ၌ ဥရောပအသင်းများ ဗိုလ်စွဲနိုင်ခြင်း မရှိခဲ့ဖူးချေ။ စကိုလာရီက မိမိသည် ဘရာဇီးလ် အသင်းကို ဗိုလ်လုပွဲထိ တက်ရောက်နိုင်အောင် ဦးဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့ပြီး ဇူလိုင်လ (၁၃)ရက်နေ့၊ မာရာကာနာ ကွင်းကြီးတွင် အာဂျင်တီးနားကို ရင်ဆိုင်ကစားပြီး ဆုဖလား သိမ်းပိုက်လိုကြောင်း ဖွင့်ဟခဲ့သည်။

“အာဂျင်တီးနားနဲ့ ပတ်သက်ပြီး စိတ်ပူတာမျိုးတော့ မရှိပါဘူး။ ဘရာဇီးလ်နဲ့ အာဂျင်တီးနား ဆုံကြတဲ့ ဗိုလ်လုပွဲမျိုးတော့ ဖြစ်စေချင်တယ်။ တောင်အမေရိသီးသန့် ဗိုလ်လုပွဲ ဆိုပါတော့။ နှစ်သင်းလုံးမှာ ကစားသမားကောင်းတွေက နည်းစနစ်ပိုင်း အရမ်းထူးချွန်ကြတယ်လေ။ ဗိုလ်လုပွဲ မတိုင်ခင် ပြိုင်ပွဲကနေ အာဂျင်တီးနား ထွက်ခွာသွားရတာမျိုး ကျွန်တော် မဖြစ်စေချင်ဘူး။ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ ဘောလုံးစွမ်းရည် အမြင့်မားဆုံး ရနေပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ သူတို့ရှုံးသွားရင်လည်း ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။ ကျွန်တော် အဓိကထားရမှာ ဘရာဇီးလ်ပဲ။ ဘယ်အသင်းတွေကိုပဲ ဖြတ်ကျော်ရပါစေ၊ ဗိုလ်လုပွဲထိ ဘရာဇီးလ်ကို ကျွန်တော် အရောက်ဦးဆောင်သွားပါမယ်”ဟု စကိုလာရီက ပြောကြားခဲ့သည်။

စကိုလာရီက ဘရာဇီးလ် အသင်းတွင် တိုက်စစ်မှူး နေမာသည် အရေးအပါဆုံး ကစားသမား တစ်ဦးဟုလည်း ညွှန်းဆိုခဲ့သည်။ “သူ့ခြေစွမ်း အကောင်းဆုံး မရနေဘူး ဆိုရင်တောင် အားထုတ်မှု တစ်ကြိမ်လောက်ကတင် ကျွန်တော်တို့အတွက် ဧရာမ အကျိုးသက်ရောက်မှုကြီးတွေ ဖြစ်သွားစေတတ်ပါတယ်။ သူဟာ အကောင်းဆုံး ကစားသမားကောင်း တစ်ယောက် ဖြစ်နေရုံ မကဘူး။ အသင်းရဲ့ တကယ့်ကို လိုက်လျောညီထွေတဲ့ အစိတ်အပိုင်း တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ သူ့မှာ တစ်ဦးချင်း အင်မတန် ထက်မြက်တဲ့ ပါရမီကောင်းတွေ ရှိနေတယ်။ ဒါပေမဲ့ သူ့ရဲ့ အရည်အသွေးတွေကို ထုတ်သုံးဖို့ဆိုတာ အသင်းရဲ့ ပံ့ပိုးမှုလည်း လိုအပ်တယ်လေ”ဟု စကိုလာရီက မှတ်ချက်ပြုသွားသည်။
Ref: goal

soccer myanmar