Weekly Eleven တွင် ဖော်ပြခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှု အချက်အလက်များနှင့် ပတ်သက်၍ Weekly Eleven အား ပြန်ကြားရေး ၀န်ကြီးဌာနက တရားဥပဒေအရ ဆောင်ရွက်မည်ဟု သတင်းစာရှင်းလင်း

ပို့စ်တင်ချိန် - 6/07/2014 11:24:00 AM



Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှု အချက်အလက်များနှင့် ပတ်သက်ပြီး Weekly Eleven အား ပြန်ကြားရေး ၀န်ကြီးဌာနက တရားဥပဒေဘောင် အတွင်းမှ ဆောင်ရွက်မည်ဟု ဇွန် ၆ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇွန် ၂ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်၌ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်းဆောင်းပါးကို ဖော်ပြခဲ့သည်။ ထိုသတင်းဆောင်းပါးသည် မေ ၃၁ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် “အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့် စပ်လျဉ်းသော ညှိနှိုင်းဆွေးနွေးပွဲ” တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းသမားများ ပြောဆိုခဲ့ကြသည့် အကြောင်းအရာများကို အခြေခံ ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ၌ The Daily Eleven မှ အမှုဆောင်အယ်ဒီတာ ကိုနေထွန်းနိုင်က အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကို အတည်ပြုမည် ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ပြောကြားခဲ့ပြီး ၎င်း၏ ပြောကြားချက်များတွင် ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်မှု အချက်အလက်များကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုနေထွန်းနိုင်၏ ပြောကြားချက် အပြည့်အစုံမှာ “ကျွန်တော်တို့ သိထားတဲ့ အချက်အလက်တွေအရ အခုလောလောဆယ်မှာ နိုင်ငံပိုင်မီဒီယာ အနေနဲ့ ကြည့်မယ်ဆိုရင် ကြေးမုံက စောင်ရေရှစ်သောင်းရှိပါတယ်။ မြန်မာ့အလင်းက စောင်ရေ ငါးသောင်းရှိပါတယ်။ ဒီအတိုင်းအတာ ကာလမှာ ကျွန်တော်တို့သိရတဲ့ အချက်အလက်တွေအရ အခုဝန်ကြီးလည်း ရှိနေပါတယ်။ ပုံနှိပ်စက် သုံးလုံးကနေ ငါးလုံးအထိ (ပြန်ကြားရေးက) တင်ဒါခေါ်တယ်။ အောင်ထားတယ်။ အဲဒီ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ပြန်ကြည့်တဲ့အခါမှာ သတ်မှတ်ဈေးနှုန်းထက် ပိုနေတာတွေ တွေ့ပါတယ်။ ဥပမာအားဖြင့် စက်တစ်လုံးက အမေရိကန်ဒေါ်လာ ရှစ်သိန်းဝန်းကျင်ပဲ ရှိတဲ့စက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှာ တင်ဒါအောင်ထားတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော် ဖြစ်နေတာမျိုးတွေပေါ့။ တစ်ချို့စက်တွေဆိုရင် အမေရိကန်ဒေါ်လာ လေးငါးသိန်းလောက်နဲ့ ပြီးရမယ့်စက်က ဒေါ်လာသန်းကျော်ဖြစ်နေတဲ့ အခါကျတော့ အဲဒီကွာဟချက်မှာ ဘယ်လိုခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ ရှိနေသလဲ။ သံသယရှိပါတယ်။ ထိုင်းမှာဆိုရင် ထိုင်းရတ်သတင်းစာက တစ်နေရာထဲမှာပဲ ပုံနှိပ်ပါတယ်။ အချိန်ခွဲပြီး၊ မျက်နှာဖုံး ရှစ်မျိုးပြောင်းပြီး (နိုင်ငံအနှံ့) ဖြန့်ပါတယ်။ ဒါကိုဘာကြောင့် ပြောရသလဲဆိုတော့ ခုနပြောတဲ့ ပုံနှိပ်စက်ဆိုတာ အများပြည်သူ ၀န်ဆောင်မှု မီဒီယာအတွက် ပြင်ဆင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲသလို ပြင်တဲ့အခါမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ၊ မလိုလားအပ်တဲ့ အသုံးစရိတ်တွေ ပေါ်လာတယ်။ ဥပဒေအရ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သလို၊ ကောင်စီတွေ ရှုပ်ထွေးမှု ဖြစ်လာနိုင်သလို ငွေကြေးအားဖြင့်လည်း ထင်သာမြင်သာမရှိတဲ့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒီအချက်ကြောင့်မလို့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကို စဉ်းစားတဲ့အခါ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားပြုမှုကို တရားဝင်ခွင့်ပြုသလို ဖြစ်နေမလား။ သွယ်ဝိုက်အားဖြင့် ခွင့်ပြုနေသလားဆိုတဲ့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သောသတင်း၌ ပါရှိသည့် ပုံနှိပ်စက်ဝယ်ယူမှုနှင့် ပတ်သက်သော ဖော်ပြချက်များသည် ပြန်ကြားရေး ၀န်ကြီးဌာနအား စွပ်စွဲပုတ်ခတ်ထားသည့် အချက်များ ဖြစ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ညွှန်ကြားရေးမှူး (စီမံ) ဦးဝင်းဇော်ဌေးက ဇွန် ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“မိမိတို့ဌာနအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့လည်း ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြထားကြောင်းနှင့် စာနယ်ဇင်းကောင်စီ အနေဖြင့်လည်း တရားမျှတမှုကို ဖော်ဆောင်ပေးမည်ဟု မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနေဖြင့်လည်း Weekly Eleven ဂျာနယ်က လွဲမှားစွာ ရေးသာဖော်ပြ ဖြန့်ချိခဲ့မှုအပေါ် တရားဥပဒေ ဘောင်အတွင်းမှာ တရားမျှတမှုရအောင် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်” ဟု ဦးဝင်းဇော်ဋ္ဌေးက ဆိုသည်။

Weekly Eleven သတင်းဂျာနယ်၏ သတင်းဆောင်းပါး၌ ဖော်ပြခဲ့သော ၎င်း၏ပြောကြားချက်များသည် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သော စကားများဖြစ်ပြီး ထိုသို့ပြောကြားနေချိန်တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လည်း ရှိနေကာ ၎င်း၏ပြောကြားချက်များမှာ မှားယွင်းနေပြီး ပြန်ကြားရေးဝန်ကြီးဌာနကို စွပ်စွဲပုတ်ခတ် ပြောကြားခဲ့သည်ဟု ဦးအောင်ကြည်က ထောက်ပြပြောဆိုခြင်း မရှိခဲ့ကြောင်း ကိုနေထွန်းနိုင်က ဇွန် ၆ ရက်တွင် ပြောကြားသည်။

“ညှိနှိုင်းဆွေးနွေးပွဲကို တက်ခဲ့တဲ့သူတိုင်း သိပါတယ်။ ကျွန်တော် ဒီစကားတွေကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ရှေ့မှာပဲ ပြောခဲ့တာပါ။ ကျွန်တော် ပြောတာတွေ မှားနေတယ်၊ စွပ်စွဲပုတ်ခတ်မှုတွေ ဖြစ်တယ်လို့ ဦးအောင်ကြည်က လုံးဝမပြောခဲ့ပါဘူး။ အဲဒီညှိနှိုင်း ဆွေးနွေးပွဲမှာ ရှိနေတဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ကျွန်တော် ပြောပြီးတဲ့အချိန် ကျွန်တော်ရဲ့ ပြောကြားချက်အပေါ် ဘာပြောစရာရှိမလဲလို့ ဦးအောင်ကြည်ကို လှမ်းမေးပါတယ်။ ဒီအခါမှာလည်း ဦးအောင်ကြည်က ဘာမှပြောစရာ မရှိဘူးဆိုပြီး ငြိမ်နေခဲ့ပါတယ်။ တကယ်လို့ အဲဒီ အချိန်မှာသာ ကျွန်တော်တို့ သိထားတဲ့ အချက်အလက်တွေ၊ ကျွန်တော်ပြောတာတွေ မှားနေတယ်လို့ ဦးအောင်ကြည်က ပြောခဲ့မယ်၊ ငြင်းခဲ့မယ်ဆိုရင် ကျွန်တော် ပြောခဲ့တာတွေကို ဂျာနယ်မှာ ပြန်ဖော်ပြချင်မှ ဖော်ပြမှာပါ။ သူကဘာမှ ပြန်မပြောခဲ့တဲ့အတွက် သတင်းဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်” ဟု ကိုနေထွန်းနိုင်က ပြောကြားသည်။

ထို့အပြင် ယခုကိစ္စ၀န်ကြီးဌာန တစ်ခု၏ အစိတ်အပိုင်းတစ်ခုကိုသာ ပြောခြင်းဖြစ်ပြီး တိုင်းပြည်အတွက် နစ်နာနိုင်သော ဘတ်ဂျက်ငွေဖြုန်းတီးမှုများကို ပြောလိုခြင်းသာ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ရရှိတဲ့ အချက်အလက်တွေအရ ဒီလိုပုံနှိပ်စက်ကိစ္စမှာတင် ပြည်သူ့ဘဏ္ဍာငွေ နစ်နာတဲ့ကိစ္စတွေ ဖြစ်လာတယ်။ အခု သူတို့ဘက်က တရားဝင်ထုတ်ပြောလာတဲ့ ဈေးနှုန်းတွေကို ကြည့်တဲ့အခါမှာလည်း ပြည်သူ့ဘဏ္ဍာငွေ နစ်နာရတဲ့ ကွဲလွဲချက်တွေကို တွေ့ရတယ်။ စောင်ရေအများကြီးမရှိတဲ့ သတင်းစာတွေအတွက် ပုံနှိပ်စက်တွေ အများကြီး ၀ယ်ဖို့လိုသလား။ နောက်ပြီးပြန်ကြားရေး ၀န်ကြီးက သတင်းစာတွေကတစ်ဆင့် အကျိုးအမြတ်တွေရတယ်။ မြတ်တယ်လို့ ပြောတယ်။ လက်တွေ့မှာတော့ ပြန်ကြားရေး ၀န်ကြီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေလုံးငွေရင်း အသုံးစရိတ်အပါအ၀င် ငွေကျပ် ၈၂ ဘီလျံကျော် ဘတ်ဂျက်ရတယ်။ ငွေကျပ် ၂၉ ဘီလျံပဲ ၀င်ငွေပြန်ရှာနိုင်တယ်။ ၅၂ ဘီလျံ ရှုံးတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်အတွက် ငွေကျပ် ၃၆ ဘီလျံကို ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခဲ့တယ်။ ကိုယ့်ဘာသာ ရပ်တည်နိုင်စွမ်းမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေကို တောင်းခံနေရတယ်ဆိုတာ အရှုံးပေါ်နေလို့ပဲ။ ပြည်သူ့အခွန်ငွေတွေနဲ့ ဘာကြောင့် အရှုံးခံနေတော့မလဲ။ တိုင်းပြည်အတွက် အရမ်းနစ်နာတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ သတင်းစာရော၊ ရုပ်သံကိုပါ လက်ဝါးကြီးအုပ် ရပိုင်ခွင့်တွေယူတယ် ဆိုတာလည်း အလွဲသုံးစားမှု လုပ်နေတာပဲ။ ပြန်ကြားရေးဝန်ကြီး ပြောသလို မရှုံးဘူးဆိုရင် ပြည်သူ့ဘဏ္ဍာငွေကို တောင်းနေစရာ မလိုဘူး။ ကျွန်တော်တို့ ပြောနေတာက ပြန်ကြားရေး ၀န်ကြီးဌာန ရှိစရာမလိုတော့ဘူး။ ဖျက်ပစ်ရမှာ။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာန မရှိဘူး။ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကို အရှုံးခံလည်ပတ် နေတာလည်း မရှိသင့်တော့ဘူး” ဟု ကိုနေထွန်းနိုင်က ပြောကြားသည်။

ဇွန် ၆ ရက် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး (စီမံ) ဦးဝင်းဇော်ဌေးက ပုံနှိပ်စက်များ ၀ယ်ယူခဲ့သည့် အကြောင်းနှင့် တင်ဒါအောင်ခဲ့သည့် ဈေးနှုန်းများကို ထုတ်ဖော် ပြောကြားခဲ့သည်။

“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံထုတ် 4 Hi Tower 2 Unit ရောင်စုံပုံနှိပ်စက်အား အမေရိကန်ဒေါ်လာ ၃၉၅၅၀၀ တန်ဖိုးဖြင့် နှစ်လုံး၊ အမေရိကန်ဒေါ်လာ ၄၁၈၃၆၇ ဖြင့် တစ်လုံးတို့ကို တော်ဝင်မြင့်မိုရ် ကုမ္ပဏီမှ လည်းကောင်း၊ ယခုနှစ်ဘဏ္ဍာရေးနှစ်ဖြစ်တဲ့၂၀၁၄-၂၀၁၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံလုပ် 4 Hi Tower 4 Unit ရောင်စုံပုံနှိပ်စက် တစ်လုံးအား အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ဖြင့် The Printer House ကုမ္ပဏီမှလည်ကောင်း တင်ဒါအောင်မြင် ၀ယ်ယူခဲ့ပါတယ်။ ဒီလို ၀ယ်ယူခဲ့မှုကိုလည်း တင်ဒါစည်းမျဉ်း လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့အညီ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်တွင်းပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ စနစ်တကျဖြင့် ဈေးဆစ်ပြီး အောင်မြင်သော ကုမ္ပဏီကို တထိုင်တည်း ကြေညာဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဦးဝင်းဇော်ဌေးက ဆိုသည်။

ဦးဝင်းဇော်ဌေးက ယင်းကဲ့သို့ ပြောကြားခဲ့သော်လည်း ၎င်း၏ပြောကြားချက်တွင် ပါဝင်သော ဈေးနှုန်းများနှင့် ပတ်သက်၍ “တရားဥပဒေဘောင်ထဲက လုပ်မယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီနေ့ ရှင်းလင်းသွားတဲ့ အထဲမှာ ပြန်ကြားရေးက 4 Hi Tower 2 Unit ကို ဒေါ်လာ ၃၉၅၅၀၀ နဲ့ ၂ လုံး၊ ဒေါ်လာ ၄၁၈၃၆၇ နဲ့ ၁ လုံး၊ 4 Hi Tower 4 Unit ကို ဒေါ်လာ ၇ သိန်းနဲ့ ၁ လုံး ၀ယ်တယ်လို့ ရှင်းတယ်။ စက် ၄ လုံးကို ဒေါ်လာ ၁ သန်း ၉ သိန်း လောက်ကျတယ်။ ကျွန်တော်တို့ ၀ယ်ထားတဲ့ 4 Hi Tower 4 Unit သုံးလုံးနဲ့ Mono တစ်လုံးရဲ့ စုစုပေါင်း တန်ဖိုးက Semi Auto က ဒေါ်လာ ၄ သိန်း၊ Auto က ဒေါ်လာ ၅ သိန်းနဲ့ ၆ သိန်းကြားပဲရှိတယ်။ သူတို့ စက် ၄ လုံးက ကျွန်တော်တို့ အမျိုးအစားဆိုရင် ဒေါ်လာ ၅ သိန်းအောက်ပဲ ကျမယ်။ အခုပြန်ကြားရေးက ၀ယ်ယူမှုတွေမှာ ပြည်သူ့ဘဏ္ဍာ ဒေါ်လာ ၁ သန်းခွဲလောက် နစ်နာနေတယ်။ ကျွန်တော်တို့ဝယ်တဲ့စက်နဲ့ Printing Quality ကလည်း မကွာပါဘူး။ ပြန်ကြားရေးက ၀ယ်တဲ့စက်တွေရဲ့ တန်ဖိုးအမှန် FOB India ကို India custom မှာ ပြန်ရှာလို့ရပါတယ်။ ပြန်ကြားရေးဝန်ကြီး အနေနဲ့ ဒီကိစ္စမှာပတ်သက်မှု မရှိဘူးဆိုရင် ဌာနတွင်းမှာရော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို တိုင်ကြားပြီး သေသေချာချာ စုံစမ်းစစ်ဆေးပါ။ ပြီးမှကျွန်တော်တို့ကို တရားစွဲပါ” ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

4 Hi Tower 4 Uni သုံးလုံး Mono တစ်လုံးပါ ဒေါ်လာ ပျမ်းမျှ ငါးသိန်းဝန်းကျင် တန်ဖိုးရှိ Eleven Media Group ၏ Web-Offset (ပုံ-၁)

တစ်လုံးတည်းအား ဒေါ်လာ ၇ သိန်း ဖြင့် ပြန်ကြားရေးက ၀ယ်ယူသည်ဟုဆိုသည့် 4 Hi Tower 4 Unit တစ်လုံးကို တွေ့ရစဉ် (ပုံ-၂)

Eleven Media Group